Choose Fonts Here

Tuesday, March 22, 2016

မဂ္ဂင်(၈)ပါးကျင့်စဉ်တရား ရှုကွက် အဆင့်ဆင့်

အပြည်ပြည်ဆိုင်ရာ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ၌ ဝိသုဒ္ဓမဂ်အား အခြေခံ၍ ကျင့်ကြံပွားများအားထုတ်လျက်ရှိသော ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း မဂ္ဂင်(၈)ပါးကျင့်စဉ်တရား ရှုကွက် အဆင့်ဆင့်ပါ။

စေတီ၏အောက်ခြေမှစတင်၍ကြည့်မယ်ဆို..
(၁) သီလဝိသုဒ္ဓိ
     ________
ရဟန်းတော်များအနေနှင့် ပါတိမောက္ခသံဝရသီလဟုခေါ်ဆိုသော (၂၂၇)သွယ်သော သိက္ခာပုဒ်တို့အားစောင့်ထိမ်းရပါမည်။
ပါရာဇိက လေးပါးမှလွဲ၍ ရဟန်းတော်တို့ အနေနှင့် ဝတ်ဆောက်တည်၍ ကုစားရမည့် သံဃာဒိသေသ် အာပတ်၊ အာပတ်သင့်ထားသော ဝတ္ထုပစ္စည်းတို့အား စွန့်ပြီးမှဒေသနာပြောကြားရမည့် စွန့်ခြင်းဝိနည်းကံရှိသော နိဿဂ္ဂိယပါစိတ်၊ အခြားဒေသနာပြောကြား၍ ကုစားရမည့် သုဒ္ဓပါစိတ်ကဲ့သို့သော အာပတ်တို့အား ဦးစွာစင်ကြယ်စေရပါမည်။

ထေရဝါဒသီလရှင်တို့အတွက် ဆယ်ပါးသီလ(ဇာတရူပ ရာဇတ အရ ဝတ္ထုရွှေ ငွေ ငွေစက္ကူ လုံးဝ မကိုင်တွယ်မသုံးသပ်ရပါ။)၊
လူပုဂ္ဂိုလ်တို့အတွက် ငါးပါး၊ရှစ်ပါး၊ကိုးပါး၊ဆယ်ပါးသီလ ။ ဣနြ္ဒိယသံဝရသီလ၊အာဇီဝပါရိသုဒ္ဓိသီလ၊ပစ္စယသန္နိဿိတသီလ တို့အား တတ်နိုင်သရွေ့လုံခြုံအောင်စောင့်စည်းရပါမည်။

(၂) စိတ္တဝိသုဒ္ဓိ
     ________
နိဝရဏအညစ်အကြေးတို့ ကင်းစင်ခြင်းငှာ စိတ်ကိုစင်ကြာ်ကြောင်း ဥပစာရသမာဓိနှင့် အပ္ပနာသမာဓိ ဟူသော သမာပတ်(၈)ပါးအား ပွားများခြင်း။

ဖားအောက်တောရတွင် အာနာပါနကမ္မဋ္ဌာန်းကို စတင်သင်ကြားပေးပါတယ်။အာနာပါနအားအောင်မြင်သော ယောဂီအနေနှင့် အပ္ပနာသမာဓိဟုခေါ်ဆိုသော ပထမဈာန်၊ဒုတိယဈာန်၊တတိယဈာန်၊စတုတ္ထဈာန်(စတုက္ကနည်းဖြင့်) ရှုပွားရပါမည်။အကယ်၍ အာနာပါကမ္မဋ္ဌာန်း၌ အားနည်း၍ မအောင်မြင်ခဲ့သော် ဥပစာရသမာဓိဟုခေါ်သော ဓာတ်ကမ္မဋ္ဌာန်းကို သင်ကြားရှုပွားနိုင်ပါတယ်။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၁)]

အာနာပါန စတုတ္ထဈာန် သမာဓိရှုပြီးသော ယောဂီအနေနှင့် စတုတ္ထဈာန်၏ လင်းရောင်ခြည်စွမ်းရည် အကူအညီဖြင့်  ဆံပင်၊မွှေးညင်း စသော (၃၂)ကောဋ္ဌာသ အဇ္ဈတ္တနှင့် ဗဟိဒ္ဓကို ရှုပွားရပေမည်။

၃၂ကောဋ္ဌာသကိုအောင်မြင်ပါက၊ ထိုမှ မိမိ၏ အရိုးစုကိုဖြစ်စေ ကောဋ္ဌာသတစ်ခုခုကိုဖြစ်စေ ပဋိကူလ ရွံ့ရှာစက်ဆုပ်ဖွယ်ဟု ရှုပွားပါက ပထမဈာန် သို့ရရှိအောင် ပွားများရပါမယ်။ဗဟိဒ္ဓကို ပဋိကူလ ရွံ့ရှာစက်ဆုပ်ဖွယ်ဟု ပွားက ဥပစာရသမာဓိသာရပါမည်။

ထိုနောက် ဗဟိဒ္ဓအရိုးကို အာရုံယူကာ အဖြူရောင်ကသိုဏ်း(ပ,ဒု,တ,စ ဈာန်) ကိုလည်းကောင်း၊ဆံပင် စသည်ကို အာရုံယူ၍ အညိုကသိုဏ်း ဤသို့ဖြင့် ကသိုဏ်း(၁ဝ)ပါး၊အာကာသကသိုဏ်းမှကြွင်း၍ ကျန်ကသိုဏ်ကိုးပါးအား အခြေခံကာ အာကာသာနဉ္စာယတနဈာန်၊ဝိညာဏဉ္စာယတနဈာန်၊အာကိဉ္စညာယတနဈာန်၊နေဝသညာနာသညာယတနဈာန် ဟူသော အရူပဈာန် သမာပတ်(၈)ပါးကို ပွားများရပေမည်။

စတုရာရက္ခ(ခေါ်)အစောင့်လေးပါး ကမ္မဋ္ဌာန်း မှ မေတ္တာကမ္မဋ္ဌာန်း၊ ကရုဏာကမ္မဋ္ဌာန်း၊ မုဒိတာကမ္မဋ္ဌာန်းတို့အား (ပ,ဒု,တ ဈာန်)ထိ၊ ဥပေက္ခာဈာန်(စ ဈာန်) တို့ကိုလည်းကောင်း၊ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း (ဥပစာရဈာန်)၊ အသုဘ ကမ္မဋ္ဌာန်း (ပထမဈာန်)၊မရဏာနုဿတိ ကမ္မဋ္ဌာန်း (ဥပစာရဈာန်) တို့ကိုပွားများရပေမည်။ဤတွင် သမထပိုင်းပြီး၏။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၂)]

ဉာတပရိညာခန်း
************
အကြောင်းတရားနှင့်တကွသော နာမ်ရုပ်ကို ရှေးရှုမျက်မှောက်ပစ္စက္ခဉာဏ်ဖြင့် ပရမတ်ဆိုက်အောင် ထွင်းဖောက်သိမြင်တတ်သော နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် မည်၏။

၃။ ဒိဋ္ဌိဝိသုဒ္ဓိ (ရုပ်,နာမ် ပရမတ်၌ ဉာဏ်အမြင်စင်ကြယ်ခြင်း)
_________
(၁) နာမရူပပရိစ္ဆေဒဉာဏ်
ရူပပရိဂ္ဂဟဉာဏ်(ခေါ်)ရုပ်တရားကို သိမ်းဆည်းခြင်းတွင် စတုဓာတုဝဝတ္ထာန် အမည်ရသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်
သဘာဝလက္ခဏာကို ဉာဏ်ဖြင့် ပိုင်းခြားယူကြောင်းဖြစ်သော ဓာတ်ကမ္မဋ္ဌာန်းအား  အကျဉ်းရှုပွားနည်းနှင့် ရှုပွားရပေမည်။
ထိုမှ  (၆)ဒွါရရှိ  ကြည်သောရုပ်ကလာပ်၊မကြည်သောရုပ်ကလာပ်များကို အမှီပြု၍ တည်နေသော ပထဝီ၊အာပေါ၊တေဇော၊ဝါယော စသော ပရမတ်တရားတို့မှ ရုပ်အစစ်၊ရုပ်အတုများအား သိမ်းဆည်းရှုပွားရပေမည်။ဓာတ်ကမ္မဋ္ဌာန်းအား  အကျယ်ရှုပွားနည်းဖြစ်သော (၄၂)ကောဋ္ဌာသကိုရှုပွားရမည်။ဤတွင် ရုပ်ကမ္မဋ္ဌာန်းပြီး၏။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၃)]

နာမ်တရားတို့အားသိမ်းဆည်းခြင်းတွင် သမထယာနိကပုဂ္ဂိုလ်ဖြစ်မူ ဈာန်နာမ်တရားတို့အားစတင်၍ သိမ်းဆည်းရှုပွားရမည်။
ထိုနောက်(၆)ဒွါရကိုမှီ၍ ဖြစ်ကြသော ကုသိုလ်၊အကုသိုလ်စသော ဝီထိစိတ်(၆)မျိုးတို့၏ စိတ္တလက္ခဏာအသီးသီး၌ စိတ် - 
စေတသိက်များကို သိမ်းဆည်းရပေမည်။ရုပ် နာမ်တို့အားပူးတွဲ၍လည်း သိမ်းဆည်းရမည်။ ဤတွင် နာမ်ကမ္မဋ္ဌာန်းပြီး၏။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၄)]

၎။ ကင်္ခါဝိကရဏဝိသုဒ္ဓိ
__________________
(၂) ပစ္စယပရိဂ္ဂဟဉာဏ်
ကံ ၊ ကံ၏အကျိုးတရား၌ ယုံမှားမှုကို ကျော်လွှားလွန်မြောက်သည့် ဉာဏ်အမြင်စင်ကြယ်ခြင်းတွင် အတိတ်ဘဝဖြစ်လေပြီးသော အကြောင်းတရားအကျိုးတရားတို့နှင့် အကယ်၍ အနာဂတ်ဘဝ ရှိလိမ့်ဦးမည်ဆိုပါက အနာဂတ်ဘဝ၏ အကြောင်းတရားအကျိုးတရားတို့အား ခန္ဓာငါးပါးဖြင့် လက်တွေ့သိမ်းဆည်းရမည့် ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်းကိုလည်းကောင်း၊ ကိလေသဝဋ် , ကမ္မဝဋ် , ဝိပါကဝဋ် လည်ပတ်ပုံဖြစ်သော ပဋိစ္စသမုပ္ပါဒ် ပထမနည်းကိုလည်းကောင်း သိမ်းဆည်းရှုပွားရပေမည်။ဤတွင် 
ပဋိစ္စသမုပ္ပါဒ်ပိုင်းပြီး၏။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၅)-ပဉ္စမနည်း]
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၆)-ပထမနည်း]

လက္ခဏာဒိစတုက္ကပိုင်း
--------------------------
ရှေးကရှုထားခဲ့ပြီးသော ရုပ်၊နာမ်၊ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ်တို့၏ ရုပ်ဓမ္မ နာမ်ဓ​မ္မတစ်ခုစီတို့အား လက္ခဏ၊ရသ၊ပစ္စုပဋ္ဌာန်၊ပဒဋ္ဌာန် ဟူ၍လေးမျိုးထပ်မံ၍ ပိုင်းခြားကာရှုပွားရပေမည်။ ဤတွင် လက္ခဏာဒိစတုက္ကပိုင်း ပြီး၏။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၈)]

တီရဏပရိညာခန်း
*************
သမ္မသနဉာဏ် ဥဒယဗ္ဗယဉာနှစ်ပါးသည် တီရဏပရိညာ မည်၏။

၅။ မဂ္ဂါမဂ္ဂဉာဏဒဿနသုဒ္ဓိ
___________________
မဂ်ဉာဏ် ဟုတ်သည် မဟုတ်သည်၌ ဉာဏ်အမြင်စင်ကြယ်လာခြင်း။
(၁) နာမရူပပရိစ္ဆေဒဉာဏ်နှင့် (၂) ပစ္စယပရိဂ္ဂဟဉာဏ်နှစ်ခုကား ကျေပွန်နိုင်နင်းအောင် ပွားထားသော ယောဂီသူတော်ကောင်းအနေနှင့် သမ္မသနဉာဏ်၊ ဥဒယဗ္ဗယဉာနှစ်ပါးကို သိမ်းဆည်းရှုပွားရမည်။

(၃) တရုဏဝိပဿနာ(ခေါ်)သမ္မသနဉာဏ် 
သမ္မသနဉာဏ်အပိုင်းတွင် ရုပ်နာမ် ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ် စသည်တို့အား လက္ခဏာရေးသုံးတန်တင်၍ သိမ်းဆည်းရှုပွားရမည်။ဤအပိုင်းတွင် တော(၄ဝ)ရှုကွက်၊ ရူပသတ္တက နှင့် အရူပသတ္တကရှုကွက် စသော ဝိပဿနာရှုကွက်တို့အား သိမ်းဆည်းရှူပွားရပေမည်။

(၄) ဥဒယဗ္ဗယဉာဏ်
ဥဒယဗ္ဗယဉာဏ်ပိုင်းကိုရှုပွားရန် ယောဂီသူတော်ကောင်းအနေဖြင့် သမ္မသနဉာဏ်ပိုင်းကို ကျေပွန်နိုင်နင်းမှသာတက်ရောက်နိုင်ပေမည်။အထက်ဉာဏ်စဉ်များလည်း ထိုသို့မှတ်ပါ။

ပဟာနပရိညာခန်း
************
ဘင်္ဂါနုပဿနာဉာဏ်မှစ၍ အရိယမဂ်ဉာဏ်သို့တိုင်အောင်သောဘုံသည် ထိုပဟာနပရိညာ၏ ဖြစ်ရာတည်ရာဘုံမည်၏။ဤ၌ အရိယာမဂ်ဉာဏ်သည် ကိလေသာကို အကြွင်းအကျန်မရှိ ကုန်စင်အောင် အမြစ်ပြတ် ပယ်သတ်နိုင်ခြင်းကြောင့် မုချအားဖြင့် ပဟာနပရိညာဟူသော အမည်ကိုရရှိပေသည်။ဝိပဿနာဉာဏ်သည်ကား ကိလေသာကို တဒင်္ဂအားဖြင့် ပယ်စွန့်နိုင်ခြင်းတည်း ဟူသော အကြောင်းပရိယာယ်၊တစ်မျိုးအားဖြင့် ပဟာနပရိညာဟူသော အမည်ကိုရရှိပေသည်။

၆။ ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ
_____________________
(၄)ဥဒယဗ္ဗယဉာဏ်အရင့်ပိုင်း၊(၅) ဘင်္ဂဉာဏ်ပိုင်း၊ (၆) ဘယဉာဏ်ပိုင်း၊(၇) အာဒီနဝဉာဏ်ပိုင်း၊(၈) နိဗ္ဗိဒါဉာဏ်ပိုင်း၊ (၉) 
မုဉ္စိတုကမျတာဉာဏ်ပိုင်း၊ (၁ဝ) ပဋိသင်္ခါဉာဏ်ပိုင်း၊ (၁၁) သင်္ခါရုပေက္ခာဉာဏ်ပိုင်း၊ (၁၂) အနုလောမဉာဏ်ပိုင်း တို့သည် ကျင့်စဉ် ဉာဏ်အမြင်စင်ကြယ်ခြင်း မည်သော ပဋိပဒါဉာဏဒဿနဝိသုဒ္ဓိ ဖြစ်ပေသည်။

၇။ ဉာဏဒဿနဝိသုဒ္ဓိ
_________________
(၁၃) ဂေါတြဘုဉာဏ်၊ (၁၄) မဂ်ဉာဏ်၊ (၁၅) ဖိုလ်ဉာဏ်၊ (၁၆) ပစ္စဝေက္ခယဉာဏ် တို့သည် နိဗ္ဗာန်၌  
ဉာဏ်အမြင်စင်ကြယ်ခြင်း ဉာဏဒဿနဝိသုဒိ မည်ပေသည်။
[နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) အတွဲ(၉)]


 PDF နိဗ္ဗာန်ရောက်ကြောင်းကျင့်စဉ် (အကျဉ်းချုပ်) စာအုပ်များကို Pdf Books များတွင် ရှာယူဆွဲနိုင်ပါသည်။)

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

No comments:

Post a Comment