Choose Fonts Here

Sunday, March 17, 2019


တန်ခိုးပေါ်ထင် ကုသိုလ်ရှင်
•••••••••••••••••••••••
ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာသည့် ကုသိုလ်တရားဖြင့် မိမိတို့ရဲ့ စိတ်ဓာတ်ကို ထုံမွှမ်းထားတဲ့ ကုသိုလ်ရှင်တွေမှာ တန်ခိုးပေါ်ထင်တယ်။

လူ့ဘဝတွင် ညှိုးနွမ်းမှု မရှိဘဲ စည်းစိမ်ဥစ္စာတို့ဖြင့် ဖြိုးဝေကြွယ်ဝပြီးသာ နေရမှာဖြစ်တယ်။ ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာတဲ့ ဒီကျင့်စဉ်တွေဟာ ဘုရားအစရှိတဲ့ ပညာရှိအပေါင်း သူတော်ကောင်း သူမြတ်လောင်းတို့ နှစ်ထောင်းအားရစွာ ဝမ်းမြောက်ဝမ်းသာ လိုက်နာပြုကျင့်တဲ့ ကျင့်ရိုးလမ်းမှန် ဖြစ်တယ်။ နောင်အနာဂတ်ဝယ် လောကီချမ်းသာ လောကုတ္တရာချမ်းသာဆိုတဲ့ ချမ်းသာအဝဝတွေကို ရရှိဖို့ရန် လမ်းရိုးလမ်းမှန်ကြီး ဖြစ်တယ်။

ကာယကံ စင်ကြယ်မှု ရှိအောင်, ဝစီကံ စင်ကြယ်မှု ရှိအောင်, မနောကံစင်ကြယ်မှု ရှိအောင် ဖြည့်ကျင့်ပါ။ ဥပုသ်-သီတင်း ကျင့်သုံးပါ။ သာသနာ့ ဗြဟ္မစရိယ မဂ္ဂဗြဟ္မစရိယခေါ်တဲ့ မွန်မြတ်သော သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို မဂ်ဆိုက် ဖိုလ်ဆိုက်သည့်တိုင်အောင် ဖြည့်ကျင့်ပါ။ နေ့တစ်ဝက်မျှ စောင့်သုံးအပ်တဲ့ ဥပုသ်သီလကသော်လည်း မင်းဖြစ်အောင် ပို့ဆောင်ပေးနိုင်တဲ့သဘော ရှိတယ်။

ဒါကြောင့် ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာတဲ့ ကုသိုလ်ဆယ်ခု မြတ်ကောင်းမှုတွေကို အောင်အောင်မြင်မြင် ပြည့်ပြည့်စုံစုံ ပြုစုပျိုးထောင်ထား ပြီးတဲ့ လူသားတစ်ဦးသာ ဖြစ်ပါစေ။ သမ္မာဒိဋ္ဌိဉာဏ်အမြင် ငါးမျိုးနှင့်သာ ပြည့်စုံပါစေ - ဒီလူသားတစ်ဦးအတွက် လူ့ပြည်-နတ်ပြည်လူ့ချမ်းသာ-နတ်ချမ်းသာဆိုတဲ့ သံသရာချမ်းသာတွေဟာ ရရှိဖို့ရန် မခက်ခဲ တော့ပြီ၊ ကျိန်းသေ ရရှိနိုင်ပြီဖြစ်တယ်။ စတုသစ္စသမ္မာဒိဋ္ဌိဆိုတဲ့ မှန်ကန်တဲ့ အသိအမြင် ရရှိထားပြီးတဲ့ ဒီသူတော်ကောင်းအဖို့ သံသရာခရီးမှာ အယူဝါဒရဲ့ဖောက်ပြန် ပြောင်းလဲသွားခြင်းဆိုတဲ့ ဒီသဘောတရားဟာ ဘယ်တော့မှ မရှိနိုင်တော့ဘူး။ ဒီလူမျိုးကို " မသေသူ "လို့ခေါ်ပါတယ်။

ဒါန-သီလ-သမထ-ဝိပဿနာ အစဖြာတဲ့ ကုသိုလ်တရားတွေကို ပြုစုပျိုးထောင်ဖို့ရန် မကြိုးစားဘဲ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေထိုင်ကာ ဒီကုသိုလ်တွေကို ပြုစုပျိုးထောင်ဖို့ လုံ့လဝီရိယကို လွှတ်ချထားတဲ့ ပုဂ္ဂိုလ်တွေကို "လူသေ"တွေလို့ ခေါ်ဆိုပါတယ်။ ဘာကြောင့်လဲ?၊ ဒါန-သီလ-သမထ- ဝိပဿနာ အစဖြာတဲ့ ကုသိုလ်တရားတွေကို အောင်အောင်မြင်မြင် အပြင်းအထန် ကြိုးစားအားထုတ်ပါမှ အထက်မှာ ပြောပြခဲ့တဲ့ သမ္မာဒိဋ္ဌိဉာဏ်အမြင်အမျိုးမျိုးတွေကို ရရှိမှာ ဖြစ်တယ်။

ဒီ သမ္မာဒိဋ္ဌိ ဉာဏ်အမြင်တွေက အထူးသဖြင့် ဝိပဿနာသမ္မာဒိဋ္ဌိ၊ မဂ္ဂသမ္မာဒိဋ္ဌိ၊ ဖလသမ္မာဒိဋ္ဌိဆိုတဲ့ ဒီသမ္မာဒိဋ္ဌိဉာဏ်တွေက မသေရာ အမြိုက်နိဗ္ဗာန်ကို ရောက်အောင် ပို့ဆောင်ပေးမှာ ဖြစ်တယ်။ ဒီသမ္မာဒိဋ္ဌိ ဉာဏ်အမြင်တွေကို မရရှိတဲ့ ပုဂ္ဂိုလ်တွေ, ရရှိအောင် ကြိုးစားအားထုတ်မှု မရှိတဲ့ ပုဂ္ဂိုလ်တွေဟာ မသေရာ အမြိုက်နိဗ္ဗာန်ကို ဘယ်လိုမှ မရရှိနိုင်ဘူး။

မသေရာ အမြိုက်နိဗ္ဗာန်သို့ မရောက်ရှိတဲ့ ပုဂ္ဂိုလ်တွေဟာ တစ်ဘဝပြီး တစ်ဘဝ သေနေကြရမှာချည်း ဖြစ်တယ်၊ သေလို့ မဆုံးနိုင်တော့ဘူး။ ဒီ ပုဂ္ဂိုလ်တွေအတွက် အပါယ်လေးဘုံဆိုတဲ့ တံခါးကြီးက အမြဲတမ်း ပွင့်နေတယ်။ အပါယ်လေးဘုံသို့ ရောက်ရှိသွားတဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက် အိုနာ သေရေး ဒုက္ခဘေးမှ လွတ်မြောက်ဖို့ဆိုတဲ့ အခွင့်အလမ်းသည် အလွန်အလှမ်းဝေးလျက် ရှိနေတယ်။ ဘာကြောင့်လဲ?။

အို-နာ-သေရေး ဒုက္ခဘေးမှ လွတ်ရာလွတ်ကြောင်းဖြစ်တဲ့ သမထ-ဝိပဿနာကဲ့သို့သော တရားကောင်းတွေကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ဖို့ဆိုတဲ့ အခွင့်အရေးက အပါယ်လေးဘုံမှာ မရရှိနိုင် ဖြစ်နေခြင်းကြောင့် ဖြစ်ပါတယ်။

"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

ဖေဏပိဏ္ဍူပမသုတ္တန်
••••••••••••••••••••
ရုပ်ကို ရေမြှုပ်စိုင်နှင့် တူ၏ ဟူ၍ လည်းကောင်း၊ ဝေဒနာကို ရေပွက် နှင့် တူ၏ ဟူ၍ လည်းကောင်း၊ သညာကို တံလျှပ် နှင့် တူ၏ ဟူ၍ လည်းကောင်း၊ သင်္ခါရ တို့ကို ငှက်ပျောတုံး နှင့် တူ၏ ဟူ၍ လည်းကောင်း၊ ၀ိညာဏ်ကို မျက်လှည့် နှင့် တူ၏ ဟူ၍ လည်းကောင်း နေမင်း အဆွေ ဖြစ်တော်မူသော မြတ်စွာဘုရား သည် ဟောတော်မူ အပ်၏။

အကြင် ပညာရှိသည် ထို ခန္ဓာငါးပါးကို အကြင်အကြင် အခြင်းအရာ အားဖြင့် ဟုတ်တိုင်း မှန်စွာ ၀ိပဿနာ ဉာဏ်ဖြင့် ကြည့်ရှု၏။ စူးစူးစိုက်စိုက် ကြည့်ရှု၏။ နည်းမှန် လမ်းမှန် အားဖြင့် ပညာသက်ဝင် ဆင်ခြင်၏။ ထိုထို အခြင်းအရာ အားဖြင့် ဟုတ်တိုင်း မှန်စွာ ၀ိပဿနာ ဉာဏ်ဖြင့် ကြည့်ရှု ဆင်ခြင်သော ထို ပညာရှိအား ထိုခန္ဓာငါးပါးသည် နိစ္စ၊ သုခ၊ အတ္တ၊ သုဘ ဟူသည့် အနှစ်သာရ တို့မှ ဆိတ်သုဉ်း နေသည့် သဘောတရား ဟူ၍ သာလျှင် ထင်လာ၏။ နိစ္စ၊ သုခ၊ အတ္တ၊ သုဘ ဟူသည့် အနှစ်မမှီး အချည်းနှီး ဟူ၍ သာလျှင် ထင်လာ၏။

ဤ ခန္ဓာကိုယ်ကို အကြောင်းပြု၍ မဟာပထ၀ီ မြေကြီးပမာ ကြီးမား ကျယ်ပြန့်သော ပညာရှိ တော်မူသော မြတ်စွာဘုရား သည် ဤကဲ့သို့ ခန္ဓာငါးပါး တို့ကို ဟောကြား တော်မူ၏။ တရားသုံးပါး တို့၏ ကင်းပျောက် ခြင်းကြောင့် စွန့်ပစ် အပ်သော သဘောရှိသော ဤ ခန္ဓာကိုယ်ကို ကြည့်ရှုကြ ကုန်လော့။

ဇီဝိတိနြေ္ဒ ဟူသော အသက်, ကမ္မဇတေဇော ဟူသော အခိုးအငွေ့, ၀ိညာဏ် ၊ဤတရားသုံးပါးတို့သည် မိမိကိုယ်ကို စွန့်သွားကြ သောအခါ ဤခန္ဓာကိုယ်သည် စွန့်ပစ်အပ်သည် ဖြစ်၍ စိတ်စေတနာ စေ့ဆော်မှု မရှိဘဲ ပိုးလောက် စသည် တို့၏ အစာဖြစ်၍ အိပ်နေရ၏။

ဤ ခန္ဓာကိုယ်သည် ဤသို့ သဘောရှိ၏၊ ဤ ၀ိညာဏက္ခန္ဓာသည် လူမိုက် တို့ကို ကယောင်ကတန်း ယောင်ယမ်းကာ အမှားမှား အယွင်းယွင်း ပြောဆို စေသော မျက်လှည့်သည် ဖြစ်၏။ ဤ ခန္ဓာကိုယ်ကို သူသတ်သမား ဟု ဆိုရ၏။ ဤခန္ဓာတို့၌ နိစ္စ၊ သုခ၊ အတ္တ၊ သုဘ ဟူသည့် အနှစ်ဟူ၍ ဘာမျှမရှိ။

ထက်သန်သော လုံ့လ၀ီရိယ ရှိသော ရဟန်းသည် နေ့၌ ဖြစ်စေ, ညဥ့်၌ ဖြစ်စေ ဆင်ခြင်တတ်သော သမ္ပဇဉ်ဉာဏ် ရှိသည် အောက်မေ့မှု သတိရှိသည် ဖြစ်၍ ခန္ဓာတို့ကို ဤသို့ ဟောကြား ထားတော်မူ ခဲ့သည့်အတိုင်း ရှုဆင်ခြင်ရာ၏။

သေခြင်းကင်းရာ အမြိုက်နိဗ္ဗာန်ကို လိုလား တောင့်တလျက် ရှိသော အမျိုးကောင်းသား, အမျိုးကောင်းသမီးသည် အကယ်စင်စစ် လိုလား တောင့်တသူ မှန်လျှင်....

၁။ သံယောဇဉ် အနှောင်အဖွဲ့ အားလုံးကို စွန့်လွှတ်လိုက်ပါ။

၂။ မိမိ၏ ကိုးကွယ်ရာ အားထားရာကို မိမိကိုယ်တိုင်ပင် ပြုလုပ်ပါ။

၃။ ​ခေါင်းထိပ်ဦးမီးစွဲလောင်နေသူပမာ .. သမထ ၀ိပဿနာ ဘာဝနာတို့ကို အပြင်းအထန် ကျင့်ကြံ ကြိုးကုတ်ပွားများ အားထုတ် ပါ။

ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့စွာဖြင့် သမထ ၀ိပဿနာ ဘာဝနာတို့ကို အပြင်းအထန် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ် နိုင်ကြပါစေသောဝ် . . .

"ဖားအောက်တောရဆရာတော် "

Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

ကြိုတင်ပြင်ဆင်ဖို့လိုတယ်
•••••••••••••••••••••••
ပုဂ္ဂိုလ်တစ်ဦးဟာ နှစ်သက်ရောင့်ရဲမှုတွေနဲ့ သာယာနေတဲ့ ထိုအချိန်အခါမျိုးမှာ ဗြုန်းကနဲ သေသွားခဲ့မယ်ဆိုရင် ငရဲနှင့် တိရစ္ဆာန်နှစ်မျိုးတစ်မျိုးမျိုးသော ဘုံဘဝတစ်ခုခုကို ရောက်မယ်ဆိုတဲ့ ဒီအကြောင်းအရာသည် ထင်ရှားဧကန် ရှိနေပါတယ်။

ဒါက ဘာဖြစ်လို့လဲ?။ အဘိဓမ္မာတို့၏ သဘောက မျက်နှာမရွေးပါဘူး၊ နှစ်သက်သာယာမှုဖြင့် ရစ်ပတ်နှောင်ဖွဲ့ထားတဲ့ စိတ်အစဉ်တွေ ဖြစ်နေရင်း ဗြုန်းကနဲသေခဲ့ရင် သူ့ရဲ့ မရဏသန္နဇော အချိန်က နှစ်သက်သာယာမှုတွေက ဖြစ်နေပြီ။ မရဏသန္နဇောသည် အကုသိုလ်ဇောဖြစ်ရင် ကျိန်းသေအပါယ်လေးဘုံရောက်မယ်၊ ဘုရားရှင်လည်းတားလို့မရပါဘူး။

ဒီမရဏသန္နဇောအထိ နှစ်သက်သာယာမှုတွေက ဖြစ်နေတုန်း ဗြုန်းကနဲသေသွားခဲ့တယ်၊ သေသွားပြီး ထိုပုဂ္ဂိုလ်သည် ငရဲနှင့် တိရစ္ဆာန်နှစ်မျိုး တစ်မျိုးမျိုးသော ဘုံဘဝရောက်မယ်ဆိုတဲ့ ဒီအကြောင်းတရားထင်ရှား ရှိနေပါတယ်။ ဘာဖြစ်လို့လဲ?။ ဒီအကုသိုလ်က အပါယ်ငရဲကို ပြစ်ချနိုင်တဲ့ စွမ်းအားရှိနေပါတယ်။

ဒီလိုအချိန် မရဏသန္နဇောသည် ကုသိုလ်ဇောဖြစ်နေရင် ကောင်းရာသုဂတိကို ရောက်နိုင်ပါတယ်။ ဒါက ဘဝမဆုံးသော သူတွေအတွက်ပေါ့။အကုသိုလ်ဇောဆို အပါယ်ကိုရောက်ရမယ်။ ဒီတော့ အကုသိုလ်တစ်ခုကို မိမိက နှစ်သက်မြတ်နိုးပြီး သိမ်းပိုက်ထားတယ်။ သေခါနီးအချိန်အခါ ဒင်းအပေါ်မှာ ငါမလိုချင်မနှစ်သက်တော့ပါဘူးလို့ ထပြီးကြိုးပမ်းမယ်ဆိုရင် ကြိုတင်ပြင်ဆင်မှု မရှိရင်ဖြစ်နိုင်ပါ့မလား?။ မဖြစ်နိုင်ပါဘူး။ 

ဒါကြောင့် ဒကာကြီးတွေ စဉ်းစားကြည့်စမ်း အိမ်ထောင်ပြုကြတယ် ဆိုကြပါစို့၊ နှစ်သက်လို့ အိမ်ထောင်ပြုသလား?၊ မနှစ်သက်လို့ အိမ်ထောင်ပြုသလား?။ ဒါကရှင်းနေပါတယ်။ အဲ့ဒီ နှစ်သက်သာယာတဲ့ စိတ်ကလေးဖြစ်နေတုန်း ဗြုန်းကနဲသေရင် ဘယ်ရောက်မယ်ပြောသလဲ?၊ ငရဲနှင့် တိရစ္ဆာန်ဆို တစ်မျိုးသော ဘုံဘဝကို ရလိမ့်မယ်။ ဒီလိုဆို ဒကာကြီးတွေ ဘုန်းကြီးဝတ်ကြ၊ ဒကာမကြီးတွေ ဆရာလေးလုပ်ကြ ဟုတ်လား၊ လူပျိုကြီး, အပျိုကြီိးပဲလုပ်ကြ...။ ဘုန်းကြီးက ဒီလိုပဲ တိုက်တွန်းချင်တယ်။

ဒီတော့ အပါယ်လေးဘုံမှာ ငရဲကအလေးဆုံး တိရစ္ဆာန်က အပေါ့ဆုံးပဲ။ အလေးဆုံး အပေါ့ဆုံးကို ဟိုဘက်ဒီဘက်ပိတ်လိုက်တော့ အလယ်ခေါင် ပြိတ္တာနှင့် အသူရကာယ်လည်း အကျုံးဝင်သွားပါတယ်။ 

ဒီလိုဆိုရင် နှစ်သက်မှုတွေကို ဖြတ်တောက်ဖို့ ကောင်းလား မကောင်းဘူးလား?။ ကောင်းတယ်။ နှစ်သက်စေတဲ့အရာကို မကောင်းမှန်းသိရင် ဒါကို ငါထိန်းချုပ်မယ်ဆိုရင် ဘယ်နည်းနဲ့ ထိန်းချုပ်မှရမလဲ?၊ သမထ, ဝိပဿနာဆိုတဲ့ ဘာဝနာ လက်နက်ကောင်းရှ်ိမှသာ ထိန်းချုပ်လို့ရမယ်။ ဒီလို လက်နက်ကောင်းမရှိရင် ထိန်းချုပ်လို့ ရနိုင်ပါ့ မလား?။ မလွယ်ဘူးနော်။ 

ဒါက ဘုရားရှင်က နှစ်သက်တဲ့ဘက်က ဟောလိုက်တာပါ။ ရာဂ ဒေါသ မောဟ စတဲ့ အကုသိုလ်ဇောစောပြီး သေသွားခဲ့ရင် ကျိန်းသေအပါယ်ရောက်ကြရမှာပါပဲ။ ဒါဆို ဒီသေခါနီးအချိန်အတွက် ကြိုတင်ပြင်ဆင်မှု မရှိရင် ဖြစ်နိုင်ပါ့မလား?။ ဖြစ်နိုင်ဖို့ အတော်လေး ခက်ခဲပါတယ်။

"ဖားအောက်တောရဆရာတော်"

Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

သုရာမေရယကံ
••••••••••••••
သုရာမေရယကံ မူးယစ်ဆေးဝါပဲနော်၊ ဒီမူးယစ်ဆေးဝါးကို ဘာကြောင့်မှီဝဲသလဲဆိုရင် ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေကြောင့်ပါပဲ။

သုရာမေရယကံကို ပြုစုပျိုးထောင်ခြင်းရဲ့အစက ရာဂ ဒေါသ မေဟ စတဲ့ အကုသိုလ်အညစ်အကြေးတွေကြောင့်ပဲ။ ရာဂ - ဒီမူးယစ်ဆေးဝါးအပေါ်မှာ သိပ်ပြီးစွဲတယ်၊ ဒေါသ - လင်မယားခြင်းရန်ဖြစ်လို့ ဒေါသဖြစ်တာနဲ့ တစ်ချို့အရက်မသောက်ဘူးလား?၊ သောက်ကြတယ်။ ဒကာကြီးတွေကော သောက်ဖူးမလားမသိဘူး၊ ဒေါသဖြစ်တာနဲ့ အရက်သွားသောက်တယ်။

မာန်မာန, ဣဿာ, မစ္ဆရိယတွေကြောင့် ဒီိသေရည် သေရက်သောက်တဲ့ သုရာပါဏကံတွေ = သေရည် သေရက် မူးယစ်ဆေးဝါးသောက်စား လွန်ကျူးတဲ့ ကံလည်းရှိတယ်။ ဒီတော့ အကြောင်းအရင်းဖြစ်တဲ့ ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေက အကြောင်းအရင်း ဖြစ်တယ်။ ဒီအကုသိုလ်တရားတွေက အပါယ်ကိုပြစ်ချနိုင်တဲ့ စွမ်းအားရှိကြတယ်။ 

ငရဲကိုလည်းရောက်အောင် ပို့ပေးတယ်။ တိရစ္ဆာန်ဘုံဘဝ ရောက်အောင်ပို့ပေးတယ်။ ပြိတ္တာ အသူရကာယ်ဘုံဘဝကိုလည်း ရောက်အောင်ပို့ပေးနိုင် ပါတယ်။ ဘာဖြစ်လို့လဲ?၊ ထမင်းတို့ ဟင်းတို့စွဲလမ်းမိတဲ့အပေါ်ထက် ဒီမူးယစ်ဆေးဝါးကို စွဲလမ်းမိတာက ပိုပြီးပြင်းထန်တယ်။ 

ဒီမူးယစ်ဆေးဝါးမမှီဝဲရရင် မနေနိုင်အောင် ပြင်းထန်တယ်၊ လက်တွေခြေတွေ တုန်လာတယ်၊ ဘယ်လိုမှဖြေလို့မရနိုင်ဘူး။နည်းနည်းပါပါး စွဲတဲ့ပုဂ္ဂိုလ်တောင် အနည်းဆုံး ခုနှစ်ရက်လောက်တိုက်ခန်းထဲမှာ လှောင်ပြီးထားရတယ်။ မူးယစ်ဆေးဖြတ်တဲ့ ဒီခုနှစ်ရက်အတွင်း ပြင်းပြင်းထန်ထန်ခံရတယ်။ တစ်ချို့ သေတောင်သေသွားတယ်။ ဒါ မူးယစ်ဆေးဝါးကို စွဲတဲ့ရာဂ၊ ဒီလောက်ပြင်းထန်တဲ့ ရာဂက ငရဲကိုပြစ်ချနိုင်တဲ့ စွမ်းအားဘာဖြစ်လို့ မရှိရမှလဲတဲ့။

ဘုရားရှင်က ဒီလိုဟောပေမယ့် တစ်ချို့ကသိပ်ပြီး လက်မခံချင်ကြဘူး။ ကိုယ်နှစ်ခြိုက်တဲ့ ပစ္စည်းတစ်ခုကို သုံးစွဲတာပဲ ဘာအပြစ်ရှိရမလဲလို့ ဒီလိုအကြောင်းပြကြတယ်။ ကိုယ်ကြိုက်လို့ ကိုယ်ပိုက်ဆံနဲ့ကို သောက်တာပဲ အပြစ်မရှိဘူးလို့ ထင်ကြတယ်။ အဘိဓမ္မာရဲ့ သဘောက သူ့ပစ္စည်း ကိုယ့်ပစ္စည်းလို့ တစ်ချို့ဟာ မခွဲပါဘူး။

ဆိုကြပါစို့.... အဆင်း, အသံ, အနံ့, အရသာ, အတွေ့ အထိ ဘယ်အာရုံပဲဖြစ်ဖြစ် စွဲလမ်းမှုရှိတယ်။ မိမိပိုင်တဲ့ အာရုံပဲဖြစ်ဖြစ် မပိုင်တဲ့အာရုံပဲဖြစ်ဖြစ်ပါ၊ လောကဝေါဟာရအားဖြစ် မိမိပိုင်တာ မပိုင်တာရှိပေမယ့်။ အဘိဓမ္မာ သဘောအရ မိမိပိုင်တဲ့ အာရုံရှိနိုင်မလား?၊ မရှိပါဘူး။ အားလုံးအနိစ္စတရား, ဒုက္ခတရား, အနတ္တတရားတွေပဲ။ 

ဒီတော့ ဒီအာရုံတွေအပေါ် ဘာလို့စွဲလမ်းသလဲဆိုတော့ ဒီအာရုံ(၆)ပါးနဲ့ တွေ့ထိတဲ့နေရာမှာ ပရမတ်သဘောတရားတွေဖြစ်တဲ့ အဆင်း, အသံ စသည်တို့ကို နှလုံးမသွင်းဘူး။ ဘယ်လိုနှလုံးသွင်းလိုက်သလဲ?၊ ယောကျာ်း မိန်းမ ပုဂ္ဂိုလ်သတ္တဝါလို့ သွားပြီး နှလုံးသွင်းလိုက်တယ်။ နောက်တစ်ခုက မျက်လုံးပဲ၊ လက်ပဲ, ခြေပဲ စသည်ဖြင့် အသေးစိတ်ကိုယ်အင်္ဂါတွေကို သွားပြီးစွဲယူလိုက်တယ်။ 

အဲ့ဒီတော့ ဒီလိုအာရုံတွေနဲ့ ကြုံတွေ့လာချိန် ရုပ်တရားအစုံအပုံ နာမ်တရားအစုအပုံ အကြောင်းတရား အကျိုးတရားအစုအပုံလို့ နှလုံးမသွင်းပဲ။ အနိစ္စ, ဒုက္ခ, အနတ္တ တရားအစုအပုံတွေပဲလို့ နှလုံးမသွင်းပဲ ယောကျာ်း မိန်းမ ပုဂ္ဂိုလ်သတ္တဝါ ဝတ္ထုအာရုံတွေ အနေနဲ့ သွားနှလုံးသွင်းလိုက်တယ်။ ယောကျာ်း မိန်းမ လှ မလှ၊ မျက်လုံးမျက်ခုံး လှ မလှ လို့ သွားယူပြီး နှစ်သက်နေလိုက်မယ်ဆိုရင် ဒီစိတ်အစဉ်တွေက နောင်တစ်ဖန် ဘဝတစ်ခုကို ဖြစ်စေနိုင်တဲ့ ကာမဝိညာဉ်ကို ဖြစ်စေပါတယ်။

ဒီလို ယောကျာ်း မိန်းမ ဝတ္ထုအာရုံ ကာမဂုဏ်တွေကို နှစ်သက်ရောင့်ရဲတဲ့ စိတ်နဲ့သေသွားခဲ့ရင် ငရဲနှင့် တိရစ္ဆာန်တစ်မျိုးမျိုးသော ဘုံဘဝကို ရစေလိမ့်မယ်တဲ့။ 

ကဲ.. သုရာပါဏကံကြောင့် အပေါ့ဆုံးရနိုင်တဲ့ အပြစ်တစ်ခုကို ပြောပြပါဆိုရင်- လူဖြစ်တဲ့အခါမှာ လူရူးပဲဖြစ်တယ်။ နွားဖြစ်ရင် နွားရူး၊ ခွေးဖြစ်ရင် ခွေးရူး၊ ဝက်ဖြစ်ရင် ဝက်ရူးပဲတဲ့။ ဘဝတစ်ခု စဉ်းစားကြည့်စမ်း၊ ဒကာကြီးတွေ ဟိုတလောတုန်းက ဒီနား ဇရပ်မှာ လာနေတဲ့ လောက ဝေါဟာရအားဖြင့်သတ်မှတ်ခံနေရတဲ့ အရူးတစ်ယောက်ဆိုကြစို့။ သူ့ဘဝကို စဉ်းစားကြည့်စမ်း ဤကကုသိုလ် ဤကအကုသိုလ် ခွဲခြားသိနိုင်တဲ့ စွမ်းအားရှိသလား?၊ မရှိဘူး။ 

ဒီလိုလို ကုသိုလ် အကုသိုလ်မှန်း ခွဲခြားသိနိုင်တဲ့ စွမ်းအားမရှိတဲ့ ဘဝတစ်ခု ရခဲ့ရင်၊ အကုသိုလ်ကို ရှောင်ကြဉ်ပြီး ကုသိုလ်တရားတွေကို ဆည်းပူးကြိုးစား အားထုတ်မယ်ဆိုတဲ့ ဒီစိတ်ထားကော ဖြစ်နိုင်မလား?။ အကုသိုလ်ကိုလည်း ကုသိုလ်ထင်ပြီး သူကြိုးပမ်းချင် ကြိုးပမ်းမယ်။ ကုသိုလ်ကို အကုသိုလ်ထင်ပြီး သူကြိုပမ်းချင် ကြိုပမ်းမယ်။ သူနှစ်ခြိုက်ပျော်မွေ့တဲ့ လုပ်ငန်းတစ်ခုရှိရင် ဒီလုပ်ငန်းရပ်မျိုးကို သူပြုကျင့်တော့မယ်။ 

ဒီတော့ စဉ်းစားကြည့်စမ်း ဘဝတစ်ခု ဘယ်လောက်ဆုံးရှုံးသွားသလဲ?။ လူ့ဘဝတစ်ခု ရရှိပါလျှက် လူ့ဘဝမှာ ရသင့်ရထိုက်တဲ့ အထက်တန်းကျတဲ့ အဆင့်မြင့်နေတဲ့ စိတ်နေစိတ်ထားလေးရအောင် သူကြိုးပမ်းနိုင်တဲ့ စွမ်းအားမရှိဘူး။ အဆင့်မြင့်တဲ့ သံသရာဝဋ်ဆင်းရဲ ဒုက္ခမှ ထုတ်ဆောင်ကယ်တင်ပေးနိုင်တဲ့ စွမ်းအားအပြည့်အဝရှိတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားတွေကို စနစ်တကျ ကျင့်နိုင်တဲ့ စွမ်းအားမရှိဘူး။

လူ့ဘဝတစ်ခု ရသော်လည်း ရှုံးမသွားဘူးလား? ၊ ရှုံးသွားတယ်။ ဒီပုဂ္ဂိုလ်တစ်ယောက်ရဲ့ လားရာဂတိကို ပြန်ကြည့်လိုက်ရင် ကောင်းတဲ့ဂတိရောက်ဖို့ ဆိုတာ မျော်မှန်းလို့ ရနိုင်သေးလား?၊ မရနိုင်တော့ဘူး။ ဒီအရူးဘဝမှာ သူလုပ်ချင်ရာတွေလုပ်တော့ သေတော့ ငရဲကြီး၊ ငရဲကြီးကလွတ်တော့ ငရဲလေး၊ ငရဲလေးကလွတ်တော့ တိရစ္ဆာန် ဒီလိုနဲ့ အပါယ်လေးဘုံမှာ ကျင်လည်ရဖို့က များပါတယ်။ အပါယ်လေးဘုံက ကျွတ်ဖို့ လွတ်ဖို့ဆို အလွန်ဝေးကွာနေပါတယ်။

ဒါကြောင့် ဒီလို သုရာပါဏကံကို သတ္တဝါတစ်ဦးကို အပါယ်သံသရာမှ ထွက်ပေါ်ခွင့် မပေးပဲ မြုပ်အောင် ဆွဲပြီးနှစ်ပေးနေတဲ့ စွမ်းအားအပြည့်အဝ ရှိနေပါတယ်။ ဒီလို ကံတွေကို ရှောင်ရှားသင့်ပါတယ်။

"ဖားအောက်တောရဆရာတော်"

Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

မိစ္ဆာဝါစာကံ
•••••••••••
မုသာဝါဒကံ ဆိုတာ လိမ်လည်လှည့်ဖြား ပြောဆိုခြင်းပါပဲ။ မုသားစကားကို ကြိမ်ဖန်များစွာ ပြုနေတဲ့ ပုဂ္ဂိုလ်ကို ဒီမုသားစကားတွေက ငရဲကို ရောက်အောင် ပို့ဆောင်ပေးပါလိမ့်မယ်။ တိရစ္ဆာန်ဘုံဘဝနှင့် ပြိတ္တာ, အသူရကာယ်ဘုံဘဝကိုလည်း ဖြစ်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။ 

မုသာဝါဒကြောင့် အပေါ့ဆုံးအကျိုးတရားကို ပြောပါဆိုရင်တော့ လူဖြစ်တဲ့အခါ မဟုတ်မတရား အစွပ်စွဲခံရတတ်တယ်တဲ့။ ဘာဖြစ်လို့လဲ?၊ တစ်ချိန်ကမိမိက မုသားသုံးခဲ့တော့ မိမိအပေါ်မှာ ပြန်ပြီးတော့ မုသားသုံးမယ့် ပုဂ္ဂိုလ်တွေ များစွာပေါ်လာတယ်။ မဟုတ်မတရားပြောမယ့် ပုဂ္ဂိုလ်တွေ အများကြီးပေါ်လာတယ်။ တစ်ချိန်ကမိမိက သူတစ်ပါးကို မဟုတ်မတရား ပြောခဲ့တဲ့အတွက် မိမိကိုယ် မဟုတ်မတရားပြောမယ့်သူတွေ ပြန်ပြီးပေါ်လာပါတယ်။

ဒီ မုသာဝါဒကလည်း ဘာကိုအခြေခံပြီးဖြစ်ရသလဲဆိုရင် ပြန်ပြောမယ်ဆို ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေကြောင့်ပါပဲ။ ဒီ ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေကို အကောင်းဆုံး တိုက်ဖျက်တဲ့ကံက ဝိပဿနာကံပါပဲ။ ယောနိသောမနသိကာရလို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဉာဏ်တွေပဲ ဖြစ်ပါတယ်။

ထို ဝိပဿနာဉာဏ်တွေကို ရအောင်သာကြိုးပမ်းထားပါ ဒီသူတော်ကောင်းရဲ့ သန္တာန်မှာ ဒီရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေကို တိုက်ဖျက်ဖို့ အကောင်းဆုံး လက်နက်ကြီးတွေ ရှိနေပြီ။ 

နောက်တစ်ခုက ပိသုဏဝါစာ ကုန်းတိုက်တယ်ပေါ့။ သူတစ်ပါးရဲ့ ကျောက်ကုန်း(ကျောကုန်း)ကို သွားပြီးတိုက်စားနေတာနဲ့ တူပါတယ်။ ဘာလုပ်တာလဲ?။ ဒီကစကား ဟိုပို့လို့ ဟိုကစကားဒီပို့လိုက်နဲ့။ ဘယ်လောက်များ အရသာရှိလဲ?၊ ဒါပေမယ့် ဒီမှာကြည့် ဘာဖြစ်သလဲ၊ ဒီစကားဟိုပို့ ဟိုစကားဒီပို့ဆိုတဲ့ စကား လုပ်ငန်းခွင်ကလေးကို ပြုလိုက်လို့ ဘယ်ရောက်နိုင်လဲ?၊ ငရဲရောက်နိုင်တယ်တဲ့။ တိရစ္ဆာန်ဘုံဘဝနှင့် ပြိတ္တာ, အသူရကာယ်ဘုံဘဝကိုလည်း ဖြစ်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။ 

ဒီလိုဆိုရင် ဒီလိုလုပ်ငန်းမျိုးတွေကို လုပ်သင့်သလား?၊ မလုပ်သင့်ဘူး။လူမိုက်ဆိုတာဘာလဲ၊ လူ့ဝိနည်း ရဟန်းဝိနည်းကို မသိဘူး။ သိပြန်တော့လည်း မကျင့်ဘူး။ မကျင့်တော့ ဘာဖြစ်သလဲ?။ မကျင့်တဲ့ လူမိုက်တွေသွားတဲ့ လမ်းကို မိမိကသွားရမှာပါပဲ။ ခုပဲကြည့် ဟိုစကားဒီပို့ ဒီစကားဟိုပို့တော့ နှစ်ဖက်မိတ်ဆွေတွေ ကွဲပြားမသွားနိုင်ဘူးလား။ စိတ်ဝမ်းတွေ ကွဲသွားပါတယ်။ 

သူတစ်ပါးတွေ စိတ်ဝမ်းကွဲအောင်ပို့တဲ့ ဒီကံက ငရဲပို့မယ်၊ တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်ဘုံကို တွန်းပို့ပေးလိုက်ပါတယ်။ ပို့ပြီး ဒီအကုသိုလ်ကံက အရှိန်လျော့ပြီး လူ့ဘဝကို ရလာတယ်ထား လူဘဝမှာ မိတ်ဆွေတွေနဲ့ကွဲပြားတတ်တယ်။ လင်မယားချင်း ရန်ဖြစ်လို့ကွဲတာ ဘာကြောင့်လဲ?။ အခြေခံက ပစ္စုပ္ပန်အကြောင်းက ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေကြောင့်ပါပဲ။ 

ဒီမှာ အတိတ်အကြောင်းလည်း အခြေခံပါတယ်။ ဘယ်လိုအခြေခံလဲ?၊ အတိတ်ဘဝတစ်ခုမှာ မိမိက မိတ်ဆွေချင်းတွေ ကွဲပြားအောင် ကုန်းတိုက်ခဲ့တဲ့အတွက် ထိုကံအကြွင်းအကျန်တွေက မိမိကိုလာပြီးတော့ အကျိုးပေးလိုက်တာ မိမိမှာလည်း မိတ်ဆွေတွေနဲ့ ကွဲပြားရတယ်။ မိမိက ကောင်းတာလုပ် တစ်ဖက်ကအကောင်းမထင်ဘူး၊ အဲ့ဒီလို ပုံစံနဲ့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းတွေ ကွဲပြားသွားတယ်။ " ငါက ကောင်းတာလုပ်ပါတယ်ကွာ၊ သူတို့က ငါ့အပေါ်တစ်ချက်မှ ကောင်းတာမမြင်ဘူး" ဘာလို့မမြင်လဲ? ၊ ဒီကံက တားထားတာပါ။ ကြောက်ဖို့ မကောင်းဘူးလား?၊ သိပ်ကြောက်ဖို့ ကောင်းတယ်။

ဒါကြောင့် ဒီလို ကုန်းတိုက်ဆိုတဲ့ ပိသုဏဝါစာ လုပ်ငန်းသည် ငရဲလည်းရောက်နိုင်တယ်။ တိရစ္ဆာန်,ပြိတ္တာ အသူရကာယ်လည်း ဖြစ်နိုင်ဆိုရင် ဒီလိုကံမျိုး လုပ်သင့်သလား?၊ မလုပ်သင့်ပါဘူး။ 

ဘယ်နှယ့်လဲ ယောဂီတွေ ဖြစ်ချင်ကြလား? ၊ ဖြစ်တော့မဖြစ်ချင်ဘူး၊ ဖြစ်စေတဲ့ကံကို ထူထောင်နေရင် ရပါ့မလား?၊ မရပါဘူး။ ဒါသိပ်သတိထားပါ။ ပါးစပ်လေး လှုပ်လိုက်တာနဲ့ အကုသိုလ်တွေဖြစ်စေတယ်။

နောက်တစ်ခု ဖရုသဝါစာ ကြမ်းတမ်းတဲ့ စကားတွေပြောတယ်။ ဆဲလိုက်ဆိုလိုက် ကြိမ်းလိုက် မောင်းလိုက်ပေါ့။ ဒီလိုကြမ်းတမ်းတဲ့ စကားကို ကြိမ်ဖန်များစွာ ပြုစုပျိုးနေတဲ့ ပုဂ္ဂိုလ်ဟာ ဘာဖြစ်မလဲ?၊ ဒီကံကို ထူထောင်နေစဉ်ဖြစ်နေတဲ့ ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ, ဒိဋ္ဌိ စတဲ့ ဒီကံတွေက ငရဲ, တိရစ္ဆာန်, ပြိတ္တာ အသူရကာယ်ဘဝကို တွန်းပို့ပေးပါတယ်။ မိမိက အပါယ်လေးဘုံကို အလိုမရှိခဲ့ရင် ဒီလို ကြမ်းတမ်းစကားမျိုးပြောသင့်သလား?။ ရှောင်ကြဉ်သင့်ပါတယ်။

ဒါပေမယ့် တစ်ချို့မရှောင်နိုင်ဘူး။ မရှောင်နိုင်ရင် ဒီအကုသိုလ်ကံက ဘယ်ပို့ပေးမလဲ? ၊ အပါယ်လေးဘုံ တစ်ဘုံဘုံကို ပို့ပေးပါလိမ့်မယ်။ ဒီအပါယ်လေးဘုံမှာ ဒုက္ခတွေဝအောင်ခံပြီး လွတ်လာပြန်လူ့ဘဝရောက်လာတော့ အပေါ့ဆုံး ဖရုသဝါစာရဲ့ အကျိုးကို ပြောပါဆိုရင် သူ့အသံကို ဘေးကနားထောင်လိုက်ရင် နည်းနည်းလေးမှ ကြားလို့မကောင်းဘူး။ အသံမကောင်းဘူး။ မနှစ်ခြိုက်ဖွယ်ရာ အသံနှင့် ပြည့်စုံနေတယ်တဲ့။ 

ဘာဖြစ်လို့လဲဆိုရင် မိမိက တစ်ချိန်က ဖရုသဆိုတာ ကြမ်းတမ်းတယ် ဘယ်လိုကြမ်းလဲ လွှသွားလိုကြမ်းတယ်။ သူတစ်ပါး၏ နားထဲကို လွှသွားကြီးတစ်ခု သွတ်သွင်းလိုက်သလို ကြမ်းတမ်းအောင် ပြုလုပ်ခြင်းဆိုတဲ့ စကားတွေပါပဲ။ ဒီစကားတွေကြောင့် တစ်ချိန်အကျိုးပေးပြီဆိုရင် မိမိပါးစပ်ကထွက်လာတဲ့ အသံသည် တစ်ဖက်သားနှစ်ခြိုက်တဲ့ အသံ ဘယ်လိုမှ မဖြစ်တော့ဘူး။ သူတစ်ပါး မနှစ်ခြိုက်တဲ့ အသံကို ပြုလုပ်မိခဲ့လို့..။ ဒီလိုဆို အသံကောင်းချင်ရင် သူတစ်ပါးနားဝင်အောင် ချိုချိုသာသာလေး ပြောပေါ့နော်။ မှန်တဲ့အတိုင်း မေတ္တာထားပြီး ချိုချိုသာသာ ပြောခြင်းကို ဆိုလိုပါတယ်။

နောက်တစ်ခုက သပ္ဖပ္ပလာပ ပြိန်ဖျင်းပြီး အနှစ်မရှိတဲ့ စကားကိုပြောပြီ ဒီစကားမျိုးကိုပြောရင် ဘာကိုအခြေလဲ?၊ ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေကြောင့်ပါပဲ။ ဒီစကားကြောင့် ရှေးကလိုပဲ အပါယ်လေးဘုံကို တွန်းပို့ပေးတယ်တဲ့။ 

နောက်ဆုံ အပေါ့ဆုံးကံ အကျိုးပေးချိန် လူ့ဘဝရလာပြီဆိုရင် လူ့ဘဝမှာ သူတစ်ပါးတို့မယုံကြည်တဲ့ စကားရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တတ်တယ်တဲ့။ မိမိကစကားတစ်ခု ပြောလိုက်ရင် သူတစ်ပါးက မိမိစကားကို ဘယ်တော့မှ လက်မခံဘူး။ ယုံကြည်တဲ့ စိတ်ထား မရှိကြဘူး။ ဘယ်လိုပဲ သူပြောတဲ့ စကားမှန်ချင်မှန်ပါစေ မယုံကြည်ကြတော့ဘူး။ ဒါဟာ အတိတ်က ပြိန်ဖျင်းတဲ့ကံရဲ့ အကျိုးပါပဲ။

ဒါကြောင့် ဒီလို ပါးစပ်လေးလှုပ်ပြီး ပြုလိုက်တဲ့ အကုသိုလ်ဆိုတဲ့ လုပ်ငန်းသည် ငရဲလည်းရောက်နိုင်တယ်။ တိရစ္ဆာန်,ပြိတ္တာ အသူရကာယ်လည်း ဖြစ်နိုင်ဆိုရင် ဒီလိုကံမျိုး လုပ်သင့်သလား?၊ မလုပ်သင့်ပါဘူး။ 

ဘယ်နှယ့်လဲ ဒကာမကြီိးတွေ ဖြစ်ချင်ကြလား? ၊ ဖြစ်တော့မဖြစ်ချင်ကြဘူး၊ ဖြစ်စေတဲ့ကံကို ထူထောင်နေရင် ရပါ့မလား?၊ မရပါဘူး။ ဒါသိပ်သတိထားပါ။ ပါးစပ်လေး လှုပ်လိုက်တာနဲ့ အကုသိုလ်တွေဖြစ်စေတယ်။

"ဖားအောက်တောရဆရာတော်"

Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/
တွေတွေဝေဝေ သေခြင်းမှ ဝေးအောင်
•••••••••••••••••••••••••••••••••
သမ္မောဟမရဏနှင့် အသမ္မောဟမရဏဆိုပြီး 
တွေတွေဝေဝေ သေခြင်းနှင့် မတွေမဝေ သေရခြင်းဆိုတဲ့ မရဏတရားလေးမျိုး ဘုရားရှင်ဟောကြားထားပါတယ်။ အဘယသုတ္တန်ဆိုတာ ရှိပါတယ်။ သမ္မောဟမရဏဆိုတာ သတ္တဝါတွေ သေကြေပျက်စီိးတဲ့ အချိန်အခါမှာ ခန္ဓာအိမ်ကို တစ်ချို့သိပ်တွယ်တာတယ်၊ မိမိခန္ဓာအိမ်ကို တယုတယနဲ့ တစ်နေ့ကို အကြိမ်ပေါင်းများစွာ မှန်တော့ခဏ ကြည့်တဲ့သူတွေ မရှိဘူးလား?။ အဲ့ဒီလို မိမိကိုယ်ကို ယုယနေတော့ တစ်ချိန်မိမိအလွန်နှစ်သက် မြတ်နိုးနေတဲ့ ဒီခန္ဓာကြီးနဲ့နောက်ဆုံး ခွဲခြင်းဖြင့် ခွဲရတော့မယ်ဆိုတော့ ဘာဖြစ်သလဲ?၊ အလွန်ဝမ်းနည်း ကြေကွဲလာပါတယ်။

အဲ့ဒီလို မိမိခန္ဓာအိမ်ကြီးနဲ့ ခွဲရမှာဆိုးလို့ ကြေကွဲဝမ်းနည်းပြီး နေတုန်း ဗြုန်းခနဲ သေသွားခဲ့ရင် ထိုပဂ္ဂိုလ် ဒီလိုသေနည်းကိုတော့ သမ္မောဟမရဏလို့ ခေါ်ပါတယ်။ ဒါအကုသိုလ်ဇောနဲ့ စောပြီိးသေတာပါ။ ပွင့်ပွင့် လင်းလင်းပြောရင်တော့ ပုထုဇဉ်တို့၏ သေခြင်းကို သမ္မောဟမရဏလို့ ပြောချင်တာပဲ။

နောက်တစ်နည်း ဒုတိယ သမ္မောဟမရဏကတော့ မိမိအလွန်နှစ်သက်နေတဲ့ သက်ရှိသက်မဲ့ ကာမဝတ္ထုအစုစုလို့ခေါ်တဲ့ သားတွေရှိတယ်, သမီးတွေရှိတယ်, ဇနီးရှိတယ်၊ ပစ္စည်းဥစ္စာတွေ ရှိတယ်။ ဒီသက်ရှိသက်မဲ့တွေ အပေါ်မှာ နောက်ဆုံးမတွေ့သော ခွဲခြင်းဖြင့် ခွဲခွာရတော့မယ်။ ဘယ်လိုနေမလဲ ဒကာကြီးတွေ စဉ်းစားကြည့်စမ်း၊ ဘယ်တော့မှ မတွေ့ရတော့ဘူး နောက်ဆုံးခွဲရတော့မယ်။ ဘယ်လိုနေကြမလဲ?။ အဲ့ဒီအခါမှ မျက်ရည်တွေ တတွင်တွင် ကျပြီးတော့ ဘဝကို စွန့်ခွာသွားရတယ်။ ဒါက ဒုတိယ သမ္မောဟမရဏ ဒီမရဏကာလည်း ကောင်းရာသုဂတိ ဘယ်တော့မှ မရောက်ပါဘူး။

နောက်နံပါတ်သုံး သမ္မောဟမရဏကတော့ ဘဝတစ်ခုမှာ ကုသိုလ်တွေကို ပြည့်ပြည့်ဝဝ မဆည်းပူးထားခဲ့ပဲ၊ မကောင်းမှုတွေကို လက်သွက်သွက်နဲ့ ဆည်းပူးခဲ့တယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ သိပ်အားကောင်းခဲ့တယ်။ ဒီိသုတ္တန်အရပြောရင်တော့ ကောင်းမှုကုသိုလ်ဆို အားကိုးလောက်အောင် သူလုပ်ထားတာ ဘာမှမရှိဘူး။ အပါယ်သံသရာကြီးမှ ထုတ်ဆောင်ကယ်တင်နိုင်တဲ့ မဂ်ကုသိုလ်ဖိုလ်ကုသိုလ်လည်း မရှိဘူး။ ဒီထက်တစ်ဆင့်လျော့လိုက်တော့ ဝိပဿနာကုသိုလ်၊ နောက် သေသိတိုင်အောင် မလျောကျတဲ့ ဈာန်ကုသိုလ်တွေ မရှိဘူး။

တစ်ဖက်ကလည်း မကောင်းမှု အကုန်လုပ်ထားတယ်။ ရက်စက်မှုနဲ့အတူ ညစ်နွမ်းမှုအကုသိုလ်တွေ ဆည်းပူးထားတယ်။ ဒီလိုမကောင်းမှုတွေကများတော့ လှေပေါ်မှာ သစ်တုံး သံတုံး သံခဲလို လေးအားကြီးတာတွေ များလာရင် ဒီလှေမြုပ်တော့မယ်။ ကုသိုလ်နဲ့ အကုသိုလ်နှစ်ခု ယှဉ်လိုက်ရင် သံတုံးသံခဲနှင့် တူနေတဲ့ အကုသိုလ်တွေက များလာပြီ။

ဒီလိုပဲ သေခါနီးအချိန်ကာလမှာ မကောင်းတဲ့ ဘုံဘဝသွားရမယ့် သူတွေအတွက် မကောင်းတဲ့ နိမိတ်ကြီးတွေ လာထင်နေပါပြီ။ အဲ့ဒီအခါကြမှ ဝမ်းနည်းနေရပြီနော်။ "ငါသည် ကုသိုလ်တွေ မပြုမိခဲ့လေပါသလား၊ မကောင်းမှုတွေကို ပြုမိခဲ့ပါ သလား" ဟု ဝမ်းနည်းမှုတွေနဲ့ ဘဝတစ်ခုဆုံးရပါတယ်။

ဒီအလိုအချိန်မှာ ရဟန်းဖြစ်စေ၊ လူဖြစ်စေ၊ သီလရှင်ဖြစ်စေ မကောင်းမှုတွေကို ပြုခဲ့ရင် ဒီလိုဘေးဆိုးကြီးနဲ့ တွေ့ရပါလိမ့်မယ်။ ဒီလိုအချိန်မှာ ငါဟာ မကောင်းမှုတွေကို ပြုမိလို့ အပါယ်သံသရာကို သွားရတော့မှာပါလားလို့ ဝမ်းနည်းလာပါတယ်။ အဲ့ဒီအချိန်အခါကြမှ ဝမ်းနည်းနေလို့ဘာထူးမလဲ၊ ကြိုတင်ပြင်ဆိုဖို့ အချိန်မရတော့ဘူး၊ ခုနေအခါပြင်ဆင်ရင် အချိန်မှီနိုင်ပါသေးတယ်။

တစ်နေ့ ဒီတရားနာနေတဲ့ ပုဂ္ဂိုလ်တွေ တရားဟောနေတဲ့ ပုဂ္ဂိုလ်ကော မုချကျိန်းသေဧကန် ဘဝတစ်ခု အဆုံးသပ်ကြရမှာပါ။ ဘယ်ဘဝသွားမလဲ?၊ မေးကြည့်ဖို့ မကောင်းဘူးလား။ ဘယ်ကိုသွားချင်သလဲ?၊ မေးကြည့်ဖို့ မကောင်းဘူးလား။ ဒီတော့ ဘဝတစ်ခုက မဆုံးသေးရင် ကျိန်းသေလက်ခံရတော့မယ်။ ဘဝတစ်ခုကိုထပ် လက်မခံချင်ဘူး အဆုံးသပ်ချင်ရင်ဘာလုပ်ရမလဲ?၊ မေးဖို့မကောင်းဘူးလား၊ သိပ်ကောင်းတယ်။

ဒီအခါ ဘယ်သွားမလဲဆိုတာ မိမိကိုယ်ကိုမေးကြည့်ပါ၊ မိမိကကြိုက်တဲ့ဘဝကို ရွေးချယ်ချင်ရင် ဘာနဲ့ရင်းနှီးမှရနိုင်မလဲ၊ မိမိဘက်က ရွေးချယ်နိုင်တဲ့ သူတော်ကောင်း ဥစ္စာရှိထားဖို့မလိုဘူးလား?၊ လိုအပ်ပါတယ်။ လောကမှာ ပစ္စည်းတစ်ခုလိုချင်တယ် ဒီပစ္စည်းနဲ့ညီမျှတဲ့ တန်ဖိုးပေးနိုင်ရင် လွယ်လွယ်ကူကူ ချမ်းချမ်းသာသာ ရနိုင်ပါတယ်။ ထိုက်တန်တဲ့ အဖိုးမပေးနိုင်ရင် မရနိုင်ပါဘူး။

ဒီတော့ မိမိမှာ သူတော်ကောင်းဥစ္စာလည်းမရှိတော့ ဘယ်သွားရမှန်းလည်းမသိဘူး၊ သွားတော့သွားရမယ်၊ ဘယ်ရောက်မှန်းလည်းမသိဘူး။ ရောက်တော့ ရောက်လိမ့်မယ်။ ဒကာကြီးတွေ စဉ်းစားကြည့်စမ်း၊ ဘယ်လောက် ကြောက်ဖို့ကောင်းလဲ သံသရာခရီး...။ ကြောက်ဖို့ကောင်းပါတယ်။ ရလာမယ့် ဘဝသည် မိမိ မလိုလားအပ်တဲ့ ဘဝရလာရင် ရုန်းကန်နိုင်တဲ့ စွမ်းအားရှိနိုင်ပါ့မလား?။ မရှိနိုင်တော့ဘူး။ ခုနေကြည့် မိမိတို့ရတဲ့ဒီဘဝက မလိုချင်တဲ့ ဘဝပဲထား၊ ဘယ်လို့လို့ ရုန်းမလဲ?၊ ရုန်းကန်ထွက်နိုင်တဲ့ အခွင့်အလမ်းတွေ ရှိနေသေးတယ်။ အကယ်လို့များ ခုထဲကမရုန်းရင် အနာဂတ်ဘဝ ရှိနေဦးမယ် ဒီဘဝကလည်း ရုန်းကန်လို့ မရနိုင်တဲ့ ဘဝမျိုး ဖြစ်နေရင် ဘယ်လိုလုပ်ကြမလဲ?၊ အကျိုးတရားတွေ ဆုတ်ယုတ်ဖို့သာရှိပါတယ်။ ဒီလိုသေခြင်းမျိုးကိုလည်း ဒါ တတိယ သမ္မောဟမရဏလို့ ခေါ်ပါတယ်။

နောက်တစ်ခု စတုတ္ထ သမ္မောဟမရဏ ၊ ဘုရားအစရှိသော အရိယာသူတော်ကောင်းတို့ ဟောကြားပြသ ဆိုဆုံးမတော်မူတဲ့ သဒ္ဓမ္မဟု ခေါ်ဆိုအပ်တဲ့ သစ္စာလေးပါးတရားတွေ အပေါ်၌ မှန်ပါပေသည်ဟု ဆုံးဖြတ်ချက်ချနိုင်တဲ့ စွမ်းအားမရှိခဲ့ဘူး။ ဒီပုဂ္ဂိုလ်အဖို့ သေခါနီးကာလခုနလိုပေါ့ ဆုတ်ကိုင်နိုင်တဲ့ တရားကမရှိဘူး။ ဟိုတရားလုပ်ရနိုး ဒီတရားလှမ်းအာရုံယူလိုက်လည်း ထိထိမိမိ မရှိတော့ဘူး။ ဘာကို အာရုံယူရမှန်းမသိတော့ဘူး။ အထူးသဖြင့် သေခါနီးကာလက မကောင်းတဲ့ အကုသိုလ် နိမိတ်တွေကကြီးဆိုးလာရင် ပိုပြီးမဆိုးနိုင်ဘူးလား?၊ စိတ်တွေ မတည်ငြိမ်တော့ဘူး။

ဒါကြောင့် သေခါနီးကာလမှာ မိမိတို့လက်ဆုတ်လက်ကိုင်ထားရမယ့် တရားတော့ ထိထိမိမိ ရှိထားဖို့ လိုအပ်ပါတယ်။ ဒီလိုသေနည်းမျိုးကိုတော့ စတုတ္ထ သမ္မောဟမရဏလို့ ခေါ်ပါတယ်။ သမ္မောဟမရဏ လေးမျိုးရှိပါတယ်။

ဒါကို ပြောင်းပြန်လှန်လိုက်ရင်တော့ အသမ္မောဟမရဏပါပဲ။ သေခါနီိးကာလ မိမိကိုယ်ကို လက်ဆုပ်လက်ကိုင်ထားတဲ့ တရားနှလုံးသွင်းပြီးနေတယ်။ သက်ရှိသက်မဲ့ ကာမဝတ္ထုတွေအပေါ်မှာ စွဲလမ်းမှုမရှိပဲ တရားနှလုံးသွင်းပြီး ဘဝတစ်ခု အဆုံးသတ်မယ်။ သေခါနီးကာလမှာ ကောင်းတဲ့ နိမိတ်တွေသာထင်ပြီးတော့ ဘဝကို အဆုံးသတ်နိုင်ခဲ့မယ်။ မိမိသိထားတဲ့ သစ္စာလေးပါးတရားမြတ်သည် ဧကန်မှန်ပါတယ်လို့ ဆုံးဖြတ်ချက်ချပြီးတော့ ဘဝတစ်ခုကို အဆုံးသပ်နိုင်ခဲ့မယ်ဆိုရင်တော့ ဒီလိုသေနည်း လေးမျိုးကိုတော့ အသမ္မောဟမရဏပါ။

လိုရင်းပြောရင်တော့ အကုသိုလ်ဇောတွေနဲ့ ဘဝကို တွေတွေဝေဝေနဲ့ အဆုံးသတ်ရရင် သမ္မောဟမရဏ၊ ကုသိုလ်ဇောစောပြီး ဘဝတစ်ခုကို အဆုံးသတ်ခဲ့ရင် ဒါ အသမ္မောဟမရဏလို့ ပြောနိုင်ပါတယ်။ ပုထုဇဉ်တွေရဲ့ သေခြင်းကိုတော့ သမ္မောဟမရဏလို့လည်း ခေါ်ပါတယ်။

"ဖားအောက်တောရဆရာတော်"

Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

မိဘဝတ္တရားကျေဖို့
•••••••••••••••••
ဘုန်းကြီးတို့ သာသနာတော်မှာ နိဗ္ဗာန်ကို ဦးတည်နေတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ ဒီထဲမှာ ငါးပါးသီလ အခြေခံပါတယ်၊ အမိအဖကို ရိုသေစွာပြုစုလုပ်ကျွေးခြင်းအစရှိတဲ့ အရိယာမဂ်၏ ရှေ့အဖို့၌ ပြုကျင့်ရမယ့် ပရိယတ် ကျင့်ဝတ်အားလုံးသည် အကျိုးရှိတဲ့ လုပ်ငန်း၊ နိဗ္ဗာန်ကို ဦးတည်နေတဲ့ လုပ်ငန်းတွေပါပဲ။

ဒီထဲမှာ ဒါနကျင့်စဉ်ပါတယ်၊ သီလကျင့်စဉ်၊ သမထကျင့်စဉ်၊ ဝိပဿနာကျင့်စဉ်တွေ ပါကြတယ်။ သီလပိုင်းမှာလည်း အမိကိုပြုစုလုပ်ကျွေးခြင်း၊ အဖကို ပြုစုလုပ်ကျွေးခြင်း၊ ဆွေမျိုးတွေကို ထောက်ပံ့ခြင်း၊ သားမယားတွေကို ထောက်ပံ့ခြင်း ဒီလို ကောင်းတဲ့ မင်္ဂလာလုပ်ငန်းတွေလည်း များစွာပါ ပါတယ်။ 

ဒါကြောင့် အကျိုးရှိတဲ့လုပ်ငန်း အကျိုးမရှိတဲ့လုပ်ငန်းကို ခွဲခြားစိတ်ဖြာပြီး သိတဲ့ ဉာဏ်လေးရဖို့တောင်တော့ လေ့လာဆည်းပူးဖို့ မကောင်းဘူးလား?၊ သိပ်ကောင်းပါတယ်။ ဒါပေမယ့် ဘုန်းကြီးတို့ ဘာသာက ကိုယ့်ဘာသာအကြောင်းကို လေ့လာချင်တဲ့ ဆန္ဒဓာတ်လေး မရှိကြဘူး။ 

မိဘတွေမှာလည်း လျော့နည်းတယ်။ မိဘတွေက လျော့နည်းနေတော့ သားသမီးကျ ပိုပြီးတော့ လျော့လာတယ်။ လျော့လာတော့ " ဒီသား ဒီသမီးတွေ ဆိုဆုံးမလို့ မကောင်းပါဘူး၊ ခုခေတ် လူငယ်တွေက တယ်..ဆုံးမရခက်တယ်" လို့ ပြောပြီ။ အခြေခံဖြစ်တဲ့ လေ့ကျင့်ရမယ် ကျင့်ဝတ် ပရိပတ်လေးတွေကို ငယ်စဉ်အခါတည်းက မိဘတွေက သားသမီးတွေကို စွဲနေအောင် လေ့ကျင့်ပေးဖို့ မကြိုးပမ်းကြဘူး။

ဒီလို မကြိုးပမ်းတော့ ဒီကလေးတွေက ဆိုဆုံးမရခက်တဲ့ ကလေးတွေ ဖြစ်ကုန်တယ်။ သို့သော်လည်း သတ္တဝါတိုင်းဟာ အားလုံးကြိုးပမ်းလို့ အောင်မြင်ရမယ် ဒီလိုတော့မဆိုပါဘူး။ ဒါပေမယ့် ကြိုးစားရင် ဘုရားဖြစ်ချင်တောင် တစ်ချိန်တော့ ဖြစ်နိုင်တဲ့ စွမ်းအား ရှိပါတယ်။ သူတော်ကောင်းနဲ့ ပေါင်းဖော်မိရင် သူတော်ကောင်းဓာတ် ကူးသွားတတ်တယ်။ လူယုတ်မာနဲ့ ပေါင်းဖော်မိရင်လည်း လူယုတ်မာဓာတ် ဆိုတာ ကူးတတ်တဲ့ သဘောရှိတော့ သူတော်ကောင်းဓာတ်လေးတွေ ကိန်းဝပ်တည်နေအောင် ဒီကလေးရဲ့ သန္တာန်မှာ ကြိုးပမ်းပေးဖို့အတွက် ဘယ်သူ့မှာ အများဆုံး တာဝန်ရှိသလဲ?၊ မိဘတွေ မှာ တာဝန်ရှိပါတယ်။ 

တစ်ချိန် ဘုန်းကြီးတောထဲ နေစဉ်အချိန်အခါက ဘုန်းကြီးကပ္ပိယမှာ သားလေးတစ်ယောက် ရှိပါတယ်။ ဒီသားလေးက ဘုန်းကြီးတွေ တရားထိုင်ပြီဆိုရင် သူကအော်ကျယ် ဟစ်ကျယ်နဲ့ သီချင်းပဲ ဆိုနေတော့၊ အဲ့ဒီ သီချင်းသံက ဘုန်းကြီးတွေ နားမှာ အနှောက်အယှက် ဖြစ်နေပါတယ်။ ဒါနဲ့ ပြောရတာလည်း သိပ်မကောင်းတော့ ပရိယာယ်အနေနဲ့ ကပ္ပိယလုပ်သူကို ဘုန်းကြီးက " မင်းကွာ ခလေးကို ဘုရားရှိခိုးလေး သင်ပေးရင်ကောင်းသား၊ ဒီသီချင်းတွေ သင်ပေးမယ့်အစား ဘုရားရှိခိုးသင်ပေးထားလို့ သူရွတ်ဖတ်နေရင် ကုကိုယ်သူဖြစ်တာပေါ့" ဘုန်းကြီးက ပြောကြည့်ပါတယ်။ ဒီလိုပြောတော့ ဘေးနားကပ်ထိုင်နေတဲ့ ဆရာတော်တစ်ပါးက ဘာပြောသလဲ?၊ " အော်... အရှင်ဘုရားကသာပြောတာ ဒီခလေး မိဘကိုယ်တိုင် ဘုရားရှိခိုးတောင် ရ ရရဲ့လား မပြောတတ်ဘူး" တဲ့။ အဲ့ဒီ ပုံစံဖြစ်နေတယ်။

ဒ်ီမှာ မိဘတွေ ကိုယ်တိုင်က ဤကားအကျိုးရှိတဲ့ လုပ်ငန်း ဤကားအကျိုးမရှိတဲ့ လုပ်ငန်း ခွဲခြားနိုင်တဲ့ စွမ်းအား မရှိကြဘူး။ သားသမီးရှိဖို့ ဆိုတာခက်ခဲပါတယ်။ မရှိဘူးလို့တော့ မပြောနိုင်ပါဘူး။ ဒီသားသမ်ီးကလည်း အတိတ်က ပါရမီကံအားလျော်စွာ မိတ်ကောင်းဆွေကောင်း ဆရာကောင်းသမားကောင်းတွေနဲ့ ပေါင်းဖော် ယှဉ်တွဲ မှီဝဲ ဆည်းကပ်ခွင့် ရရင်လည်း အကျိုးရှိတဲ့ လုပ်ငန်း၊ အကျိုးမရှိတဲ့ လုပ်ငန်းတွေ သူခွဲခြား သိလာနိုင်ပါတယ်။

ဒါကြောင့် ကလျာဏမိတ်ဆွေတွေထဲ မိဘတွေက ရှေ့တန်းကပါဝင်နေပါတယ်။ မိတ်ကောင်းဆွေကောင်းတွေရဲ့ တာဝန်ပြည့်ဝဖို့...၊ ဆိုဆုံးမ သွန်သင်တတ်ဖို့လည်း လိုအပ်ပါတယ်။

"ဖားအောက်တောရဆရာတော်"

Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/
မေ့မေ့လျော့လျော့ မနေလိုက်ပါနဲ့
••••••••••••••••••••••••••••••
ဃဋိကာရ အိုးထိန်းသည်ဆိုတာ ကဿပဘုရားရှင်၏ ထံမှ တရားတော်ကိုနာကြားပြီး အနာဂါမိမဂ်ဉာဏ်ဖိုလ်ဉာဏ် ရရှိထားတဲ့ သူတော်ကောင်း တစ်ဦးဖြစ်ပါတယ်။ မိမိရဲ့ အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ ဘုန်းကြီးတို့ ဂေါတမဘုရားအလောင်းတော် ဇာတိပါလလုလင်ကို ကဿပဘုရားရှင်ထံ တရားနာရန်အလို့ငှာ အကြိမ်ကြိမ်တိုက်တွန်းပြီိး ခေါ်ဆောင်လာပြီိ။

ကဿပဘုရားရှင်က " ဇောတိပါလ.. သင်ဟာ ယုတ်ညံ့တဲ့အရာဌာနဖြစ်တဲ့ ကာမဂုဏ်တို့၌ သက်ဝင်တည်နေတဲ့ သူမျိုးမဟုတ်ပါဘူး..။ ဗောဓိပင်ခြေ မြတ်သော ပုလ္လင်ထက်မှာ သဗ္ဗညုတဉာဏ်ကို ရည်ရွယ်တောင့်ပြီး သက်ဝင်တည်နေတဲ့ သူမျိုးဖြစ်ပါတယ်။ သင်ကဲ့သို့သော် ပုဂ္ဂိုလ်တစ်ယောက်အဖို့ မေ့မေ့လျောလျော့ ပေါ့ပေါ့ဆဆ နေထိုင်ခြင်း ဆိုတာ မသင့်ပါပေ.." တဲ့။

ဒီမှာ ' မ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ နေတယ်' ဆိုတာက ဘာပြောတာလဲ?။ ဒကာကြီးတွေ ဘယ်လိုသဘောပေါက်ကြလဲ?၊ သားနဲ့ပျော်တယ်၊ သမီးနဲ့ပျော်တယ်၊ မြေးနဲ့ပျော်တယ်၊ ပစ္စည်းဥစ္စာတွေနဲ့ပျော်တယ်၊ အဖိုးကြီးနဲ့ပျော်တယ်၊ အဖွားကြီးနဲ့ပျော်တယ်။ ဟုတ်သလား။ အဲ့ဒီလို ပျော်နေတာကို ဘာပြောတာလဲ?၊ မ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ နေထိုင်နေကြတယ် တဲ့။

ဒီလို "မေ့မေ့လျော့လျော့ သားသမီး, ဇနီးမယား, သက်ရှိသက်မဲ့ ကာမဝတ္ထုတွေအပေါ်မှာ စွဲလန်းပြီိး နေထိုင်တယ် ဆိုတာက သင်လို မြတ်သော ဗောဓိပင်ခြေ ပုလ္လင်ထက်၌ သဗ္ဗညုတဉာဏ်ကို ရည်ရွယ်တောင့်တပြီး နေတဲ့ ယောကျာ်းကောင်းတစ်ယောက်အဖို့တော့ မတော်ပါဘူးကွယ်" ဒီလို မိန့်ကြားပါတယ်။

ဒီမှာ တပည့်တော်တို့က သဗ္ဗညုတဉာဏ်ကို မျှော်လင့်တောင့်ပြီး နေတဲ့ ပုဂ္ဂိုလ်တွေ မဟုတ်ဘူးလို့ ဒကာကြီးတွေ ဒကာမကြီးတွေ ဘက်က ဆင်ခြေပေးချင် ပေးမယ်။ အတူတူပါပဲ၊ မဂ်ဉာဏ်ဖိုလ်ကို မျှော်လင့်တောင့်တနေတဲ့ ပုဂ္ဂိုလ်အတွက်တော့ မ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနဲ့ နေထိုင်မယ်ဆို တော်ပါ့မလား?။ မသင့်တော်ပါဘူး။

ဒီလို မေ့မေ့လျောလျော့ ပေါ့ပေါ့ဆဆ မနေနဲ့ ဆိုတာ ဘာကိုဆိုလိုချင်လဲဆိုရင်... မိမိအတွက် အားကိုးအားထားပြုရမယ့် သမထ, ဝိပဿနာ ဘာဝနာတစ်ခုခုကို၊ အထူးသဖြင့် ဝိပဿနာဘာဝနာကို မမေ့မလျော့ပဲ အမြဲပွားများအားထုတ်ပါလို့ ဆိုလိုပါတယ်။
(မ၊၂၊၂၃၆။ ဃဋိကာရသုတ္တံ)

"ဖားအောက်တောရဆရာတော်"

Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/
ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်း လမ်းညွှန်နိဒါန်း
••••••••••••••••••••••••••••••••••••••
သမထပိုင်း၌ သမထကမ္မဋ္ဌာန်း (၄၀) ရှိ၏၊ သမာဓိပိုင်းတည်း။ ၀ိပဿနာပိုင်း၌ကား ရုပ်ကမ္မဋ္ဌာန်း နာမ်ကမ္မဋ္ဌာန်းဟု နှစ်မျိုး ရှိ၏။ ရူပပရိဂ္ဂဟ =ရုပ်ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်း၊ အရူပပရိဂ္ဂဟ = နာမ်ကို သိမ်းဆည်းခြင်း ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းဟုလည်း ခေါ်ဆို၏။ 

ထိုနှစ်မျိုးတို့တွင် ဘုရားရှင်သည် ရုပ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူလတ်သော် ---
၁။ အကျဉ်းနှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း၊
၂။ အကျယ်နှလုံးသွင်းနည်း၏ အစွမ်းဖြင့်သော်လည်းကောင်း စတုဓာတု၀၀တ္ထာန် အမည်ရသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာကို ဉာဏ်ဖြင့် ပိုင်းခြားယူကြောင်းဖြစ်သော ဓာတ်ကမ္မဋ္ဌာန်းကို ဟောကြားတော်မူခဲ့လေသည်။
(အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။ ဒီ၊ဋ္ဌ၊၂၊၃၁၄၊၊)

ထိုနှစ်မျိုးတို့တွင် ဤကျမ်း၌ ဓာတ်ကမ္မဋ္ဌာန်း အကျဉ်းရှုပွားနည်းကို ရှေးဦးစွာ ရေးသားတင်ပြ၍ ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်းကို နောက်တွင် ဆက်လက်၍ ရေးသားတင်ပြမည် ဖြစ်သည်။

ရဟန်းတို့ ...နောက်တစ်မျိုးသော်ကား ယောဂါဝစရ ရဟန်းတော်သည် တည်မြဲတိုင်းသော ထားမြဲတိုင်းသော ဤခန္ဓာကိုယ်ကြီးကိုပင်လျှင် "ဤခန္ဓာကိုယ်ကြီး၌ ပထ၀ီဓာတ်သည် ရှိ၏၊ အာပေါဓာတ်သည် ရှိ၏၊ တေဇောဓာတ်သည် ရှိ၏၊ ၀ါယောဓာတ်သည် ရှိ၏"ဟု ဓာတ်သဘောအားဖြင့် အသီးအသီး တစ်လုံးစီ တစ်လုံးစီ ဆင်ခြင်သုံးသပ်ရှုပွား၍ နေပေ၏။ (မ၊၁၊၇၃။)

ဤအထက်ပါ ဒေသနာတော်ကား မဟာသတိပဋ္ဌာနသုတ္တန် ဓာတုမနသိကာရပိုင်းတွင် လာရှိသော ဓာတ်ကမ္မဋ္ဌာန်း ပြည်တည်ခန်းပင် ဖြစ်၏။ ယောဂါဝစရပုဂ္ဂိုလ်သည် ဤရူပကာယခန္ဓာကိုယ်ကြီး၏ အရိုးကြား၊အကြောကြား၊ အသားကြား၊ အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ဉာဏ်ဖြင့် စိုက်၍ ပထ၀ီဓာတ် အာပေါဓာတ် တေဇောဓာတ် ၀ါယောဓာတ် ဟူသော ဓာတ်ကြီးလေးပါးတို့၏ ကိုယ်ပိုင်သဘာဝလက္ခဏာ အသီးအသီးကိုဉာဏ်ဖြင့် သိအောင် မြင်အောင် ကြည့်ရှုရမည်ဖြစ်သည်။ အကယ်၍ ဤကဲ့သို့လွယ်လွယ်ကူကူဖြင့် မရှုတတ်သေး မမြင်သေးပါက ဤခန္ဓာကိုယ်၏ အရိုးကြား၊ အကြောကြား၊ အသားကြား၊ အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ ဦးခေါင်းမှသည် ခြေထောက်သို့ တိုင်အောင် ခြေဆုံး ခေါင်းဆုံးအောက်ပါအတိုင်း ရှုပါ။
(ယောဂါဝစရပုဂ္ဂိုလ် အနေဖြင့် အာနာပါနဖြင့်ဈာန်သမာဓိများအဆင့်ဆင့်မရခဲ့သော်လည်း ယခုဓာတ်ကမ္မဋ္ဌာန်း အားထုတ်နည်းဖြင့်လည်း အားထုတ်ကာ ဝိပဿနာသို့ ကူးနိုင်ပါတယ် ။ သို့ရာတွင်အနီးကပ်သင်ကြားပေးသော ဆရာမရှိပါက အခက်အခဲအနည်းငယ်ဖြစ်တတ်ပါတယ်။ ဓာတ်များ၏ဖောက်ပြန်မှုကို ဖြေဖျောက်ဖို့ရာ အနီးကပ်ဆရာ၏ ညွန်ကြားမှုလိုအပ်ပါတယ်။ ယခုအခါ၌ အာနာပါနမှစ၍ ဈာန်သမာဓိ အဆင့်ဆင့်တက်ကာ ဓာတ်ကမ္မဋ္ဌာန်းအဆင့်ဆင့်သွားပုံကို တင်ပြပေးပါမယ်။ ဈာန်သမာဓိမရသေးသော သူတော်ကောင်းအနေဖြင့် ဈာန်သမာဓိ ပြုလုပ်ရမည့်နေရာအား ချန်ထား၍ အားထုတ်နိုင်ပါတယ်။)

ဝ-လုံးတန်းက စပါ
.........................
ဗျည်း (၃၃)လုံးတွင် က-ကြီး, ခ-ခွေးက စသည် မှန်သော်လည်း ကလေးသူငယ်တစ်ဦးကို သင်ပေးရာ၌ ၀-လုံးက လွယ်ကူသဖြင့် ၀-လုံးတန်းက စ၍ သင်ပြပေးရသကဲ့သို့ အလားတူပင် ၀ါယောဓာတ်၏ တွန်းကန်မှု သဘောမှာလည်း ၀-လုံးနှင့် တူနေ၏။ ယောဂီအများစု၌ ရှု၍ လွယ်ကူသည်ကို တွေ့ရ၏။ ထို့ကြောင့် အထက်ပါစနစ်ဖြင့် မအောင်မြင်ပါက ၀-လုံးတန်းက စရှုကြည့်ပါ။

အသင်သူတော်ကောင်းသည် ဦးခေါင်း၏ အလယ်ဗဟိုလောက်တွင် ဘာဝနာစိတ်ကို စိုက်ထားပါ၊ အသက်ရှူသွင်းလိုက်သောအခါ အသက်ရှူထုတ်လိုက်သောအခါ တွန်းကန်နေသည့် သဘောကို ထိုနေရာ၌ ဉာဏ်ဖြင့် စိုက်၍ ရှုကြည့်ပါ။ အသက်ရှူသွင်းလိုက်တိုင်း ရှူထုတ်လိုက်တိုင်း တွန်းနေသည့်သဘောကို ဉာဏ်ဖြင့် စူးစူးစိုက်စိုက် ကြည့်ပါ၊ လေကို မကြည့်ပါနှင့်။ ဆွမ်းလုတ်ကို ၀ါးသောအခါ ပါးအတွင်း၌ တွန်းကန်နေသည့် ပုံစံမျိုး ဖြစ်သည်။ တွန်းကန်မှုသဘောကို တွေ့ရှိသောအခါ ထိုတွန်းကန်မှုသဘော၌သာ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာ ကပ်ထားပါ။ ဤစနစ်ဖြင့်လည်း အောင်မြင်မှုကို မရရှိပါက မိမိ ရရှိထားပြီးသည့် အာနာပါနစတုတ္ထဈာန်သမာဓိကို အလိုရှိပါက သြဒါတကသိုဏ်း စတုတ္ထဈာန် သမာဓိကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ သမာဓိ၏စွမ်းအင်များ ပြည့်ဝလာသော အခါ၌ တွန်းကန်မှုသဘောကို အထက်ပါ အတိုင်း တစ်ဖန် ပြန်၍ ရှုကြည့်ပါ။

အာနာပါနစတုတ္ထဈာန်သမာဓိ သို့မဟုတ် သြဒါတကသိုဏ်း စတုတ္ထဈာန်သမာဓိတို့မှာ (ဤကျမ်းစာ၌ ရေးသားတင်ပြထားသည့်အတိုင်း ဆိုရမူ)
အသင်သူတော်ကောင်း၏ ၀ိပဿနာ၏ အခြေပါဒက အကြောင်းရင်းဈာန်ပင်ဖြစ်သည်။ ယင်းသမာဓိကို စွမ်းအင် ပြည့်ဝလာအောင် လင်းရောင်ခြည် စွမ်းအင်များ အားကောင်းလာသည့်တိုင်အောင် ထူထောင်ပါ။ တရားထိုင်တိုင်းအခက်အခဲရှိတိုင်း လိုက်နာပြုကျင့်ရမည့် ဥပဒေသ တစ်ခု ဖြစ်သည်။

တွန်းကန်မှုသဘောကို ဦးခေါင်းအတွင်း၌ ထင်ထင်ရှားရှား တွေ့မြင်သောအခါ ထိုတွန်းကန်မှု သဘောတရားအပေါ်၌ ဘာဝနာစိတ်ကို ငြိမ်ဝပ်စွာကပ်ထားပါ။ တွန်းကန်မှုသဘောတရားအပေါ်၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာ ကပ်၍ တည်နေသောအခါ ယင်းတွန်းကန်မှု သဘောတရားသည်လည်းအလွန် ထင်ရှားလာမည် ဖြစ်သည်။ ထင်ရှားလာသောအခါ ဦးခေါင်း၏ အတွင်းပိုင်းမှသည် ဦးခေါင်း၏ အပြင်ဘက်သို့တိုင်အောင် တစ်စတစ်စ တဖြည်းဖြည်း တွန်းကန်မှုသဘောတရားကို ထင်ထင်ရှားရှား မြင်တွေ့အောင် ဉာဏ်ဖြင့် လိုက်ကြည့်ပါ။ အရိုးကြား၊ အကြောကြား၊ အသားကြား၊ အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ လိုက်ကြည့်ပါ။ ဦးခေါင်း တစ်ခုလုံး၌ တွန်းကန်မှုသဘောတရားကို ထင်ထင်ရှားရှား တွေ့မြင်သောအခါ လည်ပင်းရင်ဘတ် ၀မ်းဗိုက်စသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ ဉာဏ်ကို စေလွှတ်၍ အရိုးကြား၊ အကြောကြား ၊အသားကြား၊ အရေကြားသို့ ဉာဏ်တည်းဟူသော လက်ကို သွင်း၍ လိုက်ရှုပါ။

တစ်ကိုယ်လုံး၌ ခြေဆုံးခေါင်းဆုံး တွန်းကန်မှုသဘောတရားကို ထင်ထင်ရှားရှား တွေ့မြင်သောအခါ အသင်သူတော်ကောင်းသည် ဓာတ်သဘောတရားတစ်ခုကို ရှုပွားမှု၌ အောင်မြင်သွားပြီ ဖြစ်သည်။ ၀-လုံးတစ်လုံးကို ၀ိုင်းစက်အောင် ရေးတတ်သွားပေပြီ။ အကယ်၍ ၀င်လေ ထွက်လေ၌ တွန်းကန်မှုသဘောကို စိတ်စိုက်ရှုသော်လည်း ထင်ထင်ရှားရှား မတွေ့ ၍သော်လည်းကောင်း ၀မ်းဗိုက်မှ စတင်၍ ရှုရန် စိတ်က ပို၍ ထက်သန်နေသော်လည်းကောင်း ထိုအခါမျိုး၌လည်း ၀မ်းဗိုက်ဝယ် တွန်းကန်မှု ထင်ရှားရာနေရာမှစ၍ တစ်ကိုယ်လုံး၌ တွန်းကန်မှုသဘောတရားကို မြင်အောင် အလားတူပင် ဆက်ရှုနိုင်ပေသည်။

မာ-ကြမ်း-လေး-ထောက် ကိုရှုပါ
...............................
တွန်းကန်မှုသဘောတရားတစ်ခုကို ခန္ဓာအိမ်တစ်ခုလုံး၌ အနှံ့အပြားထင်ထင်ရှားရှား တွေ့မြင်သောအခါ နည်းတူပင် မာမှု ထင်ရှားသည့် တစ်နေရာက စ၍ အထူးသဖြင့် သွားနှစ်ခုထိထားသည့် နေရာက စ၍ မာမှု သဘောတရားကို တစ်ကိုယ်လုံး အနှံ့အပြား မြင်အောင် ဆက်ရှုပါ။ ထင်ရှားလာသောအခါ တွန်းမှု မာမှု သဘောတရားနှစ်မျိုးကို ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာရှုပါ။ ဣရိယာပုထ် လေးပါးလုံး၌ ကွေးရာ ဆန့်ရာ စသည့် ကိုယ်အမူအရာ အားလုံးတို့၌လည်း ယင်း တွန်းမှု မာမှု ဓာတ်များကို ရှုနိုင်အောင် ကြိုးစားပါ။

တွန်းမှု မာမှု သဘောတရားနှစ်ခုကို ထပ်ကာထပ်ကာ ရှုခဲ့သော် ကျန်းမှု(ကျန်းတန်းမှု = ကြမ်းတမ်းမှု) သဘောကို ဉာဏ်ဖြင့် တွေ့မြင်လာတတ်သည်။ ခန္ဓာကိုယ်ကို သဲဖြင့် ပွတ်သပ်သကဲ့သို့ ကျန်းမှုသဘောကို တွေ့မြင်တတ်သည်။ မတွေ့သော် ကျန်းမှု ထင်ရှားသည့် တစ်နေရာက စ၍ ကျန်းမှုသဘောကို မြင်အောင် ရှုပါ။ လက်ဖ၀ါးကို ပက်လက်လှန်၍ လက်ဖမိုးဖြင့် အ၀တ်ကို ပွတ်ကြည့်ပါ။ အပေါ်အံသွားထိပ်ကို လျှာဖြင့် ပွတ်ကြည့်ပါ၊ ကျန်းမှုသဘောကို ထင်ထင်ရှားရှား တွေ့နိုင်သည်။ ယင်းသို့ ထင်ရှားသည့် တစ်နေရာမှ စ၍ တစ်ကိုယ်လုံး၌ ကျန်းမှု သဘောတရားကို မြင်အောင် ဆက်ရှုပါ။

အောင်မြင်မှု မရခဲ့သော် ထိုကျန်းမှု ထင်ရှားသည့် နေရာ၌ပင် တွန်းမှု-မာမှုကျန်းမှု သဘောတရားတို့ကို ပူးတွဲ ရှုကြည့်ပါ။ ဆင်ရိုင်းတစ်ကောင်ကို ယဉ်ကျေးသည့် ဆင်တစ်ကောင်ဖြင့် ချော့၍ မျှား၍ ဖမ်းယူသကဲ့သို့ မထင်ရှားသည့် ဓာတ်ကို တွေ့ရှိအောင် ထင်ရှားသည့် ဓာတ်ဖြင့် ပူးတွဲရှုခြင်းဖြစ်သည်။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အောင်မြင်မှုကို မရခဲ့သော် မိမိ ရရှိထားပြီးသည့် ဈာန်သမာဓိများကို တစ်ဖန် ပြန်လည်၍ ထူထောင်ဖို့ လိုအပ်ပါသည်။

သမာဟိတော ယထာဘူတံ ဇာနာတိ ပဿတိ။
(အံ၊၃၊၂၅၉။)
သမာဓိရှိသော ပုဂ္ဂိုလ်သည် မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ သိ၏၊မြင်၏။ (အံ၊၃၊၂၅၉။) - ဟု ဘုရားရှင် ဟောကြားထားတော်မူသောကြောင့် သမာဓိကို စွမ်းအင်ပြည့်ဝလာအောင် တစ်ဖန် ပြန်၍ ထူထောင်ရခြင်း ဖြစ်သည်။ သမာဓိ၏အရှိန်အ၀ါ အားကောင်းလာသောအခါ တွန်းမှု မာမှု ကျန်းမှု သဘောတရားတို့ကို တစ်ဖန် ပြန်၍ ရှုကြည့်ပါ။ အောင်မြင်မှုကို ရရှိသောအခါ လေးမှု သဘောတရားတစ်ခုကို ခန္ဓာကိုယ်ဝယ် လေးမှု ထင်ရှားရာနေရာမှ စ၍ တစ်ကိုယ်လုံး၌ အနှံ့အပြား မြင်အောင် ရှုကြည့်ပါ။ မထင်ရှားပါက ထိုင်နေသည့် ကြမ်းပြင်ကို တင်ပါးဖြင့် အနည်းငယ် ဖိကြည့်ပါ၊ သို့မဟုတ် ပေါင်ပေါ်သို့ တင်ထားသော လက်ကိုအနည်းငယ် ဖိကြည့်ပါ။ အောင်မြင်မှုကို ရတတ်ပါသည်။ အောင်မြင်ခဲ့သော် တွန်းမှု မာမှု ကျန်းမှု လေးမှုသဘောတရားတို့ကို ကြိမ်ဖန်များစွာ ထပ်ကာ ထပ်ကာ ရှုပါ။ ဓာတ်သဘောတရား တစ်ခုကို ရှုသော်လည်း ဓာတ်သဘောတရားအားလုံးကိုပင် ပြိုင်တူလိုလို ဉာဏ်၌ ထင်မြင်နေပါက ပို၍ကောင်းသည်သာ ဖြစ်သည်။

ထိုနောင် ထောက်ကန်မှု သဘောတရားကို ဆက်ရှုနိုင်သည်။ ထောက်ကန်မှု ဟူသည် ပြိုလဲတော့မည့် အိမ်တစ်အိမ်ကို ကျားခေါ်သည့် သစ်သား တစ်ချောင်းဖြင့် ထောက်ကန်ထားလိုက်သောအခါ မပြို မလဲတော့ဘဲ တည်ငြိမ်စွာ ရပ်တည်နေသကဲ့သို့ အလားတူပင် ဤခန္ဓာအိမ်ကြီး၌လည်း - သွားလျှင် သွားသည့် ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် မပြိုမလဲရအောင်၊
ရပ်လျှင် ရပ်သည့် ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် မပြိုမလဲရအောင်၊ ထိုင်လျှင် ထိုင်သည့်ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် မပြိုမလဲရအောင်၊ အိပ်လျှင်လည်း အိပ်သည့် ဣရိယာပုထ်အတိုင်း တည်ရှိနေအောင် မပြိုမလဲရအောင် ထောက်ကန်ထားသည့် ထိန်းထားသည့် သဘောတရားတစ်ခု ဖြစ်သည်။ ယင်းထောက်ကန်မှု သဘောတရားကို မာမှုသဘောတရားနှင့် တွဲရှုပါက ပို၍ သဘောပေါက်မြန်တတ်ပါသည်။

အကယ်၍ မထင်ရှားပါက ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ကြည့်ပါ။ မပြိုမလဲရအောင် ထိန်းထားသည့် ထောက်ကန်ထားသည့် ငြိမ်အောင် ထိန်းထားသည့်သဘောကို ဉာဏ်ဖြင့် မြင်အောင်ကြည့်ပါ။ အောင်မြင်မှုကို ရရှိတတ်ပါသည်။ အောင်မြင်မှုကို ရခဲ့သော် တစ်ကိုယ်လုံး၌ အနှံ့အပြားမြင်အောင် ဆက်ရှုပါ။ မာမှုသဘောနှင့် ကပ်၍ ရှုပါက ခန္ဓာအိမ်ကို ထားမြဲတိုင်း တည်မြဲတိုင်းသော ဣရိယာပုထ်အတိုင်း မပြိုမလဲရအောင် တုတ်နှင့် လျှိုထားသကဲ့သို့ မတ်နေအောင် ထိန်းထားသည့် ထောက်ကန်မှု သဘောကို ပို၍ လျင်မြန်စွာ သဘောပေါက်တတ်သဖြင့် မာ-ကျန်း-လေးဟူသော ဂရုပထ၀ီဓာတ်တို့ကို ရှုပြီးမှ ထောက်ကန်မှု ၀ါယောဓာတ်ကို ရှုရန် တင်ပြရခြင်း ဖြစ်သည်။ အလွယ်မှ အခက်သို့ ကူးတက်သည့် သဘောဖြစ်သည်။

အမည်ပညတ်၌ သောင်တင် မနေပါစေနှင့်
...........................................................
ပထ၀ီဓာတ်ဟူသော အမည်နာမပညတ်ပေါ်၌ ဘာဝနာစိတ်ကို မထားဘဲ မာ-ကျန်း-လေး-ပျော့-ချော-ပေါ့ဟူသော ပထ၀ီဓာတ်၏ သဘောတရား အပေါ်၌သာ ဘာဝနာစိတ်ကို ထားရမည်။ အာပေါဓာတ်ဟူသော အမည်နာမပညတ်ပေါ်၌ ဘာဝနာစိတ်ကို မထားဘဲ ယိုစီးမှု-ဖွဲ့စည်းမှုဟူသော အာပေါဓာတ်၏ သဘောတရားအပေါ်၌သာ ဘာဝနာစိတ်ကို ထားရမည်။ တေဇောဓာတ်ဟူသော အမည်နာမပညတ်ပေါ်၌ ဘာဝနာစိတ်ကိုမထားဘဲ ပူမှုသဘော အေးမှုသဘောဟူသော တေဇောဓာတ်၏ သဘောတရားအပေါ်၌ သာ ဘာဝနာစိတ်ကို ထားရမည်။ ၀ါယောဓာတ်ဟူသော အမည်နာမပညတ်ပေါ်၌ ဘာဝနာစိတ်ကိုမထားဘဲ ထောက်ကန်မှုသဘော တွန်းကန်မှုသဘောဟူသော ၀ါယောဓာတ်၏ သဘောတရားအပေါ်၌သာ ဘာဝနာစိတ်ကို ထားရမည်။ အမည်နာမပညတ်အပေါ်၌ ဘာဝနာစိတ်ကို သောင်တင်မနေစေဘဲ ဓာတ်ကြီးလေးပါးတို့၏ ပရမတ်အာရုံပေါ်၌သာ ဘာဝနာစိတ်ကို ကပ်ထားပါ။

ဥပစာရမှ ဈာန်သမာဓိ ကူးနိုင်ပုံ
.............................................
အသင် သူတော်ကောင်းသည် သုဒ္ဓ၀ိပဿနာယာနိကပုဂ္ဂိုလ်ဖြစ်၍ သမထတစ်ခုခုဘက်သို့ ပြောင်း၍ သမာဓိကို ထူထောင်လိုပါက ရှေးဦးစွာ ဓာတ်ကြီးလေးပါးကို အာရုံယူ၍ သမာဓိကိုထူထောင်ပါ။ အထက်တွင် တင်ပြခဲ့သည့်အတိုင်း ရေခဲတုံး ဖလ်တုံး မှန်တုံးကဲ့သို့ ကြည်နေသော အကြည်တုံး အကြည်ပြင်၌ တည်ရှိသော ဓာတ်ကြီးလေးပါးကိုပင် အာရုံယူ၍ ဆက်လက်ကာ သမာဓိကိုထူထောင်ပါ။ လင်းရောင်ခြည်များသည် နာရီဝက်တစ်နာရီခန့် ပြိုးပြိုးပြက်ပြက် အရောင်တလက်လက် တောက်ပလာသောအခါ သမထကမ္မဋ္ဌာန်းပိုင်းတွင် ရေးသားတင်ပြခဲ့သည့်အတိုင်း ---
၁။ (၃၂)ကောဋ္ဌာသ၊
၂။ အရိုးစုကမ္မဋ္ဌာန်း၊
၃။ သြဒါတကသိုဏ်းနှင့် ကြွင်းကသိုဏ်းများ။

ဤကမ္မဋ္ဌာန်းတို့ကို အစဉ်အတိုင်း ရှုနိုင်ပါသည်။ သြဒါတကသိုဏ်း၌ စတုတ္ထဈာန်သမာဓိသို့ ဆိုက်သောအခါ အခြား သမထကမ္မဋ္ဌာန်းများသို့ လည်းကောင်း အထူးသဖြင့် စတုရာရက္ခ ကမ္မဋ္ဌာန်းများသို့လည်းကောင်း ပြောင်းရှုလိုက ရှုနိုင်ပေပြီ။ (ကသိုဏ်း ၁၀-ပါး၊သမာပတ် ၈-ပါးရှုကွက်၊ ဗြဟ္မစိုရ်တရား ၄-ပါးရှုကွက်၊စတုရာရက္ခကမ္မဋ္ဌာန်းရှုကွက်တို့ကို သမထကမ္မဋ္ဌာန်းပိုင်းတွင် ပြန်ကြည့်ပါ။)

အကယ်၍ ၀ိပဿနာသို့ ကူးလိုက ရုပ်ကမ္မဋ္ဌာန်း
ပါအတိုင်း ဆက်လက် လေ့ကျင့်ပါ။
(အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။ ဒီ၊ဋ္ဌ၊၂၊၃၁၄။)

"ဖားအောက်တောရဆရာတော်"

Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/
ထင်းကုလားတုံး နဲ့ပမာတူသောသူ
•••••••••••••••••••••••••••••••
"ဧ၀ံ ပဗ္ဗဇိတော စာယံ, ဘိက္ခဝေ, ကုလပုတ္တော။ သော စ ဟောတိ အဘိဇ္ဈာလု ကာမေသု တိဗ္ဗသာရာဂေါ ဗျာပန္နစိတ္တော ပဒုဋ္ဌမနသင်္ကပ္ပေါ မုဋ္ဌဿတိ အသမ္ပဇာနော အသမာဟိတော ၀ိဗ္ဘန္တစိတ္တော ပါကတိန္ဒြိယော။ 

သေယျထာပိ ဘိက္ခဝေ, ဆ၀ါလာတံ ဥဘတောပဒိတ္တံ မဇ္ဈေ ဂူထဂတံ, နေ၀ ဂါမေ ကဋ္ဌတ္ထံ ဖရတိç နာရညေ ကဋ္ဌတ္ထံ ဖရတိ။ တထူပမာဟံ ဘိက္ခဝေ ဣမံ ပုဂ္ဂလံ ၀ဒါမိ ဂိဟိဘောဂါ စ ပရိဟီနော သာမညတ္ထဉ္စ န ပရိပူရေတိ။" 

"ရဟန်းတို့ ဤသို့ ရဟန်းပြုသော အမျိုးသားသည်လည်း မက်မောခြင်း 'အဘိဇ္ဈာ' များသူ ကာမတို့၌ ထက်သော စွဲမက်မှုရှိသူ ဖျက်ဆီးလိုသော စိတ်ရှိသူ ပြစ်မှားလိုသော စိတ်အကြံရှိသူ သတိမေ့လျော့သူ ပညာဆင်ခြင်တုံ မရှိသူ မတည်ကြည်သူ တုန်လှုပ်သော စိတ်ရှိသူ ဣနြေ္ဒတို့ကို မစောင့်စည်းသူ ဖြစ်ခဲ့အံ့၊ ရဟန်းတို့ နှစ်ဖက်မှ ရဲရဲလောင်နေသော အလယ်မှ မစင်ပေနေသော သူကောင်မြှိုက် ထင်းကုလားတုံးမီးစသည် ရွာ၌လည်း ထင်းကိစ္စကို မပြီးစေနိုင်၊ တော၌လည်း ထင်းကိစ္စကို မပြီးစေနိုင် သကဲ့သို့ ထိုနည်းတူစွာ ဤပုဂ္ဂိုလ်ကို လူ့စည်းစိမ်မှလည်း ယုတ်သူ ရဟန်းပြုကျိုးကိုလည်း မပြည့်စုံစေနိုင်သူဟု ငါဆို၏။"မိန့်တော်မူပါတယ်။

ဘုရားရှင်ကဘယ်လိုမိန့်လဲ ရှင်ရဟန်းဖြစ်လာပြီးနောက် လောဘတွေကကြီးလိုက်တာ၊ဒေါသ တွေကလည်းများ ကမ္မဋ္ဌာန်းအာရုံက လက်လွတ်နေတယ်။ဝိဿနာအာရုံကလည်း လက်လွတ်နေတယ်။တည်ကြည်တဲ့စိတ်ဓာတ်ကလည်းမရှိဘူး၊ စိတ်ဓာတ်တွေက အမြဲတန်းတုန်လှုံ့နေတယ်။ သူ့ဣနြေ္ဒသိက္ခာကိုကြည့်တာနဲ့ လောဘဖြစ်မှန်း ဒေါသဖြစ်မှန်း မာန်မာနဖြစ်မှန်း သိပ်ပြီးပေါ်လွင်နေတယ်။

အဲ့လိုပုဂ္ဂိုလ်မျိုးကို ဘုရားရှင်ကဘာမိန့်လဲ " ထင်းကုလားတုံး ဆိုတာ လူသေကောင် ရှို့တဲ့နေရာမှာသုံးတဲ့ တစ်ပေဝန်းကျင်လောက် ဖြတ်ထားတဲ့ သစ်သားတုံးလေးတွေပါ၊ ဒီတုံးတွေပေါ် လူသေကောင်ကိုတင်ပြီးမီးရှို့လိုက်တယ်၊ တစ်ချို့ထင်းတုံးတွေက အကုန်မီးမလောင်ဘဲ တစ်ပိုင်းတစ်စကျန်နေတယ်။ဟိုဘက်ထိပ်လည်းမီးလောင်ထားတယ် ဒီဘက်ထိပ်လည်း မီးလောင်ထားတယ် အလယ်ကောင်ကတော့ မီးမလောင်ဘူးကျန်နေတယ် ဘာလို့လဲ သေကောင်လောင်ပြီးတော့တော်လောက်ပြီ ဆိုပြီးရေဖြန်းလိုက်တော့ အလယ်ကကျန်နေတယ် ။

ထိုမီးမလောင်ဘဲကျန်တဲ့ ထင်းကုလားတုံးပေါ်မှာ တောထဲ ထင်းခုတ် ဖက်ခူးဖို့လာတဲ့ သူတစ်ချို့က မအောက်နိုင်တော့ သုဿံထဲဝင်ပြီး မစင်စွန့်ပြန်ကော ထိုင်စရာကအချိုးမကျတော့ ထင်းကုလားတုံးအလယ်ခေါင်ပေါ် ထက်ထိုင်ပြီးမစင်ကစွန့်လိုက်မိသားဖြစ်နေတယ်။

အလယ်ခေါင်မှာ မစင်တွေကလူးလီးပေကျန်နေတယ် နှစ်ဖက်သောထိပ်မှာတော့ မီးကကျွမ်းထားတယ် ။ဒီထင်းကုလားတုံးကို ယူဆောင် ပြီးတော့ ရွာထဲမှာ စာပွဲလေး ကုလားထိုင်လေး ပြုလုပ်မယ်ဆို ရပါတော့မလား ? ။ တောထဲမှာလည်း သုံးမယ်ဆိုရပါတော့မလား ?။ မရတော့ဘူး ၊ ရွာထဲလည်းသုံးလို့မရ တောထဲလည်းသုံးလို့မရဘူး။

ဒီလိုပုဂ္ဂိုလ်မျိုးကို ထင်းကုလားတုံးဥပမာတင်၍ ဟောတော်မူတယ် ၊ ဘယ်လိုကြောင့်လဲ? ။ရှေ့တစ်ဖက်မီးလောင်ထားသလို လူတို့ရရှိမည့် စည်းစိမ်ဥစ္စာလည်းဆုံးရှုံးခဲ့ပြီ နောက်တစ်ဖက်မီးလောင်ထားသလို ရဟန်းတို့ ရသင့်ရထိုက်သော မဂ်ဖိုလ်နိဗ္ဗာန်သည်လည်း ဆုတ်ယုတ်ခဲ့ပြီ။ နှစ်ဖက်လုံးကလည်း ပျက်စီးနေပြီ အလည်ခေါင်ကလည်း သီလ သမာဓိကိုမကျင့်ကျန်ဘဲ လောဘ ဒေါသ စတဲ့ ကိလေသာမစင်တွေကလည်း လူးလီးပေကျန်နေတယ် ။အဲ့လိုပုဂ္ဂိုလ်မျိုးကို ဘုရားရှင် ဘယ်လိုဟောထားလဲ " ထင်းကုလားတုံး " နဲ့ပမာတူသောသူလို့ဆိုပါတယ်။

(ခန္ဓဝဂ္ဂပါဠိ-သံ-၂၊ခဇ္ဇနီယဝဂ္ဂ၊ပိဏ္ဍောလျသုတ္တံ)
(ဗြဟ္မနိမန္တနိကသုတ္တန် မှ)

"ဖားအောက်တောရဆရာတော်"

Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

အဆုံးအမကို လိုက်နာသော တပည့်ကောင်း
•••••••••••••••••••••••••••••••••••••••
ဆရာသမားက ဆိုဆုံးမတဲ့အခါ " မလိုက်နာဘူးဘာဖြစ်လဲ "တဲ့။ အဲ့ဒီအကြောင်းနဲ့ ပတ်သတ်လို့ " ဂန္ဓာရ ဇာတ် " လေးကိုဟောဖို့ရှိပါတယ်။ ဒီဇာတ်လေးက မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေစဉ်က ရဟန်းတော်တွေ ဘေသဇ္ဇ လို့ခေါ်တဲ့ ဆေးပစ္စည်းတွေကို သိုမှီးသိမ်းဆည်းကို အကြောင်းကိုပြုပြီး ဆိုဆုံးမခဲ့ပါတယ်။

ဂန္ဓာရတိုင်းကို အုပ်စိုးနေသော ဂန္ဓာရမင်းနဲ့ ဝိဒေဟတိုင်းကို အစိုးရသော ဝိဒေဟမင်းတို့ဟာ လူခြင်းမတွေ့ပေမယ့် အဆွေခင်ပွန်းများဖြစ်ကြပါတယ်။ ဂန္ဓာရမင်း သည် တစ်နေ့ သံဝေဂရစရာအကြောင်း ပေါ်လာ၍ မင်းစည်းစိမ်ကို စွန့်ကာ ရသေ့ရဟန်းပြု၍ ဟိမဝန္တာသို့ဝင်ကာ တောထွက်လေသည်။ ဒီအကြောင်းကိုကြားတော့ ဝိဒေဟမင်းလည်း လိုက်၍ ရသေ့ရဟန်းပြုကာ တောထွက်လေသည်။ 

ရသေ့နှစ်ပါးသည် တောထဲ၌ သစ်သီးသစ်ဥကိုသာစားပြီးနေထိုင်လာရာက နှစ်ကာလကြာလာသောအခါ အချဉ် ဆားကို မှီဝဲရန် အလို့ငှာ ဟိမဝန္တာ မှထွက်ကာ နယ်စွန်ရွာလေးတစ်ရွာသို့ ချဉ်းကပ်၍ ဆွမ်းခံကြ၏။ ရွာသူရွာသားတို့သည် တစ်ခါတရံ ဆားမပါသော ဆွမ်းကိုလောင်းလှူတတ် ကြသဖြင့် ဆားခပ်များများရသော တစ်နေ့မှာ ဝိဒေဟရသေ့သည် ဆားအနည်ကို ဖက်နှင့်ထုပ်၍ သက်ငယ်အမိုးကြား၌ ထိုးညှပ်ထားသည်။

ဆားမရသော တစ်နေ့တွင် ဝိဒေဟရသေ့သည် ခေါင်မိုးကြားကဆားထုပ်ကိုယူကာ ဂန္ဓာရရသေ့အားကပ်လိုက်၏။ ထိုအခါ ဂန္ဓာရရသေ့က " ဒီနေ့ဆားမရပါဘူးကွယ် သင်ဘယ်ကရသလဲ " လို့မေးမြန်း၏။ ဝိဒေဟရသေ့က အကြောင်းကိုပြောပြလိုက်တယ်။ ဂန္ဓာရရသေ့က " မဂ်ဖိုလ်မှ အချည်းအနှီးဖြစ်သော ယောက်ျား ၊ သင်သည် ယူဇာနာသုံးရာရှိသော ဝိဒေဟတိုင်းကို စွန့်ထားခဲ့ပြီးမှ ရသေ့ရဟန်းပြုလာသူဖြစ်ပါလျက်ယခု ဤဆားလေးတစ်ပွင့် နှစ်ပွင့်ကို တပ်စွန်းနေဘိသည် " ဟု ဆုံးမ စကားဆိုလေသည်။

ဝိဒေဟရသေ့က " အရှင်ဘုရားသည် မိမိအပြစ်ကို မမြင်ဘဲ တပည့်တော်၏ အပြစ်သာ အရှင်ဘုရားသည်မြင်၏။ "ကဲ...သီလရှင်တွေ ပြောတာနဲ့ တူမနေဘူးလား ?။ နောက်သူကထပ်ပြောတယ်... " ဆရာသည် သူတစ်ပါးကို မဆုံးမလို၍ ဂန္ဓာရတိုင်းကို စွန့်ပြီး ရသေ့ရဟန်းပြုလာသူဖြစ်ပါလျက် ယခု ဤတောထဲသို့ ရောက်လာပြီးခါမှ အဘယ်ကြောင့် ကျွန်ုပ်ကို ဆုံးမချင် နေပါသနည်း " ဟု ဂန္ဓာရရသေ့ကို ပြန်ပြောတယ်။ ဒီလိုဆုံးမတာကို ဝိဒေဟရသေ့ကသည်းခံနိုင်တဲ့ စိတ်ထားမရှိဘူးတဲ့။ ငြိမ်နေလိုက်ရင်ကော မကောင်းဘူးလား?။ ဒီလိုမဟုတ်ဘူး သူကဆန့်ကျင်ဘက် ရပ်တည်လိုက်တယ်။

ဒါဘာပြောတာလဲ? ။ ဆရာကဆိုဆုံးမရင် လက်မခံနိုင်တဲ့ စိတ်ထားဘဲ။ " လာမပြောနဲ့ ၊မလိုက်နာတော့ဘာဖြစ်လဲ " သူတော်ကောင်းဆိုတာ ဒီလိုစိတ်ထားမျိုးရှိသင့်သလား?။ မရှိသင့်ဘူးနော်။ ရိုးရိုးသားသား ဆိုဆုံးမတာကိုတော့ သြဝါဒ ၊ အပြစ်ပြပြီး ဆိုဆုံးမတာကိုတော့ အနုသာသနေ လို့ခေါ်ပါတယ်။ ငါ့ကို ဆိုဆုံးမကောင်းလား ဆိုပြီးအခဲမကြေဖြစ်နေပြီ။ ဒီလိုဆို ဒီပုဂ္ဂိုလ်သည် သူတော်ကောင်းဖြစ်နိုင်ပါတော့မလား?။ သတိရှိကြ။

ဂန္ဓာရရသေ့က " အဆုံအမပေးတယ်ဆိုတာ သမ္မာသံဗုဒ္ဓဘုရားရှင်တွေ၊ ပစ္စေကဗောဓိဘုရားရှင်တွေ ဗုဒ္ဓသားသာဝကတွေ၊ ဘုရားလောင်းလျာတွေရဲ့ အစဉ်အလာတစ်ခုလည်းဖြစ်တယ်။ ထိုအဆုံအမကို လူမိုက်တို့သည် မလိုက်နာကြကုန်။ ထိုသို့ ဆိုဆုံးမသူမှာတော့ မည်သည့်မကောင်းမှုမှ မကျရောက်နိုင်ပေ " တဲ့။ ဒီလိုဆိုဆုံးမနေတာကို င့ါအားမြုပ်နှံထားတဲ့ရွှေအိုးကို တူးဖော်ပေးနေတာ မမည်ဘူးလား?။မည်ပါတယ်။

ဝိဒေဟရသေ့ကထပ်ပြီးပြောပြန်တယ် ...
" ဆရာ ဂန္ဓာရရသေ့ အကျိုးစီပွားတစ်ကို ဆက်စပ်၍ ပြောတယ်ဆိုရင်လဲ သူတစ်ပါးကို ဆိုဆုံးမတဲ့ သူဟာ၊ သူတစ်ပါးကို ထိပါးပုတ်ခက်၍ ချုပ်ချယ်စောင်းမြောင်းတဲ့ စကားကို မပြောသင့်ပါဘူး " လို့ပြန်ပြောတယ်။ ဒီတော့ သူဘက်ကပြင်ပေးတာကို လက်ခံနိုင်တဲ့ စိတ်ထားရှိလား?။ မရှိဘူးနော်။ ဒီလိုဆို ဒီပုဂ္ဂိုလ်အတွက် ကြီးပွားတိုးတက်မှုကော ဖြစ်နိုင်ပါ့မလား?။ မဖြစ်နိုင်ဘူး။ ဒီလိုနှုတ်လှံထိုးနေတယ်။

ဒီနေရာမှာ ဘုရားရှင်က အရှင်အာနန္ဒာကို ဟောကြားထားတာလေးရှိတယ်။ ဘယ်လိုလဲ?။
" ချစ်သား အာနန္ဒာ...... ငါဘုရားသည် အိုးထိန်းကဲ့သို့ အိုးတို့ကို ကျက်၏ မကျက်၏တို့ကို ငါဘုရား ကြောင့်ကြမှုမရှိသည်သာ..။" အိုးထိန်းသည် ဆိုတာ အိုးလေးတွေပြုလုပ်ပြီး သူကရောင်းရန် အလို့ငှာ ဒီအိုးကကျက်တဲ့အိုး ဒီအိုးကမကျက်တဲ့အိုး ဒီအိုးကမကျက်တကျက်အိုး ခေါက်ပြီး စမ်းစစ်မှုဆိုတာပြုရတယ်။ ဒီလိုဘဲ ငါဘုရားက ချစ်သားတို့အပေါ်ကြောင့်ကြစိုက်မှု မရှိပါဘူးတဲ့ ။

ဒီတပည့်က ဣနြေ္ဒရင့်ကျင့်တယ်။ ဒီသာဝကက ဣနြေ္ဒ မရင့်ကျက်တယ် ဆိုပြီး သာဝကတွေကိုခွဲတန်းချပြီး ကြောင့်ကြစိုက်ကာမနေပါဘူးတဲ့။ ကြောင့်ကြမစိုက်ဘူးဆိုတာဘာပြောတာလည်းဆိုတော့ ခုလိုတရားဟောပြီ တရားနာတဲ့ ပရိတ်သတ်ထဲမှာ ပုဂ္ဂိုလ်အမျိုးမျိုးရှိတယ်။ ဣနြေ္ဒရင့်သူလည်းပါမယ်၊ မရင့်သူလဲပါမယ် အဲ့ဒိပုဂ္ဂိုလ်နဲ့ လျော်ညီအောင်တရားအမျိုးမျိုးကိုကြောင့်ကျစိုက်ပြီး ဟောနေရင်တရားတွေက အစီအစဉ်ကျဖို့ရာမဖြစ်နိုင်ပါဘူး။

" ငါဘုရားသည် တရားတော်အားဟောကြားရာ၌ ချီးမြောက်သင့်သော ပုဂ္ဂိုလ်အားချီးမြောက်၍လည်းကောင်း ၊ နှိပ်ကွက်သင့်တဲ့ ပုဂ္ဂိုလ်အား နှိပ်ကွက်၍ တရားတော်အား ဟောတော်မူတယ်။ " စဉ်စားကြည့်ပါ နှိပ်ကွက်ပြီးဟောရမယ့် ပုဂ္ဂိုလ်ကို ချီးမြောက်ပြီးဟောရင် ဒီပုဂ္ဂိုလ်က မကောင်းတာတွေဘဲ ဆက်၍လုပ်နေမယ်။ အကျိုးမယုတ်နိုင်ဘူးလား?။ ချီးမြောက်သင့် ချီးမြောက်ထိုက်သူကို နှိပ်ကွက်လိုက်တဲ့အတွက် ဒီပုဂ္ဂိုလ်မှာ တိုးတက်မှုတွေ ရပ်တန့်ပြီးမသွားနိုင်ဘူးလား?။ ရပ်တန့်သွားနိုင်တယ်။

" ငါဘုရားသည် တစ်ခါတလေ နှိပ်ကွက်၍ ဟောတယ်။ တစ်ခါတလေ ချီးမြောက်၍ ဟောတယ် ။ အဲ့ဒီလိုဟောတယ်ဆိုပေမယ့် မဂ်ဖိုလ်နိဗ္ဗာန်၏ အနှစ်သာရမှာ ရပ်တည်နေတဲ့ သူတော်ကောင်းကတော့ ငါဘုရားရှင်၏ သာသနာတော်မှာ တည်တန့်နေပေလိမ့်မည်။ " ဘယ်လိုနှိပ်ကွက်ပေမယ့် သာသနာတော်ရဲ့ မဂ်ဖိုလ်နိဗ္ဗာန်အနှစ်သာရကို သိနေရင် သာသနာတော်ကခွဲဦးမလား?။ မခွဲတော့ဘူး။ ဘယ်လိုပင် ချီးမြောက်ပေမယ့် သာသနာတော်ရဲ့ မဂ်ဖိုလ်နိဗ္ဗာန်အနှစ်သာရကို သိနေရင် သာသနာတော်ကခွဲဦးမလား?။ မခွဲတော့ဘူး။

ဒီလိုဘဲ ဆရာသမားတွေက သင့်လျော်လျောက်ပတ်တဲ့ ဆိုဆုံးမမှုတွေကို လိုက်နာတဲ့သူက တိုးတက်မသွားနိုင်ဘူးလား။ မလိုက်နာတဲ့ပုဂ္ဂိုလ်ကို ဆရာသမားတွေက ဆိုဆုံးမချင်တဲ့ စိတ်ထားရှိချင်သေးလား ?။ မရှိတော့ဘူး။ တစ်ခါဆုံးမလည်း မလိုက်နာဘူး ၊နှစ်ခါဆုံးမလည်း မလိုက်နာဘူး ၊ သုံးခါဆုံးမတော့လည်း မလိုက်နာဘူး ။ ကြာတော့ ဆရာသမားဘက်က စိတ်ကုန်မသွားဘူးလား?။ စိတ်ကုန်သွားတယ်။ ဆိုဆုံးမလို့ လိုက်နာ ပြုကျင့်မယ်ဆို ဆရာသမားဘက်က ထပ်ကာ ထပ်ကာ သင်ပေးချင်တဲ့ ဆန္ဒဓာတ်တွေပေါ်လာပါတယ်။ 

ဆိုဆုံးမလို့ လိုက်နာ ပြုကျင့်တဲ့သူဟာ ကောင်းမွန်စွာဆိုဆုံးမထားအပ်ပြီး ကျင့်ဝတ်တွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတစ်ဦးဖြစ်သွားမယ်။ ကောင်းမွန်စွာဆိုဆုံးမထားအပ်ပြီး ကျင့်ဝတ်တွေနဲ့ ပြည့်စုံတဲ့ သူတော်ကောင်းတစ်ဦး၏ စိတ်သည် တဖြည်းဖြည်း တည်ကြည်လာတယ်တဲ့။

ဂန္ဓာရရသေ့က ပြန်ပြောတယ် " မြတ်စွာဘုရားရှင်တို့၏ အဆုံးအမတို့မည်သည် အိုးထိန်းသည်ကဲ့သို့ အိုးတို့အား ခေါက်၍ ခေါက်၍ ကြည့်၏။ ကျက်သောအိုးကိုသာယူတယ်" တဲ့ ကျက်တဲ့အိုးဆိုတာဘာလဲ?။ မြတ်စွာဘုရားရှင်က သာသနာတော်မှာ မဂ်ဖိုလ်၌ရပ်တည်နိုင်တဲ့ သူတော်ကောင်းတွေသာ အလေးဂရုပြုပြီး တရားဟောတယ်၊ ဆိုဆုံးမပါတယ်။ဘုရားရှင်ရဲ့ ဆိုဆုံးမမှုကို အလေးဂရုပြုပြီး လိုက်နာမှုမရှိသူတွေကို မြတ်စွာဘုရားတရားမဟောပါဘူး။

ဒီတော့ ဝိဒေဟရသေ့ဟာ ကျက်နေတဲ့အိုးကဲ့သို့ သူတော်ကောင်းဖြစ်တာကြောင့် ဂန္ဓာရ ရသေ့က ဆိုဆုံးမနေတာပါ။ ဝိဒေဟရသေ့ဟာ အခြားမဟုတ်ပါဘူး အရှင်အာနန္ဒာအလောင်းလျာပါ၊ ဂန္ဓာရသေ့ကတော့ ဘုရားအလောင်းလျာပါ။

ဂန္ဓာရရသေ့က ထပ်ပြောပါတယ် " တောထဲမှာ မျက်စိကန်းပြီး လှည့်လည်ကျက်စားနေရသော ကျွှဲကန်းကြီးကဲ့သို့သော သတ္တဝါတစ်ဦးက မိမိမှာ ကိုယ်ပိုင်ဉာဏ်လည်း မရှိဘူး ဤကကုသိုလ်တရား ဤကားအကုသိုလ်တရား ခွဲခြားသိနိုင်တဲ့ ဉာဏ်မရှိဘူး။ အပြစ်ရှိတဲ့တရား အပြစ်မရှိတဲ့ တရားလို့လည်း ခွဲခြားနိုင်တဲ့ ဆင်ခြင်ဉာဏ်မရှိဘူး။ ယုတ်ညံ့တဲ့တရား မွန်မြတ်တဲ့တရားလို့လည်း ခွဲခြားစိတ်ဖြာပြီး မသိဘူး။ ဤကဖြူစင်တဲ့တရား ဤကမည်းညစ်တဲ့တရား ခွဲခြားနိုင်တဲ့ဉာဏ်ပညာလည်းမရှိဘူး ။ ရှိရင်လဲမကျင့်ဘူး။ ဝိနည်းတရားတော်လည်း မရှိဘူး၊ရှိသော်လည်းမကျင့်ဘူး။" ပြောတယ်။

ဂန္ဓာရရသေ့က " ဝိဒေဟ ....လူများသည် ကိုယ်တိုင်လည်း ပညာရှိရမည် (သို့ ) ဆုံးမတတ်သော ပညာရှိကိုလည်း ဆည်းကပ်ရမည်။ သို့မဟုတ် ကိုယ်ကျင့်တရား ကောင်းမွန်သော သူတော်ကောင်းလည်းဖြစ်ရမည်။ ဤသုံးချက်တွင် တစ်ချက်မျှမရှိသူသည် ကျွှဲကန်းကြီးနှင့် မည်သို့မျှ ခြားနားလိမ့်မည် မဟုတ် " ဆိုဆုံးမလေ၏။

ထိုအခါမှ သူတော်ကောင်း ဓာတ်ခံရှိတဲ့ ဝိဒေဟရသေ့က " ဆရာ ... ဆရာသည် တပည့်တော်ကို တစ်ကြိမ်တစ်ခါလည်း ဆိုဆုံးမတော်မူပါ၊ ကြိမ်ဖန်များစွာလည်း ထပ်ကာထပ်ကာ ဆိုဆုံးမပါကုန်။ တပည့်တော်သည်ကား သည်းခံခြင်း အလေ့အထမရှိခဲ့ ခြင်းကြောင့် အရှင်ကို ပြန်ပြောမိခဲ့လေပြီ။ ဘုရားတော်တပည့်တော်အား သနားသောအားဖြင့် သည်းခံပေးတော်မူပါဘုရား။ "ဟူ၍ ကန်တော့လေသည်။

ဒီလိုရှိခိုးပြီး ဝန်ချတောင်းပန်ပါတယ်။ ဒီလိုတောင်းပန်လိုက်ခြင်းကြောင့် အကျိုးတရားတွေသူ့မှာ ရရှိသွားပါတယ်။ ဘယ်လို အကျိုးတရားတွေလဲ ဂန္ဓာရရသေ့က ဝိဒေဟရသေ့ကို ဈာန်ကသိုဏ်းတို့ကို သင်ကြားပေးရာ ဝိဒေဟရသေ့သည် လောကီဈာန်သမာပတ်ရှစ်ပါး ၊ လောကီ အဘိညာဉ် ငါးပါးကိုရရှိသွားတယ်။ သာသနာပါ့ ကာလမို့ ဝိပဿနာတရားတော် မထွန်းပသေးပါဘူး။

ဒီလို ဆိုဆုံးမမှုကို နားခံမှုကြောင့် ဆရာသမားရဲ့ လျှို့ဝှက်နက်နဲတဲ့ အဆင့်မြင့်တဲ့ ပညာတွေ ရမသွားဘူးလား?။ ရသွားတယ်။ ရသေ့နှစ်ပါးတို့သည် ဟိမဝန္တာ၌ ညီညီညွတ်ညွတ်နေထိုင်ကာ ကွယ်လွန်သော ဗြဟ္မပြည်သို့ လားရောက်ရလေတယ်။

( ၅၅ဝ နိပါတ်တော်- ဂန္ဓာရဇာတ်, ဘိက္ခုဝိနည်းမှ)

"ဖားအောက်တောရဆရာတော်"

Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/
လူပင် အိုသော်လည်း တဏှာရာဂကတော့ မအိုပါ
••••••••••••••••••••••••••••••••••••••••••
သီဟိုဠ်ကျွန်းမှာ သာသနာတော်ခေတ်ဦးပိုင်းက အလွန်ထင်ရှားကျော်ကြားခဲ့ဖူးတဲ့ ဒုဋ္ဌဂါမဏိဘုရင်ရဲ့လက်ထက်တော်အခါက စတင်ခဲ့တဲ့ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒုဋ္ဌဂါမဏိမင်းဟာ သာသနာတော်ကို အလွန်ကြည်ညိုလေးစားခဲ့တဲ့ မင်းတစ်ဦးလည်း ဖြစ်ပါတယ်။ 

မရိစ၀ဋ္ဋိ အမည်ရတဲ့ ကျောင်းတိုက်ကြီးတစ်ခုကို တည်ဆောက်ကာ ဘိက္ခုသံဃာ ဘိက္ခုနီသံဃာလို့ခေါ်ဆိုအပ်တဲ့ နှစ်မျိုးသော သံဃာတို့ကို ပင့်ဖိတ်ကာ ကျောင်းရေစက်ချပူဇော်ပွဲကြီး တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ထိုရေစက်ချပွဲမှာ ဘိက္ခုသံဃာတော်ဘက်က သံဃာတစ်သိန်း, ဘိက္ခုနီသံဃာဘက်က သံဃာကိုးသောင်း -- နှစ်ရပ်ပေါင်းက နှစ်ဘက်သော သံဃာတော် တစ်သိန်းကိုးသောင်း ရှိခဲ့ပါတယ်။ ဒီအလှူခံသံဃာတော်တို့ရဲ့ အရေအတွက်ကို ကြည့်ခြင်းအားဖြင့် မရိစ၀ဋ္ဋိအမည်ရတဲ့ ဒီကျောင်းတိုက်ကြီးဟာလည်း အလွန်ကြီးကျယ် ခမ်းနားတဲ့ ကျောင်းတိုက်ကြီး တစ်ခု ဖြစ်ခဲ့တယ်လို့တော့ ခန့်မှန်းရပါတယ်။

ထိုအလှူခံသံဃာတော်တွေထဲမှာ အငယ်ဆုံးဖြစ်တဲ့ အလှူခံပုဂ္ဂိုလ် နှစ်ဦးကတော့ ဘိက္ခုသံဃာဘက်မှာ ခုနစ်နှစ်သားအရွယ်သာ ရှိသေးတဲ့ ရှင်သာမဏေငယ်ကလေးတစ်ပါးနဲ့ ဘိက္ခုနီသံဃာဘက်မှာ ခုနစ်နှစ်သမီးအရွယ်သာ ရှိနေသေးတဲ့ သာမဏေရီမငယ်ကလေး တစ်ပါးတို့ ဖြစ်ကြပါတယ်။ ထိုကိုရင်ငယ်ကလေးဟာ လောလောပူနေတဲ့ ယာဂုဆွမ်းကို အလှူခံယူပြီးတဲ့အခါ သပိတ်က ပူလွန်းတဲ့အတွက် မိမိရဲ့ သင်္ကန်းစွန်းဖြင့် သပိတ်ကို ပွေ့ချီကာ မိမိထိုင်ရမည့်နေရာကို ရောက်ရှိတဲ့အခါ ကြမ်းပြင်ပေါ်မှာ သပိတ်အောက်က သင်္ကန်းကို ခံကာ ချထားလိုက်ပါတယ်။

ဒီလို အခြင်းအရာကို တွေ့မြင်နေတဲ့ မျက်နှာချင်းဆိုင် ၀ါအငယ်ဆုံးနေရာမှာ ထိုင်နေတဲ့ ခုနစ်နှစ်သမီးအရွယ် သာမဏေရီမလေးက ကရုဏာသက်ကာ သူ့မှာပါရှိလာတဲ့ ဆင်စွယ်သပိတ် ခြေကလေးကို ကိုရင်ကလေးအား လှူဒါန်းပေးလိုက်ပါတယ်။ ဒီသပိတ်ခြေက အောင်သွယ်လုပ်ပေးမည့် သပိတ်ခြေပဲ ဖြစ်ပါတယ်။

သို့သော် သူတို့နှစ်ဦးတို့ဟာ တစ်ဦးနှင့်တစ်ဦး နှစ်ပေါင်းများစွာ ထပ်မံတွေ့ဆုံမှု မရှိကြတော့ဘဲ အသက် (၂၀)အရွယ်သို့ ရောက်ရှိတဲ့အခါ အသီးအသီး ရဟန်းပြုကြပါတယ်။ ရဟန်းပြုကြပြီးနောက် သက်တော် (၈၀) ၀ါတော်(၆၀)အရွယ်သို့ ရောက်ရှိလာကြတဲ့အခါ ဗြာဟ္မဏတိဿ သူပုန်ဘေးကြောင့် သီဟိုဠ်ကျွန်းမှာ ဆက်လက်နေထိုင်သီတင်းသုံးဖို့ရန် အခက်အခဲ ရှိလာကြတဲ့အတွက် အိန္ဒိယသို့ ပြောင်းရွှေ့ကာ သီတင်းသုံးတော်မူကြပါတယ်။

ဘိက္ခုနီမကြီးက အိန္ဒိယဘက်ကို အရင်ရောက်ရှိသွားခဲ့တယ်။ ဆရာတော်ကြီးကတော့ နောက်မှ ရောက်ရှိသွားခဲ့ပါတယ်။ ဘိက္ခုနီမကြီးကလည်း သီဟိုဠ်ကျွန်းမှ ဆရာတော်ကြီးတစ်ပါး ကြွရောက်တော်မူလာတယ်ဆိုတဲ့ သတင်းစကားကို ကြားသိရတဲ့အခါ ဆရာတော်ကြီးအား သွားရောက် ဖူးမြော်ကန်တော့ပါတယ်။ အဲဒီအခါမှာ သီဟိုဠ်ကျွန်းအကြောင်း ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် ဇာတ်လမ်းတွေကို ပြောကြရင်းဖြင့် မရိစ၀ဋ္ဋိ အမည်ရတဲ့ ကျောင်းရေစက်ချပွဲ အခမ်းအနားအကြောင်းအရာသို့ ရောက်ရှိသွားကြတယ်။

" ထိုကျောင်းရေစက်ချပွဲမှာ အရှင်ဘုရားက ဘယ်အရွယ်ရှိနေပြီလဲ" စသည်ဖြင့် တစ်ဦးနှင့်တစ် ဦးမေးမြန်းကြရာ ခုနစ်နှစ်သားအရွယ်သာ ရှိနေသေးတဲ့ အငယ်ဆုံး သာမဏေကလေးနှင့် ခုနစ်နှစ်သမီးအရွယ်သာ ရှိနေသေးတဲ့ အငယ်ဆုံး သာမဏေရီမကလေးတို့ ဖြစ်ခဲ့ကြတာကို သိရှိသွားကြတယ်။ အဲဒီအခါမှာ ဘိက္ခုနီမကြီးက ထိုအချိန်က ကိုရင်လေးတစ်ပါးအား ဆင်စွယ်သပိတ်ခြေတစ်ခု လှူခဲ့ဖူး ကြောင်းကို ပြောပြလိုက်တဲ့အခါ ဆရာတော်ကြီးက ထိုင်ရာနေရာမှ ထကာ တစ်သက်လုံး တရိုတသေ သိမ်းဆည်းထားခဲ့တဲ့ ဆင်စွယ်သပိတ်ခြေကလေးကို သွားရောက်ယူငင်ကာ ဘိက္ခုနီမကြီးအား ပြသလိုက်ပါတယ်။

အဲဒီအချိန်အခါမှာ .. ဘိက္ခုနီမကြီးကလည်း ဒီသပိတ်ခြေဟာ သူလှူဒါန်းခဲ့တဲ့ သပိတ်ခြေဖြစ်ကြောင်းကို ကောင်းကောင်းကြီး မှတ်မိတဲ့အတွက် အလှူရှင်သာမဏေရီမလေးဟာ သူပင်ဖြစ်ကြောင်းကို ဆရာတော်ကြီးအား တင်ပြ လျှောက်ထားလိုက်ပါတယ်။ ဒီသပိတ်ခြေကလေးကပဲ အောင်သွယ်လုပ်ပေးလိုက်တဲ့အတွက် တစ်နေ့မှာ .. ဒီဘိက္ခုနီမကြီးနှင့် ဒီဆရာတော်ကြီးတို့ဟာ ရင်းနှီးမှုတွေ အလွန်အကျွံ ဖြစ်လာကြတဲ့အတွက် နှစ်ဦးစလုံး သက်တော်(၈၀)အရွယ်မှာပင် လူဝတ်လဲခဲ့ကြရပါတယ်။

ပစ္စည်းချင်း ပေါင်းဖော်မိရာက လူအချင်းချင်း ပေါင်းဖော်ကြတဲ့ အဆင့်သို့ရောက်ရှိသွားခဲ့တဲ့ သမ္ဘောဂသံသဂ္ဂ ဇာတ်လမ်းဟောင်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒီလို ဇာတ်လမ်းမျိုးကိုပင် ရည်ညွှန်းကာ ကုသဇာတ်အဋ္ဌကထာမှာ လာရှိတဲ့သိကြားမင်းကြီး ပြောကြားခဲ့တဲ့စကားကို ဆက်ပေးရဦးမယ်။

တစ်ခါက တိုင်းပြည်တစ်ခုမှာ သီလဝတီမိဖုရားဆိုတာ ရှိပါတယ်။ ထီးမွေနန်းမွေကို ဆက်ခံရန် သားရတနာ သမီးရတနာ မရှိတဲ့အတွက် သီလ၀တီမိဖုရားကြီးကို သားဆုပန်ရန်အတွက် ရှင်ဘုရင်ကြီးက ခွင့်ပြုလိုက်ပါတယ်။ သို့သော် သီလ၀တီမိဖုရားကြီးကား အလွန်သီလဖြူစင်တဲ့ အမျိုးကောင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ သီလတန်ခိုးအာနုဘော်ကြောင့် သိကြားမင်းကြီးရဲ့ ပဏ္ဍုကမ္ဗလာမြကျောက်ဖြာဟာ ပူလောင်တင်းမာတဲ့ အခြင်းအရာကို ထင်ရှားပြခဲ့ပါတယ်။ သိကြားမင်းကြီးလည်း ဆင်ခြင်ကြည့်လိုက်တဲ့အခါ အကြောင်းအခြင်းအရာ အစုံအလင်ကို ကုန်စင်အောင် သိရှိတဲ့အတွက် ဘုရားလောင်းအလျာဖြစ်တော်မူတဲ့ မင်းကုသအလောင်းအလျာ နတ်သားရဲ့ သဘောတူညီချက်ကို ရယူကာ ပုဏ္ဏားအိုအသွင်ကို ဖန်ဆင်းပြီးတော့ သီလ၀တီမိဖုရားကြီးတို့ရဲ့ နန်းရင်ပြင်သို့ ဆိုက်ရောက်လာခဲ့ပါတယ်။

ထိုအချိန်အခါမှာ .. ' သီလ၀တီမိဖုရားကြီး သားဆုပန်ရန်အတွက် အလိုရှိသူများ နန်းရင်ပြင်သို့ လာရောက်ကာ သီလ၀တီမိဖုရားကြီးကို အလှူခံယူနိုင်ပါကြောင်း ' ကို ကြေညာချက်ထုတ်ပြန်ထားပြီး ဖြစ်တဲ့အတွက် အလှူခံယူမည့်ပုဂ္ဂိုလ်တွေလည်း နန်းရင်ပြင်သို့ အသင့်ရောက်ရှိနေကြပြီး ဖြစ်ပါတယ်။ ထိုအချိန်အခါမှာ ပုဏ္ဏားအိုအသွင်ကို ဆောင်ယူထားတဲ့ သိကြားမင်းကြီးက ရှေ့တန်းမှာ မတ်တပ်ရပ်လျက် ရှိနေပါတယ်။

သူ့ရဲ့ ဘုန်းတန်ခိုးကြောင့် ဘယ်သူမှ သူ့ရှေ့ကို ကျော်တက်လို့မရ ဖြစ်နေကြပါတယ်။ နောက်မှာ တည်ရှိနေကြတဲ့ လူအများကလည်း ဒီသက်ကျားအိုကြီး တစ်ဦးရဲ့ မိဖုရားကြီးအပေါ်မှာ တွယ်တာမက်မောမှုကို ကြည့်ပြီးတော့ ပြက်ရယ်ပြုနေကြပါတယ်။

အဲဒီအခါမှာ ပုဏ္ဏားအိုအသွင်ဆောင်ထားတဲ့ သိကြားမင်းကြီးက -
" သစေပိမေ သရီရံ ဇိဏ္ဏံ၊ ရာဂေါ ပန နဇီရတိ = င့ါရဲ့ ခန္ဓာကိုယ်ဟာ အိုနေသော်လည်း ငါ့ရဲ့ ရာဂကတော့ မအိုသေးပါ "
လို့ မိမိကို ပြက်ရယ်ပြုနေတဲ့ လူအများကိုပြောပြလိုက်ပါတယ်

အလားတူပဲ .. အထက်ပါ သပိတ်ခြေဇာတ်လမ်း ဟာလည်း လူပင်အိုသော်လည်း ရာဂမအိုသေးတဲ့ သတိပြုသင့်တဲ့ ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။

" ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/