Choose Fonts Here
Saturday, August 31, 2019
•••••••••••••••••••••••••••••••••••••••••••
၁။ ဘာသာပြောင်းခြင်း၊
၃။ နတ်ကိုးကွယ်ခြင်း၊
"ကဲ..သင့်ကိုငါပြန်မေးမယ်၊ သင်တို့ပုဏ္ဏားတွေထဲမှာ ဒီဝေဒကျမ်းသာလျှင်မှန်တယ်၊ ဝေဒလို့ခေါ်ဆိုအပ်တဲ့ မန္တာန်သာလျှင်မှန်တယ် အခြားတခြားသောဟာတွေ တစ်ခုမှမမှန်ဘူးလို့ ကိုယ်တိုင်သိတဲ့ပုဂ္ဂိုလ် ဝန်ခံနိုင်တဲ့ပုဂ္ဂိုလ် ဘယ်နှစ်ယောက်ရှိလဲ" တဲ့။
၁။ အဋ္ဌကရသေ့၊၂။ ဝါမကရသေ့၊၃။ ဝါမဒေဝရသေ့၊ ၄။ ဝေဿာမိတ္တ ရသေ့၊ ၅။ ယမတဂ္ဂိရသေ့၊ ၆။ အင်္ဂီရသရသေ့၊ ၇။ ဘာရဒွါဇရသေ့၊ ၈။ ဝါသေဋ္ဌရသေ့၊ ၉။ ကဿပရသေ့၊ ၁၀။ ဘဂုရသေ့။ (ဝိ၊၃။၃၄၃။) (ဒီ၊၁။၂၂၆။) (ဝိ၊မြန်၊၃။၃၄၆။)
"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
 Unicode;
သရဏဂုံ ညစ်နွမ်း ပျက်စီးကြောင်း (အပိုင်း - ၁၁)
•••••••••••••••••••••••••••••••••••••••••••
သရဏဂုံပျက်စီးကြောင်း လေးမျိုးရှိပါတယ်။
၁။ ဘာသာပြောင်းခြင်း၊
၂။ ဂိုဏ်းဆရာကြီးများအားကိုးကွယ်ခြင်း၊
၃။ နတ်ကိုးကွယ်ခြင်း၊
၄။ ဝေဒကျမ်း ဗေဒင်စသည်ကို အလွန်အမင်း ယုံကြည်ခြင်း ဆိုပြီးရှိပါတယ်။ ဒါလေးကရှေ့ကပြောခဲ့ပြီးပါပြီ၊ ဒီနေရာမှာ နံပါတ်(၄)ဝေဒကျမ်း ဗေဒင်စသည်ကို အလွန်အမင်း ယုံကြည်ခြင်း အပိုင်းကိုရောက်လာပါပြီ။
ဘုန်းကြီးတို့ ဒီဗေဒင်ဆိုတဲ့ အယူဝါဒတွေ ဘယ်တုန်းကစပြီး ပေါ်ပေါက်လာခဲ့သလဲဆိုရင်တော့ ဘုရားမပွင့်မီ အရှေ့ပိုင်းထဲကပေါ်ခဲ့ပါတယ်။ သာသနာတော်ရဲ့ မှတ်တမ်းများအရ ကမ္ဘာဦးကာလခပ်စောစောထဲက ဒီဝေဒကျမ်းတွေပေါ်ခဲ့ပါတယ်။ ရာဇဝင်ဆရာတွေကတော့ ကမ္ဘာဦးကာလကို ခြေရာခံဖို့ရာမလွယ်ကူတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကျော်လောက်ထဲက ပေါ်ခဲ့တယ်လို့ ခန့်မှန်းကြပါတယ်။ ဝေဒကျမ်းတွေရဲ့ အစွယ်အပါးဖြစ်တဲ့ မဟာပါဒကကျမ်းကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးကျော်ပြီလို့ ခန့်မှန်းကြပါတယ်။
ဒီတော့ ဒီဝေဒကျမ်းတွေကို စပြီးတီထွင်သွားတာက အဋ္ဌကတို့ ဝါမကတို့စတဲ့ ရသေ့ကြီးတွေက တီထွင်သွားတာဖြစ်ပါတယ်။ ဒီလိုတီထွင်သွားတဲ့ ရသေ့ကြီးတွေက ဒီဝေဒကျမ်းရဲ့ အဆိုအမိန့်တွေကို မှန်ကန်ပါတယ်လို့ ဝန်ခံသွားရဲ့လား?၊ ဒီအပိုင်းလေးကစဉ်းစားရမယ့်အပိုင်း ဖြစ်ပါတယ်။
အဲ့ဒီအချက်နဲ့ ပါတ်သတ်ပြီးတော့ နာမည်ကျော်ဖြစ်တဲ့ စင်္ကီပုဏ္ဏားကြီးရဲ့ တပည့်ကာပဋိကပုဏ္ဏားကမြတ်စွာဘုရားရှင်ကို မေးခဲ့ဖူးပါတယ်။
"ယဒိဒံ, ဘော ဂေါတမ, ဗြာဟ္မဏာနံ ပေါရာဏံ မန္တပဒံ ဣတိဟိတိဟပရမ္ပရာယ ပိဋကသမ္ပဒါယ, တတ္ထ စ ဗြာဟ္မဏာ ဧကံသေန နိဋ္ဌံ ဂစ္ဆန္တိ – ‘ဣဒမေဝ သစ္စံ, မောဃမည’န္တိ။ ဣဓ ဘဝံ ဂေါတမော ကိမာဟာ’’တိ?(မ၊၂၊၃၈၁) (မ၊ဋ္ဌ၊၃၊၂၈၃)
သူကစင်္ကီပုဏ္ဏားရဲ့ တပည့်ထဲမှာတော့ (၁၆)နှစ်အရွယ်လောက်ရှိတဲ့ ဝေဒကျမ်းပါရဂူတစ်ဦး ဖြစ်ပါတယ်။ အရှင်ဂေါတမလို နာမည်ကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦးနဲ့ငါဟာ သွားပြီးဆွေးနွေးနိုင်တယ်ဆိုတဲ့ ဂုဏ်ကိုချင်နေတဲ့ သူတစ်ဦးပါ။ အဲ့အချိန်မှာသူက မြတ်စွာဘုရားကို ဘာမေးသလဲ?၊ " အရှင်ဂေါတမ ပုဏ္ဏားတွေက ဝေဒလို့ဆိုတဲ့ မန္တာန်တွေကို ဤသို့ ဆိုသတဲ့ ဤသို့ဆိုသတဲ့ဆိုပြီး အဆက်ဆက်အားဖြင့် ဝေဒပိဋကတ်တွေကို ဆောင်လာကြတယ်။ ဒီဝေဒမန္တာန်တွေကိုပဲ သူတို့ကအမှန်တရားဖြစ်တယ်တဲ့၊ အခြားတခြားဟာတွေက အမှားချည်းပဲ အချည်းအနှီးပဲလ်ို့ ဒီလိုယူဆကြပါတယ်။ အဲ့ယူဆချက်နဲ့ပါတ်သတ်လို့ အရှင်ဂေါတမဘာများ ပြောချင်သေးသလဲ" တဲ့။
အဲ့ဒီအခါကြမှ မြတ်စွာဘုရားက -
“ကိံ ပန, ဘာရဒွါဇ, အတ္ထိ ကောစိ ဗြာဟ္မဏာနံ ဧကဗြာဟ္မဏောပိ ယော ဧဝမာဟ – ‘အဟမေတံ ဇာနာမိ, အဟမေတံ ပဿာမိ။ ဣဒမေဝ သစ္စံ, မောဃမည’’’န္တိ?
"ကဲ..သင့်ကိုငါပြန်မေးမယ်၊ သင်တို့ပုဏ္ဏားတွေထဲမှာ ဒီဝေဒကျမ်းသာလျှင်မှန်တယ်၊ ဝေဒလို့ခေါ်ဆိုအပ်တဲ့ မန္တာန်သာလျှှင်မှန်တယ် အခြားတခြားသောဟာတွေ တစ်ခုမှမမှန်ဘူးလို့ ကိုယ်တိုင်သိတဲ့ပုဂ္ဂိုလ် ဝန်ခံနိုင်တဲ့ပုဂ္ဂိုလ် ဘယ်နှစ်ယောက်ရှိလဲ" တဲ့။
"နော် ဟိဒံ ဘော ဂေါတမ" တစ်ယောက်မှ မရှိဘူးတဲ့။ ဒီလိုဝေဒကျမ်းတွေကို ဆရာအစဉ်အဆက်ကမှန်ပါတယ်လို့သာ သူတို့ပြောနေတယ်၊ အတိအကျ ကိုယ်တိုင်သိပြီး မြင်ပါတယ်ဆိုတဲ့ဝန်ခံနိုင်တဲ့ပုဂ္ဂိုလ် ဘယ်နှစ်ယောက်ရှိသလဲ?၊ သူများအပြောနဲ့ လွမ်းနေတဲ့ပုဂ္ဂိုလ်ပါ။ ဒါပြောချင်တာပါ။
ရှေ့က အဋ္ဌကရသေ့ စတဲ့ ရသေ့ကြီးတွေ ပို့ချပေးတဲ့အတိုင်း ဒီကျမ်းတွေကို ဗြဟ္မဏတွေက အစဉ်အဆက်သယ်ဆောင်လာခဲ့တယ်။ သယ်ဆောင်လာခဲ့တဲ့ ဒီဝေဒကျမ်းရဲ့အဆိုအမိန့်တွေကို မှန်ကန်ပါတယ်လို့ ကိုယ်တိုင်မျက်မှောက်ထွင်းဖောက်သိတဲ့ ပုဂ္ဂိုလ်ဘယ်နှစ်ယောက်ရှိလဲတဲ့။ ဘုရားကမေးတယ်၊ မေးလိုက်တော့ "နော် ဟိဒံ ဘော ဂေါတမ" တစ်ယောက်မှ မရှိဘူးဘုရားတဲ့။
ဘုရားရှင်ကထပ်မေးတယ်- "ကိံ ပန, ဘာရဒွါဇ, အတ္ထိ ကောစိ ဗြာဟ္မဏာနံ ဧကာစရိယောပိ , ဧကာစရိယပါစရိယောပိ, ယာဝ သတ္တမာ အာစရိယမဟယုဂါပိ, ယော ဧဝမာဟ – ‘အဟမေတံ ဇာနာမိ, အဟမေတံ ပဿာမိ။ ဣဒမေဝ သစ္စံ, မောဃမည’’’န္တိ?
"ကဲ ဒီလိုဆိုရင် ယခုမျက်မှောက်ဝေဒကျမ်းကို အတိအကျ ကိုယ်တိုင်သိပြီး မြင်ပါတယ်ဆိုတဲ့ဝန်ခံနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးဆို ရှေးဆရာအဆက်ဆက် ခုနှစ်ဆက်တိုင်အောင် အတိအကျမှန်ကန်ပါတယ်လို့ ဝန်ခံနိုင်ပါသလား"တဲ့။ အဲ့ဒီလိုမေးလိုက်တော့လည်း ဒီကာပဋိကပုဏ္ဏားက ဘာပြန်ဖြေလဲ?၊ "နော် ဟိဒံ ဘော ဂေါတမ" မရှိဘူးဘုရားတဲ့။
နောက်တစ်ခါ မြတ်စွာဘုရားက ထပ်မေးပြန်တယ်။ "ကဲ.. ဝေဒကျမ်းကို စပြီးတီထွင်တဲ့ ရသေ့ကြီး (၁၀)ဦိးရှိပါတယ်။
၁။ အဋ္ဌကရသေ့၊၂။ ဝါမကရသေ့၊၃။ ဝါမဒေဝရသေ့၊ ၄။ ဝေဿာမိတ္တ ရသေ့၊ ၅။ ယမတဂ္ဂိရသေ့၊ ၆။ အင်္ဂီရသရသေ့၊ ရ။ ဘာရဒွါဇရသေ့၊ ၈။ ဝါသေဋ္ဌရသေ့၊ ၉။ ကဿပရသေ့၊ ၁၀။ ဘဂုရသေ့။ (ဝိ၊၃။၃၄၃။) (ဒီ၊၁။၂၂၆။) (ဝိ၊မြန်၊၃။၃၄၆။)
ဒီရသေ့ကြီးတွေက ဒီဝေဒကျမ်းမှာလာနေတဲ့ အဆိုအမိန့်တွေကို သူတို့ကိုယ်တိုင်သိပါတယ်၊ ကိုယ်တိုင်မြင်ပါတယ်လို့ ဝန်ခံခဲ့ကြသလား၊ ဒီလို ဝန်ခံနိုင်ကြပါသလား?" လို့ မေးလိုက်ပါတယ်။ အဲ့ဒီလိုမေးလိုက်တော့လည်း ဒီကာပဋိကပုဏ္ဏားက ဘာပြန်ဖြေလဲ?၊ "နော် ဟိဒံ ဘော ဂေါတမ" ဝန်မခံဘူး ဘုရားတဲ့။
ဒကာကြီးတွေ စဉ်းစားကြည့်စမ်း ဒီစကားလေးကို ခေါင်ဆုံးစပြီး တီထွင်လိုက်တဲ့ ဒီဝေဒကျမ်းစတဲ့ မန္တာန်တွေကို ဒီရသေ့ကြီးတွေကိုယ်တိုင် အတိအကျသိပါတယ် မြင်ပါတယ်လို့ ဝန်မခံခဲ့ဘူး။ နောက်ထပ်ဒီရသေ့တွေကို အတုလိုက်ပြီးတော့ ဒီမန္တာန်တွေကို ပြုလုပ်ပူဇော်ရွတ်ဖတ်နေတဲ့ အစဉ်လိုက်ပြီးတော့ ပို့ချပေးနေတဲ့ ဒီဆရာ့ဆရာ ပုဏ္ဏားတွေအားလုံးကလည်း ဒီကျမ်းမှာလာတဲ့ ဝေဒလို့ခေါ်ဆိုအပ်တဲ့ မန္တာန်ရဲ့အဆိုအမိန့်တွေကို မှန်ပါတယ်လို့ သူတို့ဝန်ခံနိုင်တဲ့ အဆင့်တစ်ယောက်မှ မရှိကြဘူး။
ဒီတော့မြတ်စွာဘုရားက ဘာပြန်မေးလဲ?၊ " ဒကာတော်ပုဏ္ဏား ဒီဝေဒလို့တဲ့ မန္တာန်တွေကို လက်ရှိအချိန်မှာလည်း အတိအကျမှန်ပါတယ်လို့ ဝန်ခံနိုင်တဲ့ပုဂ္ဂိုလ်တစ်ယောက်မှမရှိဘူး" တဲ့။ နောက်တစ်ခု- " ဒီကနေပြီးတော့ နောက်ကို သင့်ရဲ့ ဆရာတွေ အဆင့်ဆင့် ခုနှစ်ဆက်တိုင်အောင်လည်း ဝေဒကျမ်းရဲ့အဆိုအမိန့် ဝေဒလို့ခေါ်ဆိုအပ်တဲ့ ဒီမန္တာန်တွေသည် မှန်ပါတယ်။ အခြားအဆိုအမိန့်တွေသည် အချည်းအနှီးပဲလို့ ငါတို့ကိုယ်တိုင်သိပါတယ် မြင်ပါတယ်လို့ ဝန်ခံနိုင်တဲ့ဆရာသမား ဘယ်နှစ်ယောက်ရှိခဲ့သလဲ တစ်ယောက်မှမရှိဘူးလို့ သင်ပြောပြန်တယ်။"
နောက်တစ်ခုက- " ဒီဝေဒကျမ်းအဆိုအမိန့်တွေနဲ့ ဝေဒဟုခေါ်ဆိုအပ်တဲ့ မန္တာန်တွေကို တီထွင်လိုက်တဲ့ ရသေ့ကြီးဆယ်ဦးကလည်း ဒီတီထွင်ခဲ့တဲ့ ဝေဒဟုခေါ်ဆိုအပ်တဲ့ မန္တာန်တွေအဆိုအမိန့်ကို မှန်ပါတယ် အခြားအဆိုအမိန့်တွေသည် အချည်းအနှီးပဲလို့ ငါတို့ကိုယ်တိုင်သိပါတယ် မြင်ပါတယ်လို့ ဝန်ခံနိုင်တဲ့ အဆင့်မရှိခဲ့ဘူး" တဲ့။ မရှိတော့ ဘာဖြစ်လဲ?
"သေယျထာပိ, ဘာရဒွါဇ, အန္ဓဝေဏိ ပရမ္ပရာသံသတ္တာ ပုရိမောပိ န ပဿတိ မဇ္ဈိမောပိ န ပဿတိ ပစ္ဆိမောပိ န ပဿတိ၊ ဧဝမေဝ ခေါ, ဘာရဒွါဇ, အန္ဓဝေဏူပမံ မညေ ဗြာဟ္မဏာနံ ဘာသိတံ သမ္ပဇ္ဇတိ – ပုရိမောပိ န ပဿတိ မဇ္ဈိမောပိ န ပဿတိ ပစ္ဆိမောပိ န ပဿတိ။ "(မ၊၂၊၃၈၂)
ဘုရားရှင်ကဘာပြောသလဲ? ၊ အကန်းတွေ အစဉ်လိုက်တန်းထားတာနဲ့ မတူဘူးလားတဲ့။ အရှေ့ကလူကလည်း မမြင်ဘူး၊ အလယ်ကလူကလည်း မမြင်ဘူး၊ နောက်ဆုံးလူကလည်း မမြင်ဘူး။ မမြင်တဲ့အတွက်အကန်းတွေ တစ်တန်းတည်းတန်းထားတာနဲ့ တူနေပြီတဲ့။
အဲ့ဒီလို တစ်တန်းကြီးတန်းထားတဲ့ အယူဝါဒကို ယနေ့ခေတ်ဗေဒင်တွေပေါ့ " ဒီတရားနာပရိသတ်ထဲတော့ ဗေဒင်မေးတဲ့ ပုဂ္ဂိုလ်တွေ ပါမလားတော့ မသိဘူးပေါ့နော်" ဘယ်နှယ့်လဲ ယုံကြည်မနေကြဘူးလား၊ ဒီဝေဒတွေကို ယုံကြည်တဲ့အတွက်ဘာဖြစ်သလဲ? မညိုးနွမ်းသင့်တဲ့ သရဏဂုံဟာ ညိုးနွမ်းသွားရပါတယ်။ မပျက်စီးသင့်တဲ့ သရဏဂုံတွေ ပျက်စီးသွားရပါတယ်။
ဘုရားရှင်အဲ့ဒီမှာထပ်ဟောတဲ့ စကားလေးကတန်ဖိုးရှိပါတယ္။ ဒါလေးကို နာကြည့်ကြရအောင်....
[ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်လို့ ရရှိမည့် အကျိုးကျေးဇူးနှင့် သရဏဂုံ ဘာကြောင့် ညှိုးနွမ်းပျက်စီးရပါသလဲ ဆိုတာ ဆက်လက်ဖော်ပြပါမည်။]
"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/
http://bhikkhudhamma.blogspot.com/
Monday, August 26, 2019
သရဏဂုံညစ်နွမ်းပျက်စီးကြောင်း(အပိုင်း၁၀)
•••••••••••••••••••••••••••••••••••••••••
စကားဆက်မိလို့ဦးဇင်းတစ်ပါးကမေးပါတယ်၊မင်းကြီးတို့မင်းလေးတို့ကဘယ်နတ်ထဲပါသလဲတဲ့။သူတို့ပြောသလိုနတ်ထဲပါခဲ့မယ်ဆိုရင်စတုမဟာရာဇ်နတ်ထဲတော့အကြုံးဝင်ပါလိမ့်မယ်။မှန်ခဲ့ရင်ပြောတာပါ။စတုမဟာရာဇ်နှင့်တာဝတိံသာကိုထီးဖြူအုပ်ချုပ်မင်းလုပ်နေတဲ့ပုဂ္ဂိုလ်ဖြစ်တာနာမည်ကျော်ဒကာတော်သိကြားဖြစ်ပါတယ်။အဲ့ဒီဒကာတော်သိကြားဟာအခုချိန်မှာသောတာပန်ဖြစ်ပြီးဖြစ်ပါတယ်။အရိယာသူတော်ကောင်းကြီးပါ။
အဲ့ဒီတော့သောတာပန်အရိယာသူတော်ကောင်းကြီးဖြစ်တဲ့ဒီဒကာတော်သိကြားကြီးတောင်မှရတနာသုံးပါးထဲမပါရင်၊အရက်သောက်လိုက်ကြာခိုလိုက်လုပ်နေတဲ့ဒီမင်းကြီးမင်းလေးစတာတွေကရတနာသုံးပါးထဲပါနိုင်ပါ့မလား။ဒကာတော်သိကြားကိုသွားပြီးကိုးကွယ်ဆည်းကပ်မယ်ဆိုရင်တောင်နည်းနည်းတော်သေးတာပေါ့။သဘောပြောတာပါ။သူကဘုန်းတန်ခိုးကြီးတယ်လေ၊နတ်ရွာနှစ်ရွာကိုအုပ်ချုပ်နေတာ။ 
အခုတော့ကြည့်ပေါ့သူတို့ရဲ့အပြောအရပြောတာပါ၊သူတို့မှာနေစရာမြေနေရာမရှိလို့တဲ့အနော်ရထာမင်းစောရဲ့ဖောင်ဦးမှာလားဘာလား၊ဘွားခနဲပေါ်ပြီးတော့မြေနေရာပေးပါလို့လာတောင်းတယ်တဲ့။စဉ်းစားကြည့်စမ်းလူသားတစ်ဦးကမြေနေရာပေးမှနေပိုင်ခွင့်ရှိတဲ့နတ်ဆိုတော့ဘယ်လောက်များအဆင့်အတန်းရှိနေလဲ၊သူတို့ရဲ့အဆင့်ကကိုယ်ပိုင်မြေတောင်ရနိုင်တဲ့အဆင့်ဟုတ်သေးရဲ့လား။မဟုတ်ဘူး။
အဲ့ဒီလောက်ဘုန်းတန်ခိုးနည်းပါးနေတဲ့နတ်ကိုမှကိုးကွယ်ဆည်းကပ်ချင်ပါတယ်ဆိုရင်အလွန်တန်ဖိုးရှိနေတဲ့သရဏဂုံသည်အလိုလိုပျက်စီးသွားရပါတယ်။သူတို့မှာကိုးကွယ်ထိုက်တဲ့ဂုဏ်အင်္ဂါတွေဘယ်လောက်များရှိနေလည်းကြည့်ပေါ့။သူတို့ပြောတဲ့အတိုင်းအရက်ကလည်းသောက်သေးတယ်။တော်ကြာသူများသားမယားလည်းကောက်ချင်ကောက်သေးတယ်။ယောကျာ်းမဟုတ်မိန်းမမဟုတ်လူ့လောကဘယ်သူမှမသုံးတဲ့သူတွေလည်းသူကကောက်ချင်ကောက်နေပြန်တယ်။ဘယ်လောက်ညစ်ပတ်တဲ့နတ်လည်းကြည့်ပါလား။သဘောပြောတာပါ။ 
နောက်တစ်ခုကနတ်ကတော်ဆိုတာမျိုးကသူတို့ဘာလိုချင်နေလဲ၊သူတို့လိုချင်တာကလူ့လောကမှာမရနိုင်ဘူးလေမရနိုင်တော့စိတ်ကူးယဉ်ဂန္ဓာရီထဲခြေစုံပစ်ပြီးဝင်ကြတာပဲ။အဲ့ဒီထဲမှာဘုန်းကြီးတို့ငယ်စဉ်အခါကကစားဖော်မိတ်ဆွေတစ်ဦးတောင်ပါနေတယ်လို့ကြားရပါတယ်။သူတို့လိုချင်တဲ့အချက်ကိုမရလေတော့ခြေစုံပစ်ပြီးတော့နတ်ကတော်လုပ်ကြတော့တာပါပဲ။မင်းကြီးကသူ့ကိုကောက်ထားဘယ်သူကသူ့ကောက်ထားတယ်။ဖြစ်နေပြန်ပြီနော်။ကိုးကွယ်အားထားမှုတစ်ခုမှားနေသည်နှင့်အလွန်တန်ဖိုးရှိတဲ့သရဏဂုံသည်  အလိုလိုပျက်စီးသွားတတ်ပါတယ်။ 
အကယ်၍များကိုးကွယ်မယ်ဆိုရင်သိကြားမင်းကြီးလိုအရိယာသူတော်ကောင်းကိုကိုးကွယ်ထိုက်ပါတယ်။သဘောပြောတာပါ။သဟမ္ပတိဗြဟ္မာကြီးတွေလိုအနာဂါမ်သူတော်ကောင်းကြီးတွေကိုကိုးကွယ်မယ်ဆိုကိုးကွယ်ထိုက်ပါတယ်။သို့သော်ဒီလိုအဆင့်မြင့်နေတဲ့ဗြဟ္မာကြီးတွေနတ်ကြီးတွေသော်လည်းရတနာသုံးပါးထဲမှာပါသလား?မပါပါဘူး။ဘာကြောင့်လဲသူတို့မှာအဓိသီလသိက္ခာမရှိဘူး။ရဟန်းသီလဖြစ်တဲ့အကျဉ်း(၂၂၇)သွယ်၊အကျယ်ကုဋေကိုးထောင်ကျော်တဲ့သိက္ခာပုဒ်တွေကိုလူသားဖြစ်တဲ့ရှင်ရဟန်းတွေသာထမ်းဆောင်ခွင့်မြတ်စွာဘုရားအတိအကျခွင့်ပြုထားပါတယ်။ 
ဒီအဓိသီလသိက္ခာကအရေးအကြီးဆုံးပါ။ပုဂ္ဂိုလ်တစ်ဦးသည်ရဟန္တာပင်ဖြစ်ချင်ဖြစ်ပါစေ၊သူကတစ်ဝါရှိမယ်ဆိုရင်အခြားပုထုဇဉ်ရဟန်းကဆယ်ဝါရှိနေပြီဆိုရင်တစ်ဝါပဲရှိတဲ့ရဟန္တာကဆယ်ဝါရှိနေတဲ့ပုထုဇဉ်ရဟန်းကိုရှိခိုးဦးတိုက်ရတယ်။ဒီအဓိသီလသိက္ခာကြောင့်ပါ။ဒါကြောင့်အဓိသီလသိက္ခာသည်သာသနာတော်မှာအရေးအကြီးဆုံးအစိတ်အပိုင်းကဏ္ဍတစ်ခုဖြစ်ပါတယ်။အခြေခံအုတ်မြစ်တစ်ခုဖြစ်ပါတယ်။
ဒီတော့ဒီနတ်တွေဗြဟ္မာတွေမှာဒီအဓိသီလသိက္ခာရှိသလားမရှိပါဘူး။မြတ်စွာဘုရားသည်လူသားဖြစ်တဲ့ပုဂ္ဂိုလ်တွေသာရှင်ရဟန်းအဖြစ်ခွင့်ပြုထားပါတယ်။ဒါကြောင့်ကိုးကွယ်ဆည်းကပ်ရမယ့်သံဃာရတနာစာရင်းထဲမှာလူသားထဲမှာအဓိသီလသိက္ခာ၊အဓိစိတ္တသိက္ခာ၊အဓိပညာသိက္ခာနဲ့ပြည့်စုံနေတဲ့အရိယာသူတော်ကောင်းတွေသာပါကြပါတယ်။ပုထုဇဉ်ရဟန်းတွေကသမုတိရဟန်းအနေနဲ့အရိယာသူတော်ကောင်းတွေနှင့်အယူသီလတူည်ီတဲ့အတွက်သံဃာရတနာထဲမှာထည့်သွင်းထားခြင်းဖြစ်ပါတယ်။တကယ်သံဃာရတနာကတော့အရိယာသံဃာကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။ 
ဒါကြောင့်ကိုးကွယ်ဆည်းကပ်ရမယ့်ရတနာသုံးပါးထဲမှာဒီမင်းကြီးမင်းလေးတို့စတဲ့နတ်တွေမပါကြပါဘူး။သိကြားမင်းဗြဟ္မာမင်းကြီးတွေလည်းမပါကြပါဘူး။အထက်ဂိုဏ်းဆရာကြီးတွေနှင့်နတ်အကြောင်းပြောပြီးတော့ဝေဒဗေဒင်အကြောင်းပြောကြရအောင်....
"ဖားအောက်တောရဆရာတော်"
Bhikkhu's Dhamma
Sunday, August 25, 2019
•••••••••••••••••••••••••••••••••••••••••
ဒီနေရာမှာဒေဝတာဗလိဆိုတာလေးကိုထပ်ပြီးဆက်စပ်ပြီးပြောပါဦးမယ်။နတ်တွေကိုပူဇော်ပသမှုမျိုးကြတော့မိမိ၏မိတ်ကောင်းဆွေကောင်းတစ်ဦးကိုကျွေးမွေးပြုစုစောင့်ရှောက်သကဲ့သို့ပူဇော်ပသမှုမျိုးကိုဆိုလိုပါတယ်။ရတနာသုံးပါးကိုကိုးကွယ်ဆည်းကပ်ပူဇော်ကန်တော့သလိုတော့မဟုတ်ပါဘူး။ဒါကိုသတိရှိဖို့လိုပါတယ်။
 နောက်မိမိရဲ့ကုသိုလ်ကောင်းမှုတွေကိုအမျှပေးဝေနေခြင်းဟာလည်းနတ်တွေကိုပူဇော်ခြင်းဘဲ၊ဒီလိုအမြတ်တနိုးအမျှအတန်းပေးဝေလိုက်တဲ့လူသားတို့အားထိုနတ်တို့ကကာကွယ်စောင့်ရှောက်ကြတယ်တဲ့။အပူဇော်ခံရတဲ့နတ်တွေကပူဇော်တဲ့လူသားတွေကိုတုံ့လှည့်တစ်ဖန်ပူဇော်ကြပါတယ်။တုံ့လှည့်တစ်ဖန်မြတ်နိုးကြပါတယ်။ဒီထုံးကိုဘုရားရှင်ခွင့်ပြုထားပါတယ်။
အခုခေတ်မှာတောင်ပြုံးမင်းညီနောင်တို့ကြည့်ကျန်စစ်မင်းသားကဝါးရင်းတုတ်နဲ့ရိုက်သတ်လို့သေးဘေးဆိုးနဲ့သေရတဲ့နှစ်ယောက်ပဲ။အဲ့ဒီနှစ်ယောက်နတ်ဖြစ်တယ်ဆိုတာဘယ်သူသိလဲ?ဘယ်သူအတိအကျပြောနိုင်လဲ၊ဒါစဉ်းစားရမယ်အပိုင်း၊မိမိတို့ရဲ့ကိုးကွယ်ရာအားထားရာတစ်ခုချွတ်ယွင်းသွားပြီဆိုမှားယွင်းသွားတာနဲ့တစ်ပြိုင်နက်ထဲအလွန်တန်ဖိုးရှိနေတဲ့သရဏဂုံသည်ပျက်စီးသွားပါတယ်။ 
နောက်တစ်ခုပိုဆိုးနေတဲ့အချက်ကနတ်ကိုဟုတ်၏မဟုတ်ကိုမိမိတို့ကစဉ်းစားဝေဖန်နိုင်ခဲ့ရင်တောင်နတ်ကိုရတနာသုံးပါးလိုကိုးကွယ်ဆည်းကပ်ရမှာဟုတ်သလား?မဟုတ်ဘူး..နော်။မိတ်ကောင်းဆွေကောင်းတစ်ဦးအနေနဲ့ကာဠီနတ်ဘီလူးမကိုကျွေးမွေးသလိုပူဇော်ကျွေးမွေးပသတာမျိုးသာဖြစ်ပါတယ်။ဒါပေမယ့်လို့ဘုရားဆွမ်းတော်တင်တဲ့အခါကျဝက်သားလေးတစ်တုံးလောက်နဲ့ပုဂံအသေးစားလေးပုဂံတောင်ဈေးမှာဒီထက်သေးတာမတွေ့လို့တွေ့ရင်အသေးဆုံးနဲ့ကပ်မှာ၊အဲ့ဒါလေးကိုကြွက်စားချင်စားယင်နားချင်နားဆိုပြီးသွားပြီးပူဇော်ကပ်တယ်။ 
ဒါပေမယ့်ဟိုတစ်ဖက်အုန်းသီးကြတော့ဘာလုပ်လဲအမြှီးနည်းနည်းမှမခြောက်စေရဘူး။အမြှီးခြောက်ရင်ဒီအုန်းဆွဲထားတဲ့ပုဂ္ဂိုလ်ကမကြိုက်ပဲကိုးဟုတ်လား။သူကဘယ်သူ့ပိုရိုသေနေလဲ?စဉ်းစားကြည့်စမ်းပါ။နောက်တစ်ခုသူရဿတီမယ်တော်ကြီးအကြောင်းပါ။ဘုန်းကြီးတို့နိုင်ငံကျော်စာရေးဆရာတစ်ဦးဖြစ်တဲ့ရဝေထွန်းအမည်နဲ့နာမည်ကြီးနေတဲ့ဆရာတော်ဦးတိလောကကတော့၊အနောက်တိုင်းသုတေသီတွေကသုတေသနပြုကြတယ်တဲ့။သူကတစ်ချိန်ကအဲ့ဒီသူရဿတီမယ်တော်အကြောင်းဓမ္မဗျူဟာမှာဆောင်းပါးလေးတစ်ခုရေးခဲ့ဖူးပါတယ်။ပုဂ္ဂိုလ်တစ်ဦးရဲ့မေးမြန်းချက်ကိုသူကပြန်ဖြေထားတာပါ။
အဲ့ဒီတော့သူတို့ရဲ့သုတေသနပြုချက်အရသူရဿတီဆိုတဲ့နတ်ဘယ်အချိန်အခါမှာပေါ်လာတာလဲ?ဘုရားမပွင့်ခင်နှစ်ပေါင်းငါးရာကျော်ခန့်ကလို့ယူဆရမယ်။လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်ကျော်ဝန်းကျင်လောက်ကအခုခေတ်အခေါ်အနောက်ပါကစ္စတန်ရှေးခေတ်အခေါ်ပန်ဂျက်ပြည်နယ်ပေါ့၊အဲ့ဒီမှာမြစ်တစ်ခုရှိခဲ့ဖူးပါတယ်။ဒီမြစ်ကိုသူတို့ကဆွာရဝတီလို့ခေါ်ကြပါတယ်။ဒီမြစ်ဟာအဲ့ခေတ်ကစိုက်ပျိုးရေးကဏ္ဍမှာအရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုထဲမှာပါဝင်နေပါတယ်။မြစ်ကိုအမှီပြုပြီးစိုက်ပျိုးရေးလုပ်ငန်းတွေပြုလုပ်လိုက်တော့တိုင်းပြည်မှာကြီးပွားတိုးတက်မှုဖွံ့ဖြိုးတိုးတက်မှုတွေများစွာဖြစ်ပေါ်ခဲ့ပါတယ်။ 
ဒီတော့ဒီမြစ်ကိုပထမကိုးကွယ်ကြတယ်။မြစ်ကိုကိုးကွယ်တယ်ဆိုတာကတော့ရှေးခေတ်ယဉ်ကျေးမှုအရတောင်လည်းကိုးကွယ်တယ်၊သစ်ပင်လည်းကိုးကွယ်တာပဲ။သူတို့ရဲ့ဆိုင်ရာဆိုင်ရာနီးစပ်ရာကိုးကွယ်ကြတော့မြစ်ကသူတို့ကိုကျေးဇူးပြုတယ်ဆိုပြီးကိုးကွယ်ကြတယ်။မြစ်ကိုကိုးကွယ်ရာကနေနောက်ပိုင်းဘာဖြစ်လာလဲ၊ဧကဏ္ဍဒီမြစ်စောင့်နေတဲ့နတ်တို့ရှိရမယ်ဆိုပြီးလူတွေကဖန်တီးယူလိုက်တဲ့နတ်ပါ။ 
ဒီမြစ်ကိုစောင့်တဲ့နတ်တော့ဟုတ်ပြီ၊နတ်ကအထီးဖြစ်နေမလား၊အမဖြစ်လေမလားဆိုပြီးစဉ်းစားကြပြန်တယ်။ပါဠိလိုကမြစ်ကို'နဒီလို့ခေါ်တော့။ပါဠိမှာပုလိင်နပုလိင်ဣတ္ထိလိင်ဆိုပြီးလိင်သုံးပါးရှိလေတော့၊သုံးပါအနက်မှာနဒီကဣတ္ထိလိင်ဖြစ်နေပြန်တယ်။ဒီမြစ်ကိုစောင့်နေတဲ့နတ်ကအထီးဖြစ်ပုံမရဘူးအမပဲဖြစ်လိမ့်မယ်ဆိုပြီးအဲ့ဒီဆွာရဝတီနတ်သမီးဆိုပြီးအဲ့ကနေစပေါ်လာပါတယ်။ခေတ်ကာလတွေရွေ့လျောလာကနေဆွာရဝတီကနေသူရဿတီနတ်ဆိုပြီးအခေါ်အဝေါ်တွေပြောင်းလာပါတယ်။
ဒါကိုကိုးကွယ်ရင်းကံကြောင်းလေးကြောင့်စိုက်ပျိုးရေးလုပ်ငန်းတွေအစစအရာရာအောင်မြင်လာတော့ဒီမြစ်စောင့်နတ်ဟာတန်ခိုးသိပ်ကြီးတယ်ဆိုပြီးလိုအင်ဆန္ဒတွေပြီးပြည့်စုံစေတဲ့နတ်ဆိုပြီးကိုးကွယ်ဆည်းကပ်လာကြတော့တာပါပဲ။ဒီအချိန်ဝေဒကျမ်းတွေကလည်းကြီးစိုးနေတော့ဝေဒကျမ်းကိုသင်ယူနေကြရင်းကဝေဒကျမ်းတွေကိုလည်းဒီနတ်ကစောင့်ပါတယ်ဆိုပြီးတဖြေးဖြေးလူတွေကဖန်တီးယူလာတာပါပဲ။ 
အဲ့ကနေတဖြေးဖြေးခြင်းနဲ့သာသနာဘက်ကိုရောက်လာတော့ပိဋကတ်သုံးပုံလည်းသူကစောင့်ပြန်တယ်တဲ့၊ဖြစ်ပြန်ကော၊လူတွေကလုပ်ယူတဲ့နတ်သမီးဖြစ်ပါတယ်။တကယ်စင်စစ်ရှိတဲ့နတ်သမီးမဟုတ်ပါဘူး။တကယ်မရှိပဲယနေ့ခေတ်တကယ်ထင်ရှားရှိပါတယ်ဆိုပြီးဒီသူရဿတီမယ်တော်ကြီးကိုကိုကွယ်ဆည်းကပ်နေသူတွေကောမရှိဘူးလား?ရှိနေပါတယ်။ဒီသူရဿတီနတ်ကိုအလွန်အမင်းရိုသေစွာကိုးကွယ်ဆည်းကပ်မှုကြောင့်အလွန်အဖိုးတန်နေတဲ့သရဏဂုံဟာပျက်စီးသွားရပါတယ်။
အကယ်၍များသူရဿတီနတ်ဟာတကယ်စင်စစ်ထင်ရှားရှိခဲ့ရင်တောင်ပူဇော်ကိုးကွယ်ဆည်းကပ်ကောင်းသလား?မကိုးကွယ်ထိုက်ပါဘူး။ဘာဖြစ်လို့လဲ?ရတနာသုံးပါထဲမှာသူကမပါပါဘူး။မိတ်ကောင်းဆွေကောင်းတစ်ဦးအနေနဲ့လှူဒါန်းကျွေးမွေးစောင့်ရှောက်တာမြတ်စွာဘုရားခွင့်ပြုပါတယ်။ဘုရားရှင်နှစ်ခြိုက်တာကတော့မိမိကောင်းမှုကိုသိုလ်တစ်ခုပြုပြီးတဲ့အချိန်အခါမှာသူတို့ကိုအမျှအတန်းပေးဝေခြင်းဖြစ်ပါတယ်။ဒါကဘုရားရှင်ပိုအနှစ်ခြိုက်ဆုံးဖြစ်ပါတယ်။ဘာကြောင့်လဲကောင်းမှုကုသိုလ်တစ်ခုကိုသူတို့ကသာဓုခေါ်ဆိုခြင်းသည်သူတို့အတွက်ကောင်းမှုကုသိုလ်ထူးတစ်ခုရလို့ပဲဖြစ်ပါတယ်။ 
ဘုန်းကြီးတို့ဒကာကြီးတွေနည်းနည်းလေးစဉ်းစားကြည့်စမ်းပါ။သူတို့ကအဆင့်မြင့်တဲ့နတ်တွေဖြစ်ခဲ့မယ်ဆိုရင်...သဘောပြောတာပါ။ကွမ်းလေးတစ်ရွေးလောက်၊လ္ဘက်ကလေးတစ်လက်မလောက်ကိုမျှော်လင့်ပါ့မလား?စဉ်းစားကြည့်ပါ။သူတို့ဟာဘုန်းကံကြီးမားတဲ့နတ်တွေသာဖြစ်ခဲ့မယ်ဆိုရင်လူတွေကျွေးမွေးမယ်ဒီကွမ်းစတာလေးတွေကိုမျှော်လင့်တောင့်တနေတဲ့နတ်မျိုးဖြစ်နိုင်ပါ့မလား?အဲ့ဒီတော့လူတွေကကျွေးမွေးတဲ့ကွမ်းလေးတစ်ရွေးလောက်လ္ဘက်လေးတစ်လက်မလောက်ကိုမျှော်လင့်နေရင်ဒီနတ်ဟာဘုန်းကံကြီးမားတဲ့နတ်ဖြစ်နိုင်ပါတော့မလားမဖြစ်နိုင်ဘူး။ဒါကနည်းနည်းလေးစဉ်းစားဖို့သိပ်ကောင်းပါတယ်။
"ဖားအောက်တောရဆရာတော်"
Bhikkhu's Dhamma