Choose Fonts Here

Monday, May 23, 2016

ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း


ပဋိစ္စသမုပ္ပါဒ် ပဉ္စမနည်း အကျဉ်းချုပ်မှတ်သားရန်
၁။ လွန်လေပြီးသော အတိတ်ဘ၀၀ယ် ကမ္မဘ၀ကို ထူထောင်စဉ်၌ ---
(က) တွေဝေမှု = အသိမှားမှု မောဟသည် အ၀ိဇ္ဇာ မည်၏။
( ခ ) အားထုတ်မှု = ကံကို ပြုစုပျိုးထောင်မှုတို့သည်သင်္ခါရ မည်ကုန်၏။
( ဂ ) (ဘ၀ကို) လိုချင်တပ်မက်မှုသည် တဏှာ မည်၏။
(ဃ) မြဲမြံစွာ စွဲယူခြင်းသည် ဥပါဒါန် မည်၏။
( င ) စေ့ဆော်ကြောင့်ကြမှု စေတနာသည် ဘ၀ မည်၏။

လွန်လေပြီးသော အတိတ်ဘ၀၀ယ် ကမ္မဘ၀ကို ထူထောင်စဉ်၌ ဖြစ်ခဲ့သော
ဤတရားငါးပါးတို့သည် ဤပစ္စုပ္ပန်ဘ၀၌ ပဋိသန္ဓေ၏ အကြောင်း
တရားတို့ ဖြစ်ကြကုန်၏။

၂။ ဤပစ္စုပ္ပန် ဘ၀၌ ---
(က) ဘ၀တစ်ခုနှင့် ဘ၀တစ်ခုကို = ခန္ဓာတစ်ခုနှင့် ခန္ဓာတစ်ခုကို
ဆက်စပ်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ပဋိသန္ဓေ
သည် ၀ိညာဏ် မည်၏။
( ခ ) အမိဝမ်းသို့ သက်ဝင်ဘိသကဲ့သို့ ဖြစ်သော တရားသည် နာမ်ရုပ်မည်၏။
( ဂ ) မဟာဘုတ်တို့၏ ကြည်သည်၏ အဖြစ်သည် အာယတန မည်၏။
(ဃ) တွေ့ထိခြင်းသဘောသည် ဖဿ မည်၏။
( င ) ခံစားခြင်းသဘောသည် ဝေဒနာ မည်၏။
ဤပစ္စုပ္ပန်ဘ၀ ၀ိပါက၀ဋ်၌ အကျုံးဝင်ကုန်သော ဤတရားငါးပါး
တို့သည် ရှေးအတိတ်ဘ၀၌ ကမ္မဘ၀ကို ထူထောင်စဉ်ဝယ် ပြုစုပျိုးထောင်
ခဲ့သော ကံကြောင့် ဖြစ်ကုန်သော အကျိုးတရားတို့တည်း။



၃။ ဤပစ္စုပ္ပန်ဘ၀၌ အာယတနတို့၏ ရင့်ကျက်ပြီးသည်၏ အဖြစ်ကြောင့်
ဖြစ်ပေါ်လာကြကုန်သော ---
(က) တွေဝေမှု = အသိမှားမှု မောဟသည် အ၀ိဇ္ဇာ မည်၏။
( ခ ) အားထုတ်မှု = ကံကို ပြုစုပျိုးထောင်မှုတို့သည် သင်္ခါရ မည်ကုန်၏။
( ဂ ) (ဘ၀ကို) လိုချင်တပ်မက်မှုသည် တဏှာ မည်၏။
(ဃ) မြဲမြံစွာ စွဲယူခြင်းသည် ဥပါဒါန် မည်၏။
( င ) စေ့ဆော်ကြောင့်ကြမှု စေတနာသည် ဘ၀ မည်၏။
ဤပစ္စုပ္ပန် ကမ္မဘ၀၌ ဖြစ်သော ဤအကြောင်းတရား ငါးပါးတို့သည်
နောင်အနာဂတ် ပဋိသန္ဓေ၏ အကြောင်း ဖြစ်ကုန်၏။
၎။ နောင်အနာဂတ်၌ ---
(က) ဘ၀တစ်ခုနှင့် ဘ၀တစ်ခုကို = ခန္ဓာတစ်ခုနှင့် ခန္ဓာတစ်ခုကို
ဆက်စပ်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ပဋိသန္ဓေ-
သည် ၀ိညာဏ် မည်၏။
( ခ ) အမိဝမ်းသို့ သက်ဝင်ဘိသကဲ့သို့ ဖြစ်သော တရားသည် နာမ်ရုပ်
မည်၏။
( ဂ ) မဟာဘုတ်တို့၏ ကြည်သည်၏ အဖြစ်သည် အာယတန မည်၏။
(ဃ) တွေ့ထိခြင်းသဘောသည် ဖဿ မည်၏။
( င ) ခံစားခြင်းသဘောသည် ဝေဒနာ မည်၏။
နောင်အနာဂတ် ဥပပတ္တိဘ၀၌ဖြစ်သော ဤတရားငါးပါးတို့သည် ပစ္စုပ္ပန်ဘ၀၌
ပြုစုပျိုးထောင်အပ်သော ကံ၏အကြောင်းကြောင့် ဖြစ်ကုန်၏။
(ပဋိသံ၊၅၀-၅၁။)
ဤအထက်ပါ ပဋိသမ္ဘိဒါမဂ်ပါဠိတော်ကြီးကို ကိုးကား၍ အဋ္ဌကထာ
ကြီးများက အကျဉ်းချုပ် မှတ်သားရန် ဤသို့ ဖွင့်ဆိုထားတော်မူ၏။

ဉာဏ်စဉ်အရ ပဋိစ္စသမုပ္ပါဒ်
...............................
သီလနှင့် ပြည့်စုံကာ အာနာပါနစသော ကမ္မဋ္ဌာန်းတို့အား ဈာန်သမာဓိဆိုက်အောင်
ပွာများထားသော သူတော်ကောင်းအနေဖြင့် ရုပ်ကမ္မဋ္ဌာန်းအား ပရမတ် ကျကျကျေပွန်နိုင်နင်း
အောင်ပွားများထားရပါမယ် ။ ထို့နောက် ဟဒယဝတ္ထုရုပ်အားမှီတွယ်၍ ဖြစ်နေသော နာမ်တရား
တို့အား ပရမတ်ကျကျ ကျေပွန်နိင်နင်းအောင် ပွားများ ရပါမယ် ။ ထိုသို့ ရုပ်ပရမတ် နာမ်ပရမတ်တို့
အား ကျေပွန်နိုင်နင်းအောင်ပွားများထားသော သူတော်ကောင်းအနေနှင့် နာမရူပပရိစ္ဆေဒဉာဏ်အဆင့်အား  တက်လှမ်းနိုင်ပေမယ် ။ ထို့နောက် သမာဓိစွမ်းရည်အကူအညီဖြင့် အတိတ်ဘက်အားဉာဏ်တို့အား
စေလွှတ်ကာ ရုပ်နာမ်တရားတို့ကို အတိတ်အကြောင်းတရား ပစ္စုပ္ပန်အကျိုးတရားတို့၏ ကြောင်းကျိုးဆက်နွယ် နေမှု( ပဋိစ္စသမုပ္ပါဒ် )တို့အား ပရမတ်ကျကျကျေပွန်နိုင်နင်းအောင်ရှုပွား ရပါမယ် ။

ဤအပိုင်းသည် ပစ္စယပရိဂ္ဂဟဉာဏ်ဖြစ်ပါတယ် ။ အသင်သူတော်ကောင်းအနေနှင့် မိမိကိုယ်ကိုမေးကြည့်ပါ "ငါသည် ရုပ်နာမ်ပရမတ်တို့အားသိမြင်ပြီလား ၊ ငါသည် အတိတ်အနာဂါတ်ဘဝတို့၏ အကြောင်းအကျိုးဆက်နွယ်
မှု  ပဋိစ္စသမုပ္ပါဒ် တရားတို့အားပရမတ်ကျကျသိမြင်ပြီလား " လို့မေးကြည့်ပါ ။ အသင်သူတော်ကောင်း
အနေဖြင့် မိမိဘာသာဆုံးဖြတ်နိုင်ပေလိမ့်မည် ။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

No comments:

Post a Comment