Choose Fonts Here

Monday, May 23, 2016

သြဒါတကသိုဏ်းသို့


ရဟန်းတို့ ...ဤ အဘိဘာယတနဈာန် (၈)မျိုးတို့တွင် အချို့သော
ယောဂါဝစရပုဂ္ဂိုလ်သည် မိမိအဇ္ဈတ္တသန္တာန်၌ တည်ရှိသော ကောဋ္ဌာသတို့၏
အဆင်းရုပ်တို့ကို မရှုမူ၍ ဗဟိဒ္ဓ၌ ဖြူသောအဆင်း ဖြူသောအသွေး ဖြူသော
အရောင်ရှိသော ဖြူသောကသိုဏ်းရုပ်တို့ကို ရှု၏။ ထိုကသိုဏ်းရုပ်တို့ကို
လွှမ်းမိုး၍ "ငါသိ၏၊ ငါမြင်၏"ဟု ဤသို့ အမှတ်သညာ ရှိ၏။ ဤ အဘိဘာ-
ယတနဈာန်သည်ကား အသာဆုံး အမြတ်ဆုံးတည်း။ (အံ၊၃၊၃၀၆။)

အထက်ပါ ဒေသနာတော်နှင့်အညီ ၀ဏ္ဏကသိုဏ်း လေးမျိုးတို့တွင်
သြဒါတ = အဖြူရောင်ကသိုဏ်းကား ယောဂါဝစရပုဂ္ဂိုလ်တို့၏ စိတ်ဓာတ်ကို
အထူးကြည်လင်စေတတ်သဖြင့် အသာဆုံး အမြတ်ဆုံး ကသိုဏ်းတစ်ခု ဖြစ်
၏။ ထိုကြောင့် သြဒါတကသိုဏ်းရှုကွက်ကို ဦးစားပေး၍ တင်ပြပေအံ့။
၁။ အာနာပါန စတုတ္ထဈာန်သမာဓိကို ပြန်လည်ထူထောင်ပါ။ လင်းရောင်ခြည်စွမ်း
အင်များ ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသော
အခါ ---

၂။ အဇ္ဈတ္တ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။
၃။ မိမိ၏ ရှေ့တည့်တည့်တွင် သို့မဟုတ် အနီးကပ်ဆုံး တစ်နေရာ၌ တည်ရှိ
သော ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့ကို သိမ်းဆည်းပါ။
၎။ ထိုဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့တွင် အရိုးစုကောဋ္ဌာသကို သိမ်းဆည်းပါ။
(ပဋိကူလအားဖြင့် နှလုံးသွင်းလိုကလည်း သွင်းပါ။ မသွင်းလိုကလည်း
ယင်းအရိုးစုကို သိမ်းဆည်းရုံ သိမ်းဆည်းပါ။)
၅။ ထို ဗဟိဒ္ဓ အရိုးစု၏ အဖြူဆုံး တစ်နေရာကို ရွေးချယ်၍ သို့မဟုတ်
အရိုးစုအားလုံး ဖြူနေသော် အရိုးစုအားလုံးကို ခြုံငုံ၍ သို့မဟုတ်
ဦးခေါင်းခွံအရိုးကို အာရုံယူ၍ သြဒါတ သြဒါတ = အဖြူ အဖြူဟု
နှလုံးသွင်းပါ။

အသင်သူတော်ကောင်းသည် အကယ်၍ စိတ်အားထက်သန်ပါက
အဇ္ဈတ္တအရိုးစု၌ ပဋိကူလအားဖြင့် နှလုံးသွင်းပြီး၍ ပထမဈာန်သို့ ဆိုက်ပြီး
သောအခါ ယင်းအရိုးစုသည်လည်း ဖြူလာသောအခါ ထိုအဖြူရောင်၌
ပရိကမ္မဘာဝနာကို စီးဖြန်းလိုက စီးဖြန်းနိုင်ပါသည်။ အဇ္ဈတ္တကသိုဏ်းရုပ်၌
အပ္ပနာဈာန်သို့ ဆိုက်သည်တိုင်အောင် ရှုမရဖြစ်နေပါက သို့မဟုတ် မရှုလိုပါက
ပရိကမ္မသမာဓိမျှကိုသာ ထူထောင်ပြီးနောက် ဗဟိဒ္ဓ အရိုးစုကောဋ္ဌာသ
၏ အဖြူရောင်ကို အာရုံယူ၍ သြဒါတ အဖြူရောင်ကသိုဏ်းကို ဆက်လက်
ရှုရမည် ဖြစ်သည်။





ဗဟိဒ္ဓ အရိုးကောဋ္ဌာသမှပင် သြဒါတကသိုဏ်းသို့
................................................................
ဗဟိဒ္ဓ အရိုးကောဋ္ဌာသမှပင် သြဒါတကသိုဏ်းသို့
သွားလိုကလည်း အထက်ဖော်ပြပါ အစီအစဉ်အတိုင်း ရှုနိုင်ပါသည်။ ဗဟိဒ္ဓ
အရိုးစုကောဋ္ဌာသကို ပဋိကူလအားဖြင့် နှလုံးသွင်းခြင်းသည်ကား ပဋိကူလ
မနသိကာရကမ္မဋ္ဌာန်းကိုလည်း စီးဖြန်းတတ်စေ၊အရိုးစုကောဋ္ဌာသလည်း
ခိုင်ခံ့စေ၊ အရိုးစုကောဋ္ဌာသလည်း ဖြူလာစေဟူသော ဦးတည်ချက်တို့ဖြင့်
နှလုံးသွင်းခြင်းသာ ဖြစ်သည်။ ပဋိကူလအားဖြင့် နှလုံးမသွင်းဘဲ သြဒါတ
ကသိုဏ်းသို့ တိုက်ရိုက်သွားလိုကလည်း သွားနိုင်သည်သာ ဖြစ်သည်။

ဗဟိဒ္ဓ
အရိုးစု၏ အထူးသဖြင့် ဦးခေါင်းခွံ၏ အဖြူရောင်ကို အာရုံယူ၍ သြဒါတ
သြဒါတ = အဖြူ အဖြူဟု ရှုသောအခါ ထိုအဖြူရောင်အာရုံ၌ ဘာဝနာစိတ်ကို
တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေအောင် ကြိုးစားပါ။
အာနာပါနစတုတ္ထဈာန်စသော ရှေးရှေး ဘာဝနာသမာဓိတို့၏ အားကြီး
သော မှီရာ = ဥပနိဿယသတ္တိစသော ပစ္စယသတ္တိတို့ဖြင့် ကျေးဇူးပြုပေးမှု
အရှိန်အ၀ါသတ္တိထူးကြီးကို ဆက်ခံထားရသော အသင် သူတော်ကောင်း၏
သြဒါတကသိုဏ်း ဘာဝနာစိတ်သည် အဖြူရောင်အာရုံ၌ ငြိမ်ဝပ်စွာကပ်၍
တည်နေမည်သာ ဖြစ်ပေသည်။

ယင်းအဖြူရောင်အာရုံ၌ တစ်နာရီ နှစ်နာရီ
စသည်ဖြင့် ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍ တည်နေပါက အရိုးစု ကော-
ဋ္ဌာသပျောက်၍ အဖြူရောင်ကသိုဏ်းဝန်းသက်သက်သာ ကျန်ရှိနေမည်ဖြစ်
သည်။ ၀ါဂွမ်းစိုင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေသော အဖြူရောင် ကသိုဏ်းဝန်းကား
ဥဂ္ဂဟနိမိတ်တည်း။ သောက်ရှူးကြယ်ကဲ့သို့ အလွန် ကြည်လင်တောက်ပလာသော
အဖြူရောင်ကသိုဏ်းဝန်းကား ပဋိဘာဂနိမိတ်တည်း။ ဥဂ္ဂဟ-
နိမိတ်သို့ မဆိုက်မီ အရိုးစုနိမိတ်အားလုံးကား ဆွတ်ဆွတ်မဖြူမီ ပရိကမ္မနိမိတ်
ချည်းသာတည်း။

အကယ်၍ အသင်သူတော်ကောင်းသည် ဤသာသနာတော်တွင်း၌
ရှေးရှေးဘ၀များကဖြစ်စေ သို့မဟုတ် ရှေးရှေးဘုရားရှင်တို့၏ သာသနာတော်
တွင်း ဘ၀ထိုထိုကဖြစ်စေ ဖြည့်ကျင့်ဆည်းပူးခဲ့သော သြဒါတကသိုဏ်း ပါရမီ
ကုသိုလ်အဆောက်အဦရှိသူ ဖြစ်ပါက အဖြူရောင် သြဒါတကသိုဏ်းဝန်းမှာ
အထူးကြိုးစား၍ မဖြန့်ရတော့ဘဲ ဥဂ္ဂဟနိမိတ် သို့မဟုတ် ပဋိဘာဂနိမိတ်သို့
ဆိုက်ရောက်လာသောအခါ အဖြူရောင် သြဒါတကသိုဏ်းဝန်းကို စိုက်၍
အဖြူ အဖြူဟု ရှုနေစဉ်မှာပင် ယင်းအဖြူရောင် သြဒါတကသိုဏ်းဝန်းသည်
အရပ် (၁၀)မျက်နှာသို့တိုင်အောင် လွယ်ကူစွာ ပြန့်သွားမည် ဖြစ်ပေသည်။

အကယ်၍ အဖြူရောင်ကသိုဏ်းဝန်းမှာ ပြန့်ကျယ်၍ မသွားပါက ထို
အဖြူရောင်ကသိုဏ်းဝန်းကိုပင် ဆွတ်ဆွတ်ဖြူ၍ အထူးကြည်လင်တောက်ပ
လာသည့်တိုင်အောင် ယင်း သြဒါတကသိုဏ်းဝန်းကိုပင် အာရုံယူ၍ အဖြူ
အဖြူဟု ရှုနေပါ။ သမာဓိကို ဆက်လက် ထူထောင်ပါ။ ဆွတ်ဆွတ်ဖြူ၍
အထူး သန့်ရှင်းကြည်လင် တောက်ပနေသည့် ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်
သောအခါ ယင်း ပဋိဘာဂနိမိတ်ကိုပင် အာရုံယူ၍ အဖြူ အဖြူဟု ဆက်လက်
ရှုပွားခဲ့သော် ပထမဈာန်သမာဓိသို့ကား ဆိုက်နိုင်၏။ သို့သော် ယင်းသမာဓိမှာ
မခိုင်ခံ့ဘဲ အရှည်မတည်တံ့ ဖြစ်တတ်၏။

 ထိုကြောင့် ယင်း ပဋိဘာဂနိမိတ်ကို
သမာဓိ အရှည်ခိုင်ခံ့တည်တံ့ရေးအတွက် တိုးပွားအောင် ပြုလုပ်သင့်ပေသည်။
ယင်း အဖြူရောင်သြဒါတကသိုဏ်း ပဋိဘာဂနိမိတ်အာရုံ၌ ဘာဝနာ
စိတ်သည် တစ်နာရီ နှစ်နာရီ စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍ တည်နေသောအခါ
"အဖြူရောင်ကသိုဏ်းဝန်းသည် ဘေးပတ်လည်ဝန်းကျင်သို့ လက်တစ်သစ်ခန့်
ပြန့်ပါစေ၊ သို့မဟုတ် လက်နှစ်သစ်ခန့် ပြန့်ပါစေ၊ သို့မဟုတ် လက်သုံးသစ်ခန့်
ပြန့်ပါစေ၊ သို့မဟုတ် လက်လေးသစ်ခန့် ပြန့်ပါစေ"ဤသို့စသည်ဖြင့် မိမိ၏
ဉာဏ်အာနုဘော်စွမ်းအားနှင့် နှိုင်းချိန်လျက် လက်တစ်သစ် လက်နှစ်သစ်
စသည်ဖြင့် ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ဖြန့်ကြည့်ပါ။

လက်တစ်သစ် လက်
နှစ်သစ် စသည်ဖြင့် မပိုင်းခြားဘဲကား ကသိုဏ်းဝန်းကို မဖြန့်ပါနှင့်၊ ပိုင်းခြား
၍သာ ဖြန့်ပါ။ ထိုသို့ ပိုင်းခြား၍ အဓိဋ္ဌာန်ပြုကာ ဖြန့်လိုက်သဖြင့် ကသိုဏ်း-
ဝန်းသည် ပြန့်သွားခဲ့သော် ယင်းကသိုဏ်းဝန်းသည် အနည်းငယ် လှုပ်ရှားသွား
တတ်၏။ ထိုအခါ ထိုကသိုဏ်းဝန်းကို ငြိမ်သက်သွားအောင် အဖြူ အဖြူဟု
ရှုနေပါ။ သမာဓိစွမ်းအင် အားကောင်းလာသောအခါ ကသိုဏ်းဝန်းသည်
ငြိမ်သက်သွားမည် ဖြစ်သည်။


ကသိုဏ်းဝန်းကို ဖြန့်ကျက်ပါ
.....................................
 ငြိမ်သက်သွားပါက ရှေးနည်းတူ ပိုင်းခြား၍
အဓိဋ္ဌာန်ပြုကာ ထပ်မံ၍ ဖြန့်ကြည့်ပါ။ တစ်စတစ်စ ကသိုဏ်းဝန်းသည် ကျယ်
ပြန့်လာသောအခါ "တစ်တောင် ပြန့်ပါစေ၊ တစ်လံ ပြန့်ပါစေ "ဤသို့စသည်ဖြင့်
တိုးချဲ့၍ ဖြန့်ကြည့်ပါ။ ဤနည်းဖြင့် ကသိုဏ်းဝန်းကို အရပ် (၁၀)-
မျက်နှာသို့ အတိုင်းအတာပမာဏ မရှိအောင် ဖြန့်ကြက်ပါ။ အရပ် (၁၀)မျက်-
နှာ၌ မည်သည့်အရပ်ကိုမဆို ကြည့်လိုက်တိုင်း ဖြူနေပါစေ။ အဇ္ဈတ္တ ဗဟိဒ္ဓ
နှစ်ဌာနလုံး၌ သဏ္ဌာန်ဒြပ် လုံးဝမရှိတော့ဘဲ အဖြူရောင်ချည်းသက်သက်
တည် ရှိနေသောအခါ ထိုအဖြူရောင်ကသိုဏ်းအာရုံ၌ ဘာဝနာစိတ်သည်
ငြိမ်ဝပ်စွာ ကပ်၍ တည်နေအောင်၊ လှုပ်ရှားနေပါက လှုပ်ရှားနေသော အဖြူရေ
ာင်ကသိုဏ်းအာရုံလည်း ငြိမ်ဝပ်သွားအောင် ဖြန့်ကြက်ပြီးသော ယင်း
အဖြူရောင် ကသိုဏ်း၏ တစ်နေရာ၌ တိုက်နံရံ တစ်ခုပေါ်၌ ဦးထုပ်တစ်လုံးကို
ချိတ်ဆွဲ ထားသကဲ့သို့ ဘာဝနာစိတ်ကို ကပ်ထား၍ အဖြူ အဖြူဟုသာ ရှုနေပါ။
ယင်း အဖြူရောင်ကသိုဏ်းအာရုံ၌ ဘာဝနာစိတ်သည် ငြိမ်ဝပ်စွာကပ်၍
တည်လာသောအခါ အဖြူရောင်ကသိုဏ်းမှာလည်း လှုပ်ရှားမှုမရှိတော့ဘဲ
ငြိမ်ဝပ်လာမည် ဖြစ်၏။ ဘာဝနာစိတ်လည်း ငြိမ်သက်လာ၍ အဖြူရောင်
ကသိုဏ်းလည်း ငြိမ်ဝပ်လာသောအခါ ယင်း အဖြူရောင်ကသိုဏ်းမှာ ဆွတ်ဆွတ်ဖြူ၍
အထူး ကြည်လင်သန့်ရှင်းလာမည် ဖြစ်သည်။ အဖြူရောင်
ကသိုဏ်းဝန်းနိမိတ်ကို တိုးပွားအောင် ပြုလုပ်ပြီးနောက် ထပ်မံ၍ ရရှိလာသော
ကသိုဏ်းပဋိဘာဂနိမိတ်တည်း။ ထိုအဖြူရောင်ကသိုဏ်း ပဋိဘာဂနိမိတ်
အာရုံ၌ ဘာဝနာစိတ်ကို တစ်နာရီခန့် နှစ်နာရီခန့် စသည်ဖြင့် ငြိမ်ဝပ်စွာကပ်၍
တည်နေအောင် အဖြူ အဖြူဟုပင် ရှုနေပါ။ ထိုအခါ ယင်း ပဋိဘာဂနိမိတ်ကိုပင်
ထပ်ကာထပ်ကာ နှလုံးသွင်းနေပါက ရှုနေပါက ထို ပဋိဘာဂနိမိတ်
အာရုံ၌ ငြိမ်ဝပ်စွာကပ်၍ တည်နေသော စူးစူးစိုက်စိုက် နက်နက်ရှိုင်းရှိုင်း
နစ်မြုပ်နေသော ဘာဝနာစိတ်ဝယ် ဈာန်အင်္ဂါ(၅)ပါးလည်း အလွန် ထင်ရှားနေ
မည်၊ အားရှိနေမည် ဖြစ်ပေသည်။ ထိုအခါ ပထမဈာန်သမာဓိသို့ ဆိုက်ရောက်
ပြီ ဖြစ်သည်။

အဖြူရောင်ကသိုဏ်း ဈာန်အင်္ဂါ (၅) ပါး
.....................................................
၁။ ၀ိတက် = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံပေါ်သို့ စိတ်ကို
ရှေးရှုတင်ပေးခြင်းသဘော။
၂။ ၀ိစာရ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို "အဖြူ အဖြူ"ဟ
ု ထပ်ကာထပ်ကာ သုံးသပ် ဆင်ခြင်ခြင်းသဘော။
၃။ ပီတိ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံကို နှစ်သက်
ခြင်းသဘော။
၎။ သုခ = အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ၏ အရသာကို
ချမ်းချမ်းသာသာ ခံစားခြင်းသဘော။
၅။ ဧကဂ္ဂတာ= အဖြူရောင်ကသိုဏ်းပဋိဘာဂနိမိတ်အာရုံ တစ်ခုတည်း
ပေါ်သို့ စိတ်ကျရောက် တည်ငြိမ်နေခြင်းသဘော။
ဝိတက်စသည့် တစ်လုံးစီ တစ်လုံးစီကို ဈာန်အင်္ဂါဟု ခေါ်ဆို၍ ယင်း
ဈာန်အင်္ဂါတို့၏ အပေါင်းအစုကို ဈာန်ဟု ခေါ်ဆိုသည်။ ယင်းပထမဈာန်
သမာဓိကိုလည်း ၀သီဘော် (၅)တန် နိုင်နင်းအောင် လေ့ကျင့်ပါ။ ၀သီဘော်
(၅)တန် နိုင်နင်းသောအခါ အာနာပါနကမ္မဋ္ဌာန်း၌ ရေးသားတင်ပြခဲ့သည့်
အတိုင်း ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန်တို့သို့လည်း အစဉ်အတိုင်း
ကူးပါလေ။

အရိုးစု မဟုတ်ဘဲ အခြားသော အာရုံဖြင့်လည်း ရှုနိုင်ပါတယ်
......................................................................................
၁။ အကျော်ပန်း စံပယ်ပန်း မြတ်လေးပန်းတို့ကဲ့သို့ ဖြူသော ပန်းများ၌သော်လည်း
ကောင်း
၂။ အဖြူရောင် အ၀တ်ပိတ်စ၌သော်လည်းကောင်း
၃။ အဖြူရောင် စက္ကူ၌သော်လည်းကောင်း
၎။ စကျင်ကျောက်ကဲ့သို့ အဖြူရောင် ကျောက်ပြားများ၌သော်လည်း-
ကောင်း အဖြူရောင်ကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။
အရိုးစုကောဋ္ဌာသ၌ အဖြူရောင်ကသိုဏ်းကို စတုတ္ထဈာန်သမာဓိသို့
ဆိုက်သည်တိုင်အောင် သမာဓိကို အောင်အောင်မြင်မြင် ထူထောင်ထား-
ပြီးသော ယောဂါဝစရပုဂ္ဂိုလ်သည် ဖြူနေသည့် မည်သည့်အရာဝတ္ထုကိုမဆို
သီးသန့် အဖြူရောင်ကသိုဏ်းဝန်း မပြုလုပ်တော့ဘဲ ယင်းအရာဝတ္ထု၏ အဖြူရောင်သက်သက်ကိုသာ
နှလုံးသွင်းလိုက်ပါက တစ်ခဏအတွင်းမှာပင် အဖြူရောင် က သိုဏ်း ၀န်း ဖြစ်ပေါ်လာကာ
 အထူး ကြိုးစားပြီး မဖြန့်ကြက်ရ တောဘဲ့
ကသိုဏ်းဝန်းမှာ အရပ်ဆယ်မျက်နှာသို့တိုင်အောင် လွယ်လင့်တကူ ပျံ့နှံ့သွား
တတ်ပေသည်။ ထိုအခါ ပထမဈာန်သမာဓိမှသည် စတုတ္ထဈာန်သမာဓိသို့
ဆိုက်သည်တိုင်အောင် ပွားများအားထုတ်ပါလေ။

"ဖားအောက်တောရဆရာတော်"
www.bhikkhudhamma.blogspot.com

No comments:

Post a Comment