Choose Fonts Here

Monday, May 23, 2016

ဝါယောကသိုဏ်း = လေကသိုဏ်း


ဝါယောကသိုဏ်းကို ပွားများအားထုတ်လိုသော ယောဂါဝစရပုဂ္ဂိုလ်သည်လည်း
လေ၌ နိမိတ်ကို ယူအပ်၏။ ထိုဝါယောကသိုဏ်းနိမိတ်ကိုလည်း
၁။ အမြင်၏ အစွမ်းဖြင့်လည်းကောင်း၊
၂။ အတွေ့၏ အစွမ်းဖြင့်လည်းကောင်း
ယူအပ်ပေသည်။ ထိုကြောင့် --
၁။ သစ်ပင်ဖျား သစ်ရွက်ဖျား စသည်တို့၌ တိုက်ခတ်၍နေသော လေကို
ကြည့်၍ မြင်၍လည်း ၀ါယောကသိုဏ်းနိမိတ်ကို ယူနိုင်၏။
၂။ မိမိ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်နေရာ၌ လာရောက် တွေ့ထိနေသော
လေကိုလည်း ၀ါယောကသိုဏ်းနိမိတ်အဖြစ် ယူနိုင်၏။

၁။ အကယ်၍ သစ်ပင်ဖျား သစ်ရွက်ဖျား စသည်တို့၌ တိုက်ခတ်၍ နေသော
လေကို ကြည့်၍ ၀ါယောကသိုဏ်းနိမိတ်ကို ယူလိုခဲ့သော် ရှေးဦးစွာ
မိမိ ရရှိထားပြီးသော စတုတ္ထဈာန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးနောက်
လင်းရောင်ခြည်စွမ်းအင်များ အားကောင်းလာသောအခါ ထိုလင်းရောင်ခြည်
၏ အကူအညီဖြင့် ထိုလေကို မြင်အောင်ကြည့်၍ ထိုလေ၌ သတိကိုဖြစ်စေ၍
ဝါယော - ၀ါယော - ၀ါယော = လေ - လေ - လေ - ဟု နှလုံးသွင်း
ပွားများပါ။ နိမိတ် သုံးမျိုး၊ဘာဝနာ သုံးမျိုး၊ သမာဓိ သုံးမျိုးလုံးကို ရအောင်
အစဉ်အတိုင်း ပွားများအားထုတ်ပါ။

၂။ အကယ်၍ မိမိကိုယ်အင်္ဂါ၌ တွေ့ထိလာသော လေကို ၀ါယောကသိုဏ်း
နိမိတ်အဖြစ် ယူလိုသော် ရှေးဦးစွာ မိမိ ရရှိထားပြီးသော စတုတ္ထ
ဈာန်သမာဓိ တစ်ခုခုကို တစ်ဖန် ပြန်၍ ထူထောင်ပါ။ လင်းရောင်ခြည်
စွမ်းအင်များ အားကောင်းလာသောအခါ လေသာပြူတင်းပေါက်စသည်မှ
ဝင်လာ၍ ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်နေရာ၌ လာရောက် ထိခိုက်သော
လေအစု၌ သတိကို ဖြစ်စေ၍ ၀ါယော - ၀ါယော - ၀ါယော = လေ - လေ
-လေ - ဟု နှလုံးသွင်း ပွားများပါ။ စတုတ္ထဈာန်သမာဓိသို့ ဆိုက်သည်တိုင်အောင်
သမာဓိကို အဆင့်ဆင့် ထူထောင်ပါ။ သမာဓိသုံးမျိုးလုံး
ကို ရရှိအောင် အစဉ်အတိုင်း ပွားများအားထုတ်ပါ။

ဥဂ္ဂဟနိမိတ်နှင့် ပဋိဘာဂနိမိတ်
ဥဂ္ဂဟနိမိတ်ကား ခုံလောက် = ဖိုခနောက်မှ ချအပ်ကာမျှဖြစ်သော
နို့ဃနာဆွမ်း၏ အခိုးအငွေ့အလုံးနှင့်တူစွာ တုန်လှုပ်သည်ဖြစ်၍ ထင်လာ၏။
ပဋိဘာဂနိမိတ်သည်ကား ငြိမ်သက်သော အနေအထိုင်ရှိသည် မတုန်လှုပ်သည်ဖြစ်၍
ထင်လာ၏။ (၀ိသုဒ္ဓိ၊၁၊၁၆၇။)

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

No comments:

Post a Comment