Choose Fonts Here

Monday, May 23, 2016

ပထ၀ီကသိုဏ်း = မြေကသိုဏ်း


၁။ ကသိုဏ်းဝန်းအဖြစ် ပြုပြင်အပ်ပြီးသော မြေ
၂။ ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ပြကတေ့သော ကောက်စပါး
နယ်ရာ တလင်းစသော မြေ
၃။ အပိုင်းအခြား ရှိသည်သာဖြစ်သော မြေ
၎။ အပိုင်းအခြား မရှိသည်ကား မဟုတ်သော မြေ
၅။ မန်းငယ် (= ဗန်းငယ်) ဆန်ကောငယ် ပမာဏရှိသော မြေ
၆။ အိုးစရည်းဖုံး စလောင်းဖုံး ပမာဏရှိသော မြေ ---
ဤမြေတို့၌ ပထ၀ီကသိုဏ်းနိမိတ်ကို ရယူနိုင်ပေသည်။ (၀ိသုဒ္ဓိ၊၁၊၁၂၀၊၊)
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးသည် ရှေးရှေး အတိတ်ဘ၀၌လည်း
သာသနာတော်တွင်း၌သော်လည်းကောင်း ရသေ့ရဟန်းအဖြစ်၌သော်လည်း
ကောင်း ရှင်ရဟန်းပြုဖူး၍ ပထ၀ီကသိုဏ်း၌ စတုက္ကဈာန် ပဉ္စကဈာန်တို့ကို
ဖြစ်စေအပ်ဖူးကုန်၏။ ဤသို့သဘောရှိသော ဘာဝနာကြောင့်ဖြစ်သော
ကောင်းမှုကုသိုလ် ပါရမီပုညသမ္ဘာရ အဆောက်အဦရှိသော အားကြီးသော
ဘာဝနာကုသိုလ်တည်းဟူသော မှီရာ ဥပနိဿယနှင့် ပြည့်စုံသော ထိုယော
ဂါဝစရပုဂ္ဂိုလ်မြတ်အဖို့မူကား (အလောင်းတော်ဟတ္ထိပါလသတို့သားသည်
ကသိုဏ်းဝန်းအဖြစ် မပြုပြင်အပ်သေးသော ဂင်္ဂါမြစ်ရေအယဉ်ကို ကြည့်၍
အာပေါကသိုဏ်းနိမိတ်ကို ရယူကာ ကသိုဏ်းပရိကမ်တို့ကို ပြုလုပ်ကာ ဈာန်တို့ကို
ဖြစ်စေနိုင်သကဲ့သို့ --- ဇာတက၊ဋ္ဌ၊၄၊၄၈၃။) အလားတူပင် ကသိုဏ်းဝန်း-
အဖြစ် မပြုပြင်အပ်သေးသော ပကတိသောမြေ၀ယ် လယ်ထွန်ရာအရပ်၌
သော်လည်းကောင်း ကောက်နယ်တလင်း အ၀န်း၌သော်လည်းကောင်း ပရိကမ
နိမိတ်ကို ယူခဲ့သော် ပထ၀ီ ပထ၀ီဟု စီးဖြန်းခဲ့သော် ထိုပရိကမ္မနိမိတ်မှ
ဥဂ္ဂဟနိမိတ်သို့ တစ်ခဏချင်း ပြောင်းလဲသွားကာ ဥဂ္ဂဟနိမိတ်ကို ရရှိနိုင်ပေသည်။
(၀ိသုဒ္ဓိ၊၁၊၁၂၀။)

ဤအထက်ပါ ညွှန်ကြားချက်များနှင့်အညီ ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး-
သည်လည်း ပထ၀ီကသိုဏ်း၌ နိမိတ်ကို ရယူလိုခဲ့သော် ညီညာ၍ မြက်သစ်ရ
ွက်-ခဲ - စသော အပြစ်ကင်းသော ပကတိသော မြေကြီးတစ်နေရာတွင်
တုတ်ဖြင့် ဖြစ်စေ အရာဝတ္ထုတစ်ခုဖြင့် ဖြစ်စေ ၀န်းဝိုင်းသော အရေးအသား
တစ်ခုကို ပြုပါ။ မန်းငယ် (= ဗန်းငယ်) ဆန်ကောငယ် ပမာဏမှ စ၍ ယောဂါ-
ဝစရပုဂ္ဂိုလ်၏ ဆန္ဒရှိသလောက် ၀န်းဝိုင်းသော ပမာဏကို ပြုပါ။
= အရုဏ်အရောင်အဆင်းရှိသော မြေ၌ ပထ၀ီကသိုဏ်းဝန်းကို ပြုလုပ်
အပ်၏ဟူသော ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ညွှန်ကြားချက်နှင့်အညီ ကသိုဏ်းဝန်း
ပြုလုပ်မည့် မြေကြီး၏ အရောင်မှာ မမည်းလွန်း မဖြူလွန်းသော အနီရောင်
= အရုဏ်ရောင် အသင့်အတင့် သန်းနေသော မြေကြီးရောင် ဖြစ်ပါစေ။
ထိုမြေအ၀န်းအ၀ိုင်းကို စိုက်ကြည့်ကာ ---
ပထ၀ီ - ပထ၀ီ - ပထ၀ီ = မြေ - မြေ - မြေ - ဟု နှလုံးသွင်းပါ။

မျက်စိကို ဖွင့်တုံ မှိတ်တုံ ပြုလုပ်ကာ နိမိတ်ကို ယူကြည့်ပါ။ အကယ်၍
နိမိတ်မှာ မထင်မရှား ဖြစ်နေလျှင် မိမိ ရရှိထားပြီးသည့် စတုတ္ထဈာန်သမာဓိ
တစ်ခုခုကို ပြန်လည် ထူထောင်ပါ။ ထိုစတုတ္ထဈာန်သမာဓိကြောင့် ဖြစ်ပေါ်-
လာသော အရောင်အလင်း၏ အကူအညီဖြင့် ထိုမိမိ ပြုပြင်ထားသော ပထ၀ီကသိုဏ်း
ဝန်းနိမိတ်ကို လှမ်းကြည့်ကာ ပထ၀ီ - ပထ၀ီ - ပထ၀ီ = မြေ -
မြေ - မြေဟု နှလုံးသွင်းပါ။ သို့မဟုတ် မျက်စိကို ဖွင့်တုံ မှိတ်တုံပြုကာ
နိမိတ်ယူကြည့်ပါ။ ပကတိသော မျက်စိဖြင့် မြင်ရသကဲ့သို့ နိမိတ်ကို ယူ၍
ရခဲ့သော် မိမိနှစ်သက်ရာနေရာသို့ သွား၍ ထိုင်နိုင်ပြီ။ ထိုသို့ ထိုင်သောအခါ၌လည်း
မိမိ ရရှိထားပြီးသော စတုတ္ထဈာန်သမာဓိ တစ်ခုခုကို တစ်ဖန်
ပြန်လည်ထူထောင်၍ ယင်းသမာဓိစွမ်းအင်ကြောင့် လင်းရောင်ခြည် စွမ်းအင်များ
ပြိုးပြိုးပြက်ပြက် တလက်လက် တောက်ပလာသောအခါ ထိုလင်းရောင်ခြည်၏
အကူအညီဖြင့် ထိုပထ၀ီကသိုဏ်းနိမိတ်ကိုပင် တစ်ဖန် ပြန်လည်၍
လှမ်းကာ အာရုံယူပါ။ ကသိုဏ်းဝန်းနိမိတ်ကို တစ်ဖန် အာရုံယူ၍ ရခဲ့သော်
ထိုပထ၀ီကသိုဏ်းနိမိတ်ကို အဖန်ဖန် အထပ်ထပ် မှီဝဲပါ။

ထိုသို့ ပထ၀ီကသိုဏ်းနိမိတ်ကို နှလုံးသွင်းရာ၌ ထိုပထ၀ီကသိုဏ်းဝန်း
၌ တည်သော အရုဏ်ရောင်အဆင်းနှင့်တူသော အရောင်အဆင်းကိုလည်း
မနောဝိညာဏ်ဖြင့် မဆင်ခြင်အပ် နှလုံးမသွင်းအပ်။ ထိုပထ၀ီကသိုဏ်းဝန်း၏
တည်ရာမြေကြီး၏ ထဒ္ဓလက္ခဏာ = ခက်မာခြင်း ပထ၀ီဓာတ်လက္ခဏာကိုလည်း
နှလုံးမသွင်းအပ်။ စင်စစ်မူကား အရောင်အဆင်းကို မလွှတ်မူ၍
ထိုအရောင်အဆင်းကို မိမိ အရောင်အဆင်း၏ မှီရာ ပထ၀ီကသိုဏ်းဝန်းနှင့်
တူသောအခြင်းအရာ တူသောအလား ရှိသည်ကို ပြု၍ ပထ၀ီဓာတ်ထူပြောသည်၏
အဖြစ် သတ္တိအားဖြင့် လွန်သည်၏အဖြစ်ဖြင့် ပထ၀ီ=မြေဟူသော
လောကဝေါဟာရပညတ်၌ စိတ်ကို ရှေးရှုတည်စေ၍ ပထ၀ီ - ပထ၀ီ -
ပထ၀ီ = မြေ - မြေ - မြေဟု နှလုံးသွင်းပါ။
-------------------------------------------------------------------------------------------------------------------------------
အာနာပါနမှ ဝိပဿနာသို့
===============
ရှုကွက်လွဲမှုကြောင့် ရရှိနိုင်သော အပြစ်
......................................................
အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထ၀ီကသိုဏ်းဝန်း၌ တည်ရှိသော
အရုဏ်ရောင်ဟူသော အရောင်အဆင်းကို နှလုံးသွင်းပါက ပထ၀ီကသိုဏ်း
မဖြစ်တော့ဘဲ ၀ဏ္ဏကသိုဏ်း = အရောင်ကသိုဏ်း ဖြစ်သွားပေ
လိမ့်မည်။ ပထ၀ီကသိုဏ်းလမ်းမှ အရောင်ကသိုဏ်းလမ်းသို့ ပြောင်းသွားပြီ
ဖြစ်သည်။ အကယ်၍ ယောဂါဝစရပုဂ္ဂိုလ်သည် ပထ၀ီကသိုဏ်းဝန်း၌
ထူပြောလျက်ရှိသော ပထ၀ီဓာတ်၏ ခက်မာမှုသဘောကို နှလုံးသွင်းမိပါက
ပထ၀ီကသိုဏ်းကို နှလုံးသွင်းသည် မမည်တော့ဘဲ ဓာတ်ကမ္မဋ္ဌာန်းကို
နှလုံးသွင်းသည် မည်ပေလိမ့်မည်။ ပထ၀ီကသိုဏ်းလမ်းမှ ဓာတ်ကမ္မဋ္ဌာန်း-
လမ်းဘက်သို့ ပြောင်းသွားပြီ ဖြစ်ပေသည်။ ပိုမို၍ ရှုပ်ထွေးစေသော ပြဿနာ
တစ်ရပ်ကား ယင်းပထ၀ီကသိုဏ်းဝန်း၌ တည်ရှိသော မာမှုသဘောကို
နှလုံးသွင်းမိပါက ယင်းပထ၀ီကသိုဏ်းဝန်းကလည်း အရပ်ဆယ်မျက်နှာသို့
ပြန့်ကားသွားသောအခါ ယင်းမာမှုသဘောက ယောဂါဝစရပုဂ္ဂိုလ်၏ ရူပကာယ
တစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ဖြစ်ကာ သမာဓိ၏ စွမ်းအင်ထက်မြက်လာသည်နှင့်အမျှ
မာမှုသဘောမှာလည်း လွန်ကဲလာကာ ထို ယောဂီသူတော်ကောင်း
အနေဖြင့် ထိုမာမှုသဘောကို သည်းမခံနိုင် ဖြစ်တတ်ပေသည်။
သတိရှိစေ။ ဤစည်းကမ်း သတ်မှတ်ချက်ကို ပကတိသော မြေ၀န်း၌
နိမိတ်ယူစဉ်၌သော်လည်းကောင်း တစ်နေရာတွင် တရားထိုင်စဉ် ယင်းနိမိတ်ကို
တစ်ဖန် ပြန်၍ အာရုံယူစဉ်၌လည်းကောင်း လိုက်နာပါ။

ဥဂ္ဂဟနိမိတ် - ပဋိဘာဂနိမိတ်
မြေကြီး၌ တည်ရှိသော မူလပထ၀ီကသိုဏ်းဝန်းကား ပရိကမ္မနိမိတ်တည်း။
ယင်းပရိကမ္မနိမိတ် ပထ၀ီကသိုဏ်းဝန်းကို မျက်စိ ဖွင့်တုံ မှိတ်တုံပြု၍
နိမိတ်ကိုယူရာ၌ ပကတိသော ဖွင့်ထားသော မျက်စိဖြင့် ကသိုဏ်းဝန်းနိမိတ်ကို
မြင်ရသကဲ့သို့ မျက်စိကို မှိတ်ထားသောအခါ၌လည်း ထိုပထ၀ီကသိုဏ်းဝန်း
နိမိတ်သည် ထင်နေပါက ထိုအခါ ဥဂ္ဂဟနိမိတ် ဖြစ်ပေါ်လာပြီ ဖြစ်၏။ တစ်ဖန်
တစ်နေရာတွင် သွားရောက်ကာ တရားထိုင်သောအခါ၌လည်း မိမိ ရရှိထား
ပြီးသော စတုတ္ထဈာန်သမာဓိ တစ်ခုခုကို ထူထောင်ပြီးနောက် ထိုစတုတ္ထဈာန်သမာဓ
ိကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည်၏ အကူအညီဖြင့် ထို
မူလနိမိတ် ယူခဲ့ဖူးသော ပထ၀ီကသိုဏ်းဝန်းနိမိတ်ကိုပင် တစ်ဖန် ပြန်၍
အာရုံယူလိုက်သောအခါ ဖွင့်ထားသော မျက်စိဖြင့် မြင်ရသကဲ့သို့ ထင်လာပါမူ
ထိုအခါတွင်လည်း ဥဂ္ဂဟနိမိတ်သည် ဖြစ်ပေါ်လာသည် မည်၏။ ထိုဥဂ္ဂဟ
နိမိတ်ကိုပင် ဆက်လက်၍ နှလုံးသွင်းခဲ့သော် မှီဝဲခဲ့သော် ယင်းနိမိတ်ကိုပင်
အာရုံယူကာ သမာဓိကို ထူထောင်ခဲ့သော် ယင်းသမာဓိကို တိုးပွားအောင်
ပွားများအားထုတ်ခဲ့သော် အစဉ်အတိုင်း နီဝရဏတို့သည် ခွာအပ်ပြီး ဖြစ်ကုန်၏။
၊ကွာကျသွားကြကုန်၏။ ကိလေသာတို့သည် အနည်ထိုင်သွားကြ
ကုန်၏၊ ဥပစာရသမာဓိဖြင့် စိတ်သည် တည်ကြည်လာ၏။ ပဋိဘာဂနိမိတ်သည်
ဖြစ်ပေါ်လာ၏။ ထိုပဋိဘာဂနိမိတ်ကို တိုးပွားအောင် ဖြန့်ကြက်၍
သော်လည်းကောင်း၊ တိုးပွားအောင် မဖြန့်ကြက်ဘဲသော်လည်းကောင်း ယင်း
ပဋိဘာဂနိမိတ်ကို အာရုံယူကာ ဆက်လက်၍ နှလုံးသွင်းခဲ့သော် သမာဓိကို
ဆက်လက် ထူထောင်ခဲ့သော် စတုတ္ထဈာန်သမာဓိသို့တိုင်အောင် ဆိုက်ရောက်
နိုင်ပေသည်။ သို့သော် နိမိတ်ကို ဖြန့်ကြက်ခဲ့သော် ဘာဝနာသမာဓိမှာ
ရှည်မြင့်စွာ တည်နိုင်သဖြင့် နိမိတ်ကို စွမ်းအားရှိသလောက် ဖြန့်ကြက်ပြီးလျှင်
စတုတ္ထဈာန်သို့ ဆိုက်အောင်ရှုပါ။



ဥဂ္ဂဟနိမိတ်၌ လက်ချောင်းရာ တုတ်ရာစသည့် ကသိုဏ်းအပြစ်ဒေါသများ
ထင်ရှားနေတတ်၏။ ပဋိဘာဂနိမိတ်ကား .. အိတ်အတွင်းမှ
ထုတ်ယူအပ်သော ကြေးမုံဝန်းကဲ့သို့လည်းကောင်း၊ကောင်းစွာ ပွတ်အပ်ပြီး
သော ခရုသင်းခွက်ကဲ့သို့လည်းကောင်း၊ တိမ်တိုက်အကြားမှ ထွက်ပေါ်လာသော
လပြည့်ဝန်းကဲ့သို့လည်းကောင်းç မိုးတိမ်ညိုဝ၌ ပျံသန်းနေသော ဥဗျိုင်း
တို့ကဲ့သို့လည်းကောင်း ဥဂ္ဂဟနိမိတ်ကို ထွင်းဖောက်၍ ထွက်ပေါ်လာသကဲ့သို့
ထိုဥဂ္ဂဟနိမိတ်ထက် အဆပေါင်း အရာအထောင်မက အလွန် စင်ကြယ်သန့်ရ
ှင်းသည်ဖြစ်၍ ထင်လာတတ်ပေ၏။ (၀ိသုဒ္ဓိ၊၁၊၁၂၂။)

ဖြစ်တတ်သော အချို့အချို့သော ယောဂီများ
........................................................
အထက်တွင် ရေးသားတင်ပြထားသည့်အတိုင်း သြဒါတကသိုဏ်းမှ
စ၍ အခြားအခြားသော ကသိုဏ်းတို့၌ ဘာဝနာသမာဓိ အရှိန်အ၀ါ အား
ကောင်းလာသော အချို့သော ယောဂါဝစရပုဂ္ဂိုလ်အဖို့မူကား ပထ၀ီကသိုဏ်း
နိမိတ်ဝန်းကိုပင် အထူး မပြုလုပ်ရတော့ဘဲ သြဒါတကသိုဏ်းစသည်တို့ဖြင့်
စတုတ္ထဈာန်သမာဓိသို့ဆိုက်အောင် သမာဓိကို ထူထောင်၍ ထိုစတုတ္ထဈာန်သမာဓိ
ဘာဝနာစိတ်ကြောင့် ဉာဏ်အရောင်အလင်းသည် ပြိုးပြိုးပြက်ပြက်
တလက်လက် တောက်ပလာသောအခါ မိမိ ထိုင်၍ တရားနှလုံးသွင်းရာ
အောက်၌ဖြစ်စေ၊ ပတ်ဝန်းကျင်၌ဖြစ်စေ တည်ရှိနေသော အရုဏ်ရောင်
အဆင်းရှိသော ပကတိမြေကြီးကိုပင် ယင်း မိမိပွားများထားသည့် စတုတ္ထဈာန်
ဘာဝနာသမာဓိကြောင့် ထွက်ပေါ်လာသော ဉာဏ်အရောင်အလင်းဓာတ်ဖြင့်
ထိုးစိုက်၍ ပထ၀ီကသိုဏ်းနိမိတ်ကို ယူခဲ့သော်လည်း ရရှိနိုင်သည်သာ ဖြစ်ပေ
သည်။ ယင်းနိမိတ်ကိုပင် အဖန်ဖန် အထပ်ထပ် မှီဝဲပွားများခဲ့သော် အစဉ်
အတိုင်း နိမိတ်သုံးမျိုး ဘာဝနာသုံးမျိုး, သမာဓိသုံးမျိုးတို့ ဖြစ်ပေါ်လာနိုင်၏။
ပဋိဘာဂနိမိတ်သို့ ဆိုက်ရောက်သောအခါ နိမိတ်ကို စွမ်းအားရှိသလောက်
ဖြန့်ကြက်၍ စတုတ္ထဈာန်သမာဓိသို့ ဆိုက်သည်တိုင်အောင် ဆက်လက်ပွားများပါ။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

No comments:

Post a Comment