Choose Fonts Here

Monday, May 23, 2016

ပီတကသိုဏ်း = အ၀ါရောင်ကသိုဏ်း


မိမိ ရရှိထားပြီးသည့် စတုတ္ထဈာန်သမာဓိ တစ်ခုခုကို ပြန်လည်
ထူထောင်ပါ။ ထိုသမာဓိကြောင့် လင်းရောင်ခြည်များ ပြိုးပြိုးပြက်ပြက်
တလက်လက် တောက်ပလာသောအခါ ယင်းလင်းရောင်ခြည် အကူအညီဖြင့်
အဇ္ဈတ္တ သို့မဟုတ် ဗဟိဒ္ဓ (၃၂)ကောဋ္ဌာသတို့တွင် အဆီခဲ၏ သို့မဟုတ်
ကျင်ငယ်၏ အ၀ါရောင်ကို အာရုံယူကာ ---
ပီတကံ - ပီတကံ - ပီတကံ = အ၀ါ - အ၀ါ- အ၀ါ ဟု နှလုံးသွင်းပါ။

ကြွင်းသော အချက်အလက်များကို သြဒါတကသိုဏ်း၊ နီလကသိုဏ်း-
တို့၌ ဆိုခဲ့သည့် အကြောင်းအရာများကို နည်းမှီ၍ သိရှိပါလေ။ စတုတ္ထဈာန်သမာဓိ
သို့ဆိုက်အောင် အဇ္ဈတ္တ ကျင်ငယ်၊ ဗဟိဒ္ဓ ကျင်ငယ် နှစ်မျိုးလုံး၌ တစ်လှည့်စီ ပွားများပါ။
ကျင်ကြီး ကျင်ငယ်တို့သည် သဘာဝအားဖြင့် အလွန် ရွံရှာစက်ဆုပ်ဖွယ်
ကောင်းသော ကောဋ္ဌာသများပင် ဖြစ်ကြ၏။ မည်မျှပင် ရွံရှာစက်ဆုပ်ဖွယ်
ကောင်းသော ကောဋ္ဌာသပင် ဖြစ်ချင်ဖြစ်ပါစေ၊ ယောဂါဝစရပုဂ္ဂိုလ်၏
သန္တာန်၌ နည်းမှန် လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရ
တရားသည် ထင်ရှားတည်ရှိနေသည်ဖြစ်အံ့၊ ထိုကျင်ကြီးသည် သို့မဟုတ်
ထိုကျင်ငယ်သည် အ၀ါရောင်ဖြစ်ပါက ၀ါရွှေသော အရောင်ရှိသော ထိုကျင်-
ကြီးက သို့မဟုတ် ထိုကျင်ငယ်က ယောဂါဝစရပုဂ္ဂိုလ်၏ သန္တာန်ဝယ် စတုတ္ထ-
ဈာန်သမာဓိ ဖြစ်ပေါ်လာသည့်တိုင်အောင် အာရမ္မဏူပနိဿယပစ္စယသတ္တိဖြင့်
အားကြီးသော မှီရာအာရုံအကြောင်းတရားအဖြစ် ရပ်တည်ကာ ကျေးဇူး
ပြုပေးနေမည်သာ ဖြစ်ပေသည်။

ယင်းစတုတ္ထဈာန်သမာဓိကို ၀ိပဿနာ၏ အခြေပါဒကပြုကာ ၀ိပဿနာသို့ ကူးခဲ့သော် ပါရမီအားလျော်စွာ အရဟတ္တဖိုလ်သို့တိုင်အောင်ပင် ဆိုက်ရောက်နိုင်ပေသည်။ ထိုကြောင့် နိဗ္ဗာန်ကို
လိုလားတောင့်တလျက်ရှိသော အသင်သူတော်ကောင်းသည်လည်း ယောနိသောမနသိကာရ
ကို အမြဲတမ်း မွေးမြူပါ။ အနှစ်သာရ ဘာမျှ ရှာမရသော
ခန္ဓာအိမ်အတွင်းမှ ဘာဝနာဟူသော အနှစ်သာရကို ရရှိအောင် ထုတ်ယူတတ်ပါစေ၊
တန်ဖိုးရှိသော ဘ၀တစ်ခုဖြစ်အောင် ကြိုးပမ်းပါလေလော့။



ပန်းပိတောက်နှင့် ငုရွှေဝါ မှကသိုဏ်းသို့
...................................................
ပိတောက်တွေ ရွှေရည်လူးသည့်.. အတာကူးသည့် လတန်ခူး-
ဝန်းကျင်တွင် ပင်လုံးကျွတ် ဖူးပွင့်ဝေဆာလျက်ရှိကြသော ပန်းပိတောက်နှင့်
ငုရွှေဝါတို့က ယခုကဲ့သို့ အ၀ါရောင် ပီတကသိုဏ်းကို စတုတ္ထဈာန်သမာဓိသို့
ဆိုက်သည်တိုင်အောင် ပွားများအားထုတ်ထားပြီးသည့် သူတော်ကောင်း-
တစ်ဦးကို "လာစမ်းပါ ရှုကြည့်ကြစမ်းပါ"ဟု ဖိတ်ခေါ်နေသကဲ့သို့ ရှိကြ၏။

အ၀ါရောင် ပီတကသိုဏ်း၌ စတုတ္ထဈာန်သမာဓိသို့ ဆိုက်သည်တိုင်အောင်
အ၀ါးဝစွာ နိုင်နိုင်နင်းနင်း လေ့ကျင့်ထားပြီးသည့် အချို့သော ယောဂါဝစရ-
ပုဂ္ဂိုလ်တို့သည် ပင်လုံးကျွတ် ပွင့်နေသော ပန်းပိတောက်တို့ကို တွေ့မြင်ရ-
သောအခါ၌လည်းကောင်း၊ ပင်လုံးကျွတ် ပွင့်နေသော ငုရွှေဝါတို့ကို တွေ့မြင်-
ရသောအခါ၌လည်းကောင်း ရှေးရှေး ဘာဝနာသမာဓိတို့၏ အကူအညီကို
ယူ၍ ဖြစ်စေ၊ မယူဘဲနှင့်ပင် ဖြစ်စေ ယင်းပင်လုံးကျွတ် ပွင့်နေသော ပန်းတို့၏
အ၀ါရောင်ကို ပီတကသိုဏ်းနိမိတ်အဖြစ် လှမ်း၍ အာရုံယူလိုက်ပါက အချိန်
အနည်းငယ်အတွင်းမှာပင် တစ်လောကလုံးကို အ၀ါရောင်ဖြင့် လွှမ်းခြုံထား-
သည်ကို တွေ့မြင်ရကာ စတုတ္ထဈာန်သမာဓိသို့တိုင်အောင် အဆင့်ဆင့်သော
သမာဓိကို လွယ်ကူစွာပင် ထူထောင်ရရှိကြသော ဟူ၏။ ယင်းသမာဓိကို
ကားစီးကာ သွားလျက်ပင် လေ့ကျင့်၍ ရတတ်ကြ၏။

နည်းမှန်လမ်းမှန် နှလုံးသွင်းတတ်သည့် ယောနိသောမနသိကာရတရား ထင်ရှားရှိနေသည့်
ယောဂါဝစရပုဂ္ဂိုလ်တစ်ဦးအဖို့ အ၀ါရောင် ၀တ်စုံတစ်ခုကလည်း ပီတကသိုဏ်း၏
တည်ရာ အာရုံနိမိတ် ဖြစ်နိုင်၏။ အ၀ါရောင် ဆေးဒန်းမြင်းသီလာ
ကျောက်ဖျာတစ်ချပ်ကလည်း ပီတကသိုဏ်း၏တည်ရာ အာရုံနိမိတ်
ဖြစ်နိုင်၏။ ယင်းအ၀ါရောင်ဝတ်စုံတစ်ခုက သို့မဟုတ် ယင်းအ၀ါရောင်
ဆေးဒန်းမြင်းသီလာ ကျောက်ဖျာတစ်ခုက ပီတကသိုဏ်းကို ပွားများလျက်
ရှိသော ယောဂါဝစရပုဂ္ဂိုလ်တစ်ဦး၏သန္တာန်၌ စတုတ္ထဈာန်သမာဓိ ဖြစ်ပေါ်
လာသည့်တိုင်အောင် အာရမ္မဏပစ္စယသတ္တိဖြင့် အာရုံအကြောင်းတရား-
အဖြစ် ရပ်တည်ကာ ကျေးဇူးပြုပေးလျက်ပင် ရှိပေသည်။

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

No comments:

Post a Comment