Choose Fonts Here

Monday, May 23, 2016

အာဟာရဇရုပ် ရှုကွက်



ကမ္မဇရုပ်ကလာပ်၊ စိတ္တဇရုပ်ကလာပ်၊ ဥတုဇရုပ်ကလာပ်၊ အာဟာရဇ
ရုပ်ကလာပ်ဟူသော ရုပ်ကလာပ် အသီးအသီး၌ ပါဝင်တည်ရှိသော သြဇာ
သည် အာဟာရ မည်၏။ ထိုသို့ စတုသမုဋ္ဌာန်ရုပ်တို့၌ ပါဝင်သော သြဇာ
အသီးအသီးသည် အာဟာရမည်ပါသော်လည်း ထိုစတုသမုဋ္ဌာန်သြဇာဟူ
သော အာဟာရသည် ထမင်းလုတ်စသည့် စားဖွယ် ခဲဖွယ် သောက်ဖွယ်
လျက်ဖွယ်ကို အလုတ်အလွေးပြုလုပ်၍ ရှေးရှု ဆောင်ယူအပ် စားမျိုအပ်သည်
ဖြစ်မှသာလျှင် အာဟာရဇရုပ်ကို ဖြစ်စေခြင်းဖြင့် အာဟာရကိစ္စကို ပြုလုပ်ပေး
နိုင်၏။ ယင်းထမင်းလုတ် စသည့် စားဖွယ် ခဲဖွယ် သောက်ဖွယ် လျက်ဖွယ်
သည် ခန္ဓာကိုယ်ပြင်ပ ဗဟိဒ္ဓ တစ်နေရာ၌ တည်နေသည် ဖြစ်လတ်သော်
ယင်းစတုသမုဋ္ဌာန် သြဇာသည် အာဟာရဇရုပ်ကို ဖြစ်စေခြင်းဟူသော အာ-
ဟာရကိစ္စကို ပြုလုပ် မပေးနိုင်။ ထိုကြောင့် အာဟာရောဟူ၍သာ မဟောမူ၍
ကဗဠီကာရော အာဟာရောဟု ပဋ္ဌာန်းပါဠိတော် (ပဋ္ဌာန၊၁၊၇။)၌ ဘုရားရှင်
သည် ဟောကြားထားတော်မူပေသည်။ (၀ိသုဒ္ဓိ၊၂၊၂၅၁။ အဘိ၊ဋ္ဌ၊၃၊၃၇၇၊၊)

တစ်နည်း --- အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့
စားမျိုထိုက်သော အစာ (= အာဟာရ) ဟူသော တည်ရာဝတ္ထုရှိသောကြောင့်
ယင်းအာဟာရ၏ အထောက်အပံ့ကို ရရှိပါမှ အာဟာရဇရုပ်ကို ဖြစ်စေခြင်း
ဟူသော အာဟာရကိစ္စကို ရွက်ဆောင်နိုင်သောကြောင့် ထိုကဗဠီကာရ
အာဟာရဟူသော ဤအမည်သည် ထို စတုသမုဋ္ဌာနိကသြဇာ၏ အမည်
ဖြစ်သည်။ ဆိုလိုသည်မှာ ဤသို့ ဖြစ်၏။ ကဗဠီကာရအာဟာရဟူသော ဤ
အမည်သည် စားမျိုထိုက်သော အစာဟူသော တည်ရာရှိသော စတုသမုဋ္ဌာ
နိကသြဇာတည်း။ ထိုစတုသမုဋ္ဌာနိကသြဇာဟူသော အာဟာရက အလုတ်
အလွေးပြု၍ စားမျိုအပ်သော အစာ၌ တည်သောကြောင့် တည်ရာဖြစ်သော
အစာ၏ ကဗဠီကာရအာဟာရဟူသော အမည်ကို တည်တတ်သော စတု
သမုဋ္ဌာနိကသြဇာ၌ တင်စား၍ စတုသမုဋ္ဌာနိကသြဇာဟူသော အာဟာရ
ကိုလည်း ဌာနူပစာရအားဖြင့် ကဗဠီကာရအာဟာရဟု ခေါ်ဆိုထားသည်
ဟူလို။ (အဘိ၊ဋ္ဌ၊၃၊၃၇၇။)

ဤအထက်ပါ အဋ္ဌကထာ၏ ဖွင့်ဆိုချက်နှင့် အညီ (၁) အစာသစ်
(၂) အစာဟောင်း (၃) ပြည် (၄) ကျင်ငယ် - ဤကောဋ္ဌာသ (၄)မျိုးတို့ကား
ဥတုကြောင့်ဖြစ်သော ဥတုသမုဋ္ဌာန်ရုပ် = ဥတုဇသြဇဋ္ဌမကရုပ်တို့၏ အပေါင်း
အစုသာတည်း။
ထို့ကြောင့် စားမျိုထိုက်သော အစာဟူသည် ဥတုဇသြဇဋ္ဌမကရုပ်တို့၏
အပေါင်းအစုမျှသာတည်း။ ယင်းဥတုဇရုပ်တို့၌ တည်သော သြဇာကား အာ-
ဟာရတည်း။ ယင်းအာဟာရသည် မိမိချည်းသက်သက် = သြဇာချည်း
သက်သက် အခြား ကလာပ်တူရုပ်တို့ မပါဘဲ ၀ါးမျို စားမျို၍ ရထိုက်သော
တရားကား မဟုတ်ပေ။ အခြား ကလာပ်တူရုပ်တို့နှင့်တကွ ယင်းဥတုဇသြဇ
ဋ္ဌမကရုပ်တို့၏ များစွာသော အပေါင်းအစုကိုသာ အလုတ်ပြု၍ စားမျိုနိုင်၏။
ထို့ကြောင့် ယင်းသြဇာကို ကဗဠီကာရ-သဒ္ဒါဖြင့် ကူစွက်၍ ကဗဠီကာရ
အာဟာရဟု ဟောကြားထားတော်မူ၏။ ဤရှင်းလင်းချက်မှာလည်း သမုတိ
သစ္စာနယ်နှင့် မကင်းသေးသော ရှင်းလင်းချက်သာတည်း။ ထပ်၍ အနည်း
ငယ် ရှင်းလင်းတင်ပြအပ်ပါသည်။



အာဟာရဇရုပ် ရှင်းလင်းချက်
..........................................
အသင်သူတော်ကောင်းသည် အစာသစ်ကောဋ္ဌာသကို မစားမီ ပန်း
ကန် သပိတ်အတွင်း စသည်၌ တည်ရှိခိုက်၌ပင်ဖြစ်စေ၊ စားပြီး၍ အစာသစ်
ကောဋ္ဌာသအဖြစ် အစာအိမ်အတွင်း၌ တည်ရှိခိုက်၌ပင်ဖြစ်စေ၊စားခိုက်
ဝါးခိုက် ခံတွင်း၌ တည်ရှိခိုက်၌ပင်ဖြစ်စေ ယင်းကောဋ္ဌာသ၌ တည်နေသော
ဓာတ်ကြီးလေးပါးကို မြင်အောင် စိုက်ရှုပါ။ ရုပ်ကလာပ်အမှုန်များကိုသာ
တွေ့ရှိမည် ဖြစ်၏။ ယင်းရုပ်ကလာပ်တို့ကား သို့မဟုတ် ယင်းရုပ်ကလာပ်တို့၌
တည်ရှိသော ရုပ်တရားတို့ကား ဖြစ်ပြီးသည်နှင့် အလွန် လျင်လျင်မြန်မြန်
ဖြစ်သည့် နေရာ၌ပင် ပျက်သွားကြ၏။(အနုဋီ၊၁၊၁၆၂။)

ဤအထက်ပါ ဖွင့်ဆိုချက်နှင့်အညီ ရုပ်ပရမတ်တရားတို့ကား ဖြစ်သည့်
နေရာ၌သာ ပျက်သွားကြ၏။ တစ်နေရာမှ တစ်နေရာသို့ ပြောင်းနိုင်သည့်
စွမ်းအား မရှိကြပေ။ ထိုကြောင့် သပိတ်အတွင်း ပန်းကန်အတွင်း၌ တည်ရှိ
ကြသော ဥတုဇသြဇဋ္ဌမကရုပ်တို့သည် ပါးစပ်အတွင်းသို့ မရောက် မပြောင်း၊
ပါးစပ်အတွင်း၌ တည်ရှိကြသော ဥတုဇသြဇဋ္ဌမကရုပ်တို့သည်လည်း အစာအိမ်အတွင်း
သို့ မပြောင်းနိုင်၊ အစာသစ်ကောဋ္ဌာသအဖြစ်နှင့် ပြောင်းရွှေ့၍
မတည်နိုင်၊ ထိုမျှလောက် ပြောင်းရွှေ့နိုင်လောက်အောင် ပြောင်းရွှေ့၍ တည်
နေနိင်လောက်အောင်သက်တမ်း မရှိကြပေ။ စိက္တဏ္ခ (၁၇)ချက်သက်တမ်း
စေ့သည်နှင့် ချုပ်ပျက်သွားကြ၏။ သို့သော် ယင်းဥတုဇသြဇဋ္ဌမကရုပ်ကလာပ်
တိုင်း၌ တေဇောဓာတ် = ဥတု ပါဝင်၏။ ယင်းတေဇောဓာတ် = ဥတုတိုင်းသည်
ယေဘုယျအားဖြင့် ရုပ်ကလာပ် အသစ်အသစ်ကို ဖြစ်စေနိုင်သည့် စွမ်းအား
ရှိသည်ချည်းပင် ဖြစ်၏။ ယင်းဥတုဇတေဇောဓာတ်၏ ကျေးဇူးပြုပေးမှု၊
အရှိန်အ၀ါသတ္တိ မကုန်သေးသမျှ ကာလပတ်လုံး ပန်းကန်အတွင်း၌ဖြစ်စေ၊
သပိတ်အတွင်း၌ဖြစ်စေ၊ ပါးစပ်အတွင်း၌ဖြစ်စေ၊ အစာသစ်အိမ် အတွင်း၌
ဖြစ်စေ ရှေးနှင့်နောက် ဆက်စပ်လျက် အဆက်မပြတ် အထပ်ထပ် ဖြစ်နေကြ
သည်သာဖြစ်၏။ ထိုကြောင့် ပရမတ္ထသစ္စာနယ်မှ အတိအကျပြောဆိုရလျှင်
ပရမတ်ရုပ်တရားတို့ကို = ပရမတ်ဥတုဇသြဇဋ္ဌမကရုပ်တရားတို့ကို ထမင်း
လုတ် စသည်ဖြင့် အလုတ်အလွေးပြု၍ တကယ် ၀ါးမျို စားမျို၍ကား မရနိုင်။
ထို့ကြောင့် သိတော်မူ မြင်တော်မူကြကုန်သော ကျေးဇူးတော်ရင် ရှေးရှေး
ဆရာတော်ဘုရားကြီးများက - ကဗဠီကာရော အာဟာရော = အလုတ်
အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော အာဟာရသြဇာသည်
ဟု ဘာသာပြန်ဆိုတော်မူကြသည်။ ဤရှင်းလင်းချက်များအရ ယင်းဥတုဇရုပ်
တို့တွင် ပါဝင်သော သြဇာချည်းသက်သက်လည်း စားမျို ၀ါးမျို၍ မရနိုင်၊
ယင်းဥတုဇသြဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုကိုလည်း စားမျို ၀ါးမျို၍ မရနိုင်
ဟု မှတ်ပါ။ သို့သော် ယင်းဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်တိုင်း၌ တည်ရှိသော
တေဇောဓာတ် = ဥတု၏ သားစဉ်မြေးဆက် အဆက်ဆက်ဟူသော ရုပ်အစဉ်
အတန်း သန္တတိအတုံးအခဲကိုသာလျှင် စားမျို ၀ါးမျိုသည်ဟု သမုတိသစ္စာ
နယ်မှ ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု မှတ်ပါ။

အစာသစ်ကောဋ္ဌာသဟု ခေါ်ဆိုအပ်သော ယင်းဥတုဇသြဇဋ္ဌမကရုပ်
တို့သည် အထက်တွင် ရှင်းပြထားသည့်အတိုင်း ရုပ်ကလာပ်တစ်ခု၌ တည်ရှိ
သော တေဇောဓာတ်ကြောင့် အသစ်အသစ် ဖြစ်ပေါ်နေရသော ရုပ်တရား
တို့သာ ဖြစ်ကြ၏။ တေဇောဓာတ်တည်းဟူသော မဟာဘုတ်ကြောင့် အဆက်
မပြတ် အထပ်ထပ် ဖြစ်နေရသော ရုပ်တရားတို့သာ ဖြစ်ကြ၏။ ယင်းသို့
ဖြစ်မှုကို ဘုတ်အဆက်ဆက် ရိုက်ခတ်၍ ဖြစ်ခြင်းဟု ရှေးရှေးဆရာတော်ကြီး
များက ခေါ်ဝေါ် သုံးစွဲထားတော်မူကြသည်။ ဤ ရုပ်ကမ္မဋ္ဌာန်းရှုကွက်၌
အထူးသဖြင့် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့၏ ရှုကွက်၌ ယင်းကဲ့သို့
ဘုတ်အဆက်ဆက် ရိုက်ခတ်လျက် ဖြစ်မှုသဘောကို နက်ရှိုင်းစွာ ရှုမြင်တတ်
ဖို့ အထူးလိုအပ်ပေသည်။ ထိုသို့ ရှုမြင်တတ်ဖို့ရန် အောက်ပါ ပါဠိတော်
အဋ္ဌကထာ ဋီကာတို့ကို ထပ်မံ ဖော်ပြအပ်ပါသည်။ ယင်းကျမ်းဂန်တို့၏
သဘောအဓိပ္ပါယ်ကို နားလည်အောင် ကြိုးစားပါ။ (၀ိသုဒ္ဓိ၊၂၊၁၇၀။)(မဟာဋီ၊၂၊၂၈၂။)
(မဟာဋီ၊၂၊၁၀၄။)
ဤအထက်ပါ ပါဠိတော် အဋ္ဌကထာဋီကာတို့၏ ဆိုလိုရင်းကို ခြုံငုံ၍
ရှုကွက်ကို ရေးသားတင်ပြပေအံ့။

အာဟာရဇရုပ် ရှုပုံ
......................
အထက်တွင် ရှင်းပြခဲ့သည့်အတိုင်း ကလာပ်တူရုပ်တရားတို့နှင့်တကွ
စားမျိုထိုက်သော အလုတ်အလွေး မပြုအပ်သော်လည်း ပြုအပ်သကဲ့သို့သော
အစာသစ်ကား အစာသစ်အိမ် စသည်တို့၏အတွင်း၌ အစာသစ်ကောဋ္ဌာသ
အဖြစ် တည်ရှိခိုက် ခန္ဓာအိမ်အတွင်းသို့ မပျံ့နှံ့မီ၌ ဘုတ်အဆက်ဆက် ရိုက်
ခတ်၍ ဖြစ်နေသော ဥတုဇသြဇဋ္ဌမကရုပ်တို့၏ အပေါင်းအစုမျှသာတည်း။
ယင်းဥတုဇရုပ်တို့တွင် ပါဝင်သော သြဇာကား ဥတုဇသြဇာပင်တည်း။ ယင်း
ဥတုဇသြဇာကား တိုက်ရိုက်အားဖြင့် ကဗဠီကာရ အာဟာရ မည်၏။
တစ်ဖန် ယင်း ကဗဠီကာရ အာဟာရ အမည်ရသော ယင်းဥတုဇရုပ်တို့
တွင် ပါဝင်တည်ရှိသော အဆီအစေးသြဇာသည် အစာကို ကြေကျက်စေတတ်
သော (အစာအိမ်ပတ်ဝန်းကျင်စသည့် ထိုထိုအရပ်၌ တည်ရှိသော ဇီဝိတ
န၀က ရုပ်ကလာပ်တို့၌ တည်ရှိသော) ပါစကတေဇောဓာတ်ဟူသော ကမ္မဇ
ဝမ်းမီး၏ တစ်နည်း - ကမ္မဇမဟာဘုတ်၏ အားပေးထောက်ပံ့မှုကို ရရှိသော
အခါ အခြားအခြားသော သြဇာလျှင် (၈)ခုမြောက်ရှိသော သြဇဋ္ဌမကရုပ်ကို
ဖြစ်စေ၏။ ယင်းရုပ်တို့ကား ဥတုဇသြဇာကြောင့် ဖြစ်ပေါ်လာကြရသော အာ-
ဟာရဇသြဇဋ္ဌမကရုပ်တို့တည်း။ (စားမျိုလိုက်သော ကဗဠီကာရာဟာရ =
ဥတုဇသြဇာ၏ သားတည်း။)

အစာသစ်ကောဋ္ဌာသဟု အမည်တပ်ထားသော ဖခင်ဖြစ်သော ယင်း
ဥတုဇ ရုပ်ကလာပ်တို့၏ အရေအတွက် = ယင်းဥတုဇသြဇာတို့၏ အရေအ
တွက်က များလျှင်များသလို သားသမီးဖြစ်ကြသော အာဟာရဇသြဇဋ္ဌမက
ရုပ်တို့၏ အရေအတွက်လည်း ယေဘုယျအားဖြင့် များပြားနိုင်၏။ ယင်း အာ-
ဟာရဇသြဇဋ္ဌမကရုပ်တို့သည် (သမုတိသစ္စာနည်းအရ ရသဓာတ်ရည် အဖြစ်
ဖြင့်) ပရမတ္ထသစ္စာနည်းအရ ရုပ်ကလာပ်တို့အနေဖြင့် ဘုတ်အဆက်ဆက်
ရိုက်ခတ်လျက် ခန္ဓာကိုယ် တစ်ကိုယ်လုံးသို့ = (၆)ဒွါရလုံးသို့ ပျံ့နှံ့လျက်
ဖြစ်ပွားနေကြ၏။ ယင်းအာဟာရဇသြဇဋ္ဌမကရုပ်တို့၌ ပါဝင်တည်ရှိသော
သြဇာကား -- သြဇာလက္ခဏော ကဗဠီကာရော အာဟာရော - ဟူသော
အဋ္ဌကထာအဖွင့်အရ သြဇာ လက္ခဏာသို့ ရောက်ရှိလာသော ကဗဠီကာရ
အာဟာရတည်း။

သြဇာလက္ခဏာသို့ ရောက်ရှိလာသည်ဟူသည်မှာ ယင်းအာဟာရဇ
သြဇဋ္ဌမကရုပ်တို့၌ ပါဝင်တည်ရှိသော သြဇာကသာလျှင် ဌာနူပစာရအားဖြင့်
ကဗဠီကာရအာဟာရ အမည်ရသော စတုသမုဋ္ဌာနိက သြဇာအား (သြဇဋ္ဌ-
မက ရုပ်များ အသစ်အသစ် ဖြစ်ပေါ်လာအောင်) အာဟာရပစ္စယသတ္တိဖြင့်
ကျေးဇူးပြုနိုင်၏။ မူလအစာသစ်ကောဋ္ဌာသ = ဥတုဇသြဇဋ္ဌမကရုပ်တို့၌
တည်ရှိသော ဥတုဇသြဇာက ---
၁။ ကမ္မဇရုပ်ကလာပ်တို့၌ တည်ရှိသော ကမ္မဇသြဇာ
၂။ စိတ္တဇရုပ်ကလာပ်တို့၌ တည်ရှိသော စိတ္တဇသြဇာ
၃။ ဥတုဇရုပ်ကလာပ်တို့၌ တည်ရှိသော ဥတုဇသြဇာ
၎။ ကလာပ်ပြား အာဟာရဇသြဇာ (= စားမျိုလိုက်သော ဥတုဇရုပ်တို့၌
ပါသော သြဇာကြောင့်ဖြစ်သော အာဟာရဇရုပ်တို့၌ ပါဝင်တည်ရှိ
သော ကလာပ်ပြား အာဟာရဇသြဇာ)

ဤစတုသမုဋ္ဌာနိကသြဇာအား အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူး
မပြုနိုင်၊ အားပေးထောက်ပံ့မှုကို မပြုနိုင်။ ယင်း မူလ အစာသစ်ကောဋ္ဌာသ
အဖြစ်၌ တည်ရှိသော ဥတုဇရုပ်ကလာပ်တို့၌ ပါဝင်တည်ရှိသော ဥတုဇသြဇာ
သည် ကမ္မဇ၀မ်းမီး၏ အထောက်အပံ့ဖြင့် သြဇဋ္ဌမကရုပ်ကလာပ် အသစ်
အသစ်ကိုသာ ဖြစ်စေနိုင်သော ဇနကသတ္တိရှိ၏။ ယင်းဇနကသတ္တိကြောင့်
ဖြစ်ပေါ်လာသော ရုပ်ကလာပ်တို့ကို အာဟာရဇသြဇဋ္ဌမကရုပ်ကလာပ်တို့
ဟူ၍ ခေါ်ဆို၏။

မျက်စိ၌ ရှုပုံ ပုံစံတစ်ခု
...........................
အသင်သူတော်ကောင်းသည် သမာဓိကို အဆင့်ဆင့် ထူထောင်၍ ယင်း
အာဟာရဇသြဇဋ္ဌမကရုပ်များ၏ (= ရုပ်ကလာပ်များ၏) မျက်စိသို့တိုင်အောင်
ပျံ့နှံ့ဖြစ်ပွားနေသည်ကို ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ (၈)မျိုးသော ရုပ်တရား
တို့ကို ပရမတ်သို့ဆိုက်အောင် Óဏ်ဖြင့် ပိုင်းခြားယူပါ။ ယင်းရုပ်သဘော
တရား (၈)မျိုးတို့တွင် ပါဝင်တည်ရှိသောç စတုသမုဋ္ဌာနိကသြဇာအား အားပေး
ထောက်ပံ့နိုင်သော စွမ်းအားရှိသဖြင့် သြဇာလက္ခဏာသို့ဆိုက်ရောက်နေသော
သြဇာကို အာဟာရဇသြဇာဟု မှတ်သားထားပါ။

၁။ ကမ္မဇဇသြဇာ --- စက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော ကမ္မဇ
သြဇာဓာတ်နှင့် မျက်လုံးအိမ်သို့ တိုင်အောင် ပျံ့နှံ့၍ ဖြစ်နေသော ယင်း
အာဟာရဇသြဇာတို့ သြဇာချင်းချင်း ပေါင်းဆုံမိသောအခါ ယင်းအာဟာရဇ
သြဇာ၏ အားပေးထောက်ပံ့မှုကို ရရှိသဖြင့်၊ ကမ္မဇ၀မ်းမီး၏ အားပေး
ထောက်ပံ့မှုကိုလည်း ရရှိသဖြင့် စက္ခုဒသကကလာပ်အတွင်း၌ တည်ရှိသော
ကမ္မဇသြဇာသည် လေးဆင့် ငါးဆင့်သော ရုပ်ကလာပ်တို့၏ ဖြစ်ခြင်းတို့ကို
ဆက်စပ်မိစေ၏။ (၀ိသုဒ္ဓိ၊၂၊၂၅၁။) ယင်းစက္ခုဒသကကလာပ်၌ ရှိသော သြဇာ
ကြောင့် သြဇဋ္ဌမကရုပ်ကလာပ် ဖြစ်လာ၏။ ယင်း သြဇဋ္ဌမကရုပ်ကလာပ်၌
တည်ရှိသော ဌီကာလသို့ ရောက်ရှိလာသော သြဇာကြောင့် ယခင် အာဟာ
ရဇသြဇာ၏ အားပေးထောက်ပံ့မှုဖြင့်ç ကမ္မဇ၀မ်းမီး၏လည်း အားပေး
ထောက်ပံ့မှုဖြင့် သြဇဋ္ဌမကရုပ်ကလာပ်အသစ် ဖြစ်ပေါ်လာပြန်၏။ ဤသို့လျှင်
လေးငါးကြိမ်သော ရုပ်ကလာပ်တို့သည် ဆင့်ကာဆင့်ကာ ဖြစ်ပေါ်လာကြသည်။

(မှတ်ချက် --- ကံ၏ အထောက်အပံ့ အားကောင်းမှု မကောင်းမှု၊
ဗာဟိရ အာဟာရ (သြဇာ)၏ မွန်မြတ်မှု မမွန်မြတ်မှု စသည့်အကြောင်း
တရားတို့၏ အပေါ်၌ မူတည်၍ အကြိမ် အနည်းအများကား ရှိနိုင်ပေ
သည်။ တစ်ဖန် ယင်း လေးငါးဆင့်သော ရုပ်ကလာပ်တို့တွင် တေဇောဓာတ်
ပါဝင်လျက် ရှိ၏။ ယင်းတေဇောဓာတ် ဥတုကလည်း ရုပ်၏ ဌီကာလသို့
ရောက်ရှိခိုက်ဝယ် ဥတုဇသြဇဋ္ဌမကရုပ်ကလာပ် အသစ်အသစ်ကို အဆင့်
ဆင့် ဖြစ်ပေါ်စေနိုင်၏ဟု မှတ်ပါ။)

မျက်စိတွင်ပင်တည်ရှိသော ကာယဒသကကလာပ်၏ သြဇာç ဘာဝ
ဒသကကလာပ်၏ သြဇာတို့ကလည်း ကမ္မဇ၀မ်းမီးနှင့် အာဟာရဇသြဇာ၏
အထောက်အပံ့ကို ရရှိရာ၌ အာဟာရဇသြဇဋ္ဌမကရုပ်များကို အဆင့်ဆင့်
ဖြစ်စေပုံကိုလည်းကောင်းç ယင်းရုပ်ကလာပ်တို့တွင်ပါဝင်သော တေဇောဓာတ်
= ဥတုကလည်း ဥတုဇသြဇဋ္ဌမက ရုပ်ကလာပ်များကို အဆင့်ဆင့် ဖြစ်စေပုံကို
လည်းကောင်း ဉာဏ်ဖြင့် မြင်အောင် ရှုပါ။ ယင်း ရုပ်တရားတို့ကို ပရမတ်သို့
ဆိုက်အောင် ဉာဏ်ဖြင့် ပိုင်းခြားယူပါ။

ဥတုနှင့်သြဇာတို့ နှစ်ခွနှစ်ခွ ပွားပုံ
................................................
ရှေးဦးစွာ စက္ခုအကြည်ကိုသိမ်းဆည်းပါ ။ တေဇောမှဥတုဇရုပ်ကလာပ်အသစ်ဖြစ်မှုကို
မြင်အောင်ရှုပါ ။ ထိုကလာပ်အသစ်၌ ပထဝီမှစ၍ သြဇာထိ သဘောတရားရှစ်မျိုးရှိရာ
တောဇောမှ ဥတုဇရုပ်ကလာပ်အသစ်ကို ထပ်ဖြစ်စေပါတယ် ။ ထိုအတူ သြဇာကလည်း
အာဟာရဇတို့၏အားပေးထောက်ပံ့မှုကြောင့်   ပထဝီမှစ၍ သြဇာထိ သဘောတရားရှစ်မျိုး
ရှိသော အာဟာရဇကလာပ်အသစ်ကိုဖြစ်စေပါတယ် ။ ထိုဖြစ်ပေါ်လာသော ဥတုဇကလာပ်
၏ တေဇော ၊အာဟာရဇကလာပ်၏ သြဇာ တို့ မှ  ဥတုဇရုပ် ၊အာဟာရဇရုပ် တို့ ဘုတ်အဆက်ဆက်
ရိုက်ဖြစ်ပေါ်ပုံကို ဉာဏ်ဖြင့်သိမ်းဆည်းပါ ။

ဓာတ်ကမ္မဋ္ဌာန်း အကျယ်ရှုပွားနည်း
...................................................
ရှေးကပြခဲ့သော ဓာတ်ကမ္မဋ္ဌာန်းအကျဉ်းနည်းကို အဝါးဝစွာအားထုတ်ထားသော
ယောဂီသည် ဓာတ်ကမ္မဋ္ဌာန်း အကျယ်နည်းကို အာထုတ်နိုင်ပါတယ် ။
ဓာတ်ကမ္မဋ္ဌာန်းအကျယ် ရှုပွားနည်း၌ ---
၁။ ပထ၀ီကောဋ္ဌာသ --- ၂၀
၂။ အာပေါကောဋ္ဌာသ --- ၁၂
၃။ တေဇောကောဋ္ဌာသ --- ၎
၎။ ၀ါယောကောဋ္ဌာသ --- ၆
အားလုံးပေါင်းသော် --- ၄၂ - ကောဋ္ဌာသ
ဤသို့လျှင် (၄၂)ကောဋ္ဌာသ လာရှိပေသည်။
ထိုနောက်-
တေဇောဓာတ် လွန်ကဲသော တေဇောကောဋ္ဌာသ (၄) မျိုး
ဝါယောဓာတ်လွန်ကဲသော ၀ါယောကောဋ္ဌာသ (၆) မျိုး
ကမ္မဇ ရုပ်ကလာပ် (၉) စည်း
စိတ္တဇ ရုပ်ကလာပ် (၈) စည်း
ဥတုဇ ရုပ်ကလာပ် (၄) စည်း
အာဟာရဇ ရုပ်ကလာပ် (၂) စည်း
လက္ခဏရုပ် (၄) ပါး ရှုကွက် စသည်တို့အားရှုပွားရမှာပါ ။
ကောဋ္ဌာသ၌ ဆံပင်စသော ကောဋ္ဌသတွင် ကာယဒသကကလာပ် စသည်ဖြင့်
တစ်ခုခြင်းဓာတ်ခွဲပြီးရှူပွားရမှာဖြစ်ပါတယ် ။ ကလာပ်စည်းများအနေဖြင့်လည်း
ရှုပွားရပါမယ် ။ ရှေးကအကျဉ်းနည်းကို အဝါးဝစွာ ရှုပွားထားသော ယောဂီသူတော်ကောင်း
အတွက် ခက်ခဲခြင်းအလျဉ်းမရှိနိုင်ပေ ။ထိုကြောင့် ဆက်လက်၍ ရှုပွားရန် -
ကျေးဇူးတော်ရှင် ဖားအောက်တောရဆရာတော်ကြီး ၏ နိဗ္ဗာနဂါမိနိပဋိပဒါ အတွဲ(၃) ၌
စာမျက်နှာ (၁၃၈)မှ စ၍ လေ့လာနိုင်ပါတယ် ။

       http://www.mediafire.com/view/?26fyl3bvpjcyezq   

"ဖားအောက်တောရဆရာတော်"
http://bhikkhudhamma.blogspot.com/

No comments:

Post a Comment