Choose Fonts Here

Friday, March 8, 2019


လမ်းရိုးလမ်းဟောင်း စနစ်ဟောင်း ကျင့်စဉ်
••••••••••••••••••••••••••••••••••••••
ဘုရားရှင်ဟောကြားပြသတော်မူခဲ့တဲ့ ဓမ္မနဲ့ဝိနယတရားတွေကို မိမိရဲ့ကိုယ်တွေ့ဉာဏ်မြင် ကိုယ်ပိုင်တရားလို့ ဟောနေကြတယ်။ တစ်ချို့ကလည်း ဘုန်းကြီးကိုလာလာမေးတယ်၊ ဒီမှာပြနေတဲ့က ဘယ်သူ့နည်းလဲ, ဘယ်ဝါ့နည်းလဲ? တဲ့။ ဘုန်းကြီးကတော့ ဘုရားဟောနည်းပါပဲလို့ ပြန်ဖြေလိုက်တယ်၊ တစ်ချို့ကကပ်ပြီးမေးလာပြန်ရင်တော့ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာမှာလာတဲ့ သီလကျင့်စဉ်၊ သမာဓိကျင့်စဉ်၊ ပညာကျင့်စဉ်ဖြစ်တဲ့ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတွေကို ဘုရားဟောနည်းအတိုင်း အစဉ်တိုင်း သင်ကြားပေးပါတယ်လို့ ပြန်ဖြေလိုက်ပါတယ်။

ဒီနေရာမှာ ဘုရားဟော ပါဠိတော်နှင့် အညီ မဂ္ဂင် (၈)ပါး ကျင့်စဉ်တရားတို့ကို အစီအစဉ်တကျ ပြည့်ပြည့်စုံစုံ ဖွင့်ဆို ရေးသားထားသော ကျမ်းမှာ ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာကျမ်းကို ပြောရမယ်ဆိုလျှင် -
ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ ပဋိ ညာဉ် ခံဝန်ချက် တစ်ခု ရှိပါတယ်။

သုဒုလ္လဘံ လဘိတွာန၊ ပဗ္ဗဇ္ဇံ ဇိနသာသနေ။
သီလာဒိသင်္ဂဟံ ခေမံ၊ ဥဇုံ မဂ္ဂံ ၀ိသုဒ္ဓိယာ။
ယထာဘူတံ အဇာနန္တာ၊ သုဒ္ဓိကာမာပိ ယေ ဣဓ။
ဝိသုဒ္ဓိံ နာဓိဂစ္ဆန္တိ ၊ ၀ါယမန္တာပိ ယောဂိနော။
တေသံ ပါမောဇ္ဇကရဏံ၊ သုဝိသုဒ္ဓ၀ိနိစ္ဆယံ။
မဟာဝိဟာရ၀ါသီနံ၊ ဒေသနာနယနိဿိတံ။
ဝိသုဒ္ဓိမဂ္ဂံ ဘာသိဿံ၊ တံ မေ သက္ကစ္စ ဘာသတော။
ဝိသုဒ္ဓိကာမာ သဗ္ဗေပိ၊ နိသာမယထ သာဓဝေါ။ (၀ိသုဒ္ဓိ၊၁၊၂ ။)

မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ အလွန်လျှင် ရခဲစွာသော ရှင်ရဟန်းအဖြစ်ကို ရရှိကြ ပါကုန်လျက် သီလ သမာဓိ ပညာတည်းဟူသော သိက္ခာသုံးရပ် အကျင့်မြတ်တို့ဖြင့် သိမ်းကျုံးရေတွက်အပ်သော, ကိလေသာခိုးသားဓားပြတို့၏ ပိတ်ဆို့နှောင့်ယှက်မှုဟူသော ဘေးရန်ကင်းသော, အတ္တကိလမထာနုယောဂ ကာမသုခလ္လိ ကာနုယောဂ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ မာယာ သာဌေယျစသော အကွေ့အကောက်အမျိုးမျိုးကို ကြဉ်ရှောင် ပယ်လွှဲသဖြင့် လမ်းကွဲမရှိ တစ်ရိုးတည်း (တစ်ကြောင်းတည်း) ဖြောင့်မတ်စွာသော, အရဟတ္တဖိုလ် နိဗ္ဗာန်၏ ရရာရကြောင်း ရောက်ရာရောက်ကြောင်းဖြစ်သော ဖြူစင်မြင့်မြတ်သည့် မဂ္ဂင် (၈)ပါး အကျင့်မြတ်တရားကို ဟုတ်တိုင်းမှန်စွာ မသိကုန်သောကြောင့် ဤ ဂေါတမဘုရားရှင်၏ သာသနာတော်မြတ်အတွင်း၌ပင်လျှင် အရဟတ္တဖိုလ် နိဗ္ဗာန်ကို လိုလားတောင့်တသည် ဖြစ်ကုန်လျက်လည်း, သမထ ၀ိပဿနာ နှစ်ဖြာသော ဘာဝနာ၌ မပြတ်ယှဉ်သော လုံ့လ၀ီရိယရှိသောကြောင့် ယောဂီသူမွန်ဟု ခေါ်တွင်သော အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည် အရဟတ္တဖိုလ် နိဗ္ဗာန်သို့ ရောက်စိမ့်ရည်မှန်း၍ ရဟန်းတရားကို ပွားများအားထုတ်ကြပါကုန်လျက်လည်း ရည်ရွယ်ရင်းရှိ စိတ်မှန်းထားသည့် အရဟတ္တဖိုလ် နိဗ္ဗာန်နန်းသို့ ၀င်ရောက်၍ မစံမြန်းနိုင် မရောက်နိုင် ရှိကြကုန်၏။

ထို ယောဂီသူတော်စင်အပေါင်းတို့၏ ၀မ်းမြောက်ခြင်းကို ပြုတတ်သော, ဂိုဏ်းတစ်ပါးတို့၏ အယူဝါဒနှင့် မရောယှက်သည်ဖြစ်၍ ကောင်းစွာ အထူးသဖြင့် စင်ကြယ်သော အဆုံးအဖြတ်ရှိသော, မဟာဝိဟာရကျောင်းတိုက်ကြီး၌ သီတင်းသုံးတော်မူလေ့ရှိကြကုန်သော မဟာဝိဟိဟာရ၀ါသီ အရှင်မြတ်တို့၏ တရားတော်ကို ဖွင့်ဆိုပုံ ဓမ္မသံဝဏ္ဏနာ အစရှိသော ဒေသနာနည်းကို မှီသော ၀ိသုဒ္ဓိမဂ္ဂကကျမ်းကို ရေးသားတင်ပြပေအံ့။

အရိုအသေ အလေးအမြတ်ပြု၍ ဖွင့်ဆိုရေးသားထားအပ်သော တပည့်တော်၏ ထိုဝိသုဒ္ဓိမဂ္ဂကျမ်းကို အရဟတ္တဖိုလ် နိဗ္ဗာန်ကို လိုလားတောင့်တလျက် ရှိကြကုန်သော သူတော်ကောင်း ဖြစ်တော်မူကြကုန်သော အရှင်ကောင်း အရှင်မြတ် အားလုံးတို့သည် ရိုရိုသေသေ လေးလေးမြတ်မြတ် ပြု၍ နာယူကြပါကုန်လော့။
ဒီလိုဖွင့်ဆို ထားပါတယ်.....။

ဤအထက်ပါ ပဋိညာဉ်ခံဝန်ချက်နှင့် လျော်ညီစွာ တစ်လောကလုံး၏ကိုးကွယ်အားထားရာအစစ် အဖြစ်ကြီး ဖြစ်တော်မူသော သဗ္ဗညုသမ္မာသမ္ဗုဒ္ဓဘုရားသခင် ပရိနိဗ္ဗာန်စံလွန်တော်မူပြီးနောက် သာသနာတော်နှစ် (၉၇၃) ခုနှစ်ခန့်တွင် အရှင်မဟာဗုဒ္ဓဃောသမထေရ်မြတ်သည် သီဟိုဠ်ကျွန်း သီရိလင်္ကာနိုင်ငံ အနုရာဓမြို့ မဟာဝိဟာရကျောင်းတိုက်ကြီး၌ သီတင်းသုံးနေထိုင်လျက် မဟာဝိဟိဟာရ၀ါသီ အရှင်မြတ်တို့၏ ပါဠိတော်ကို ဖွင့်ဆိုပုံ ဓမ္မသံဝဏ္ဏနာ အမည်ရသော မဟာအဋ္ဌကထာကို အမှီပြု၍ ၀ိသုဒ္ဓိမဂ္ဂအအဋ္ဌကထာကျမ်းကို ရေးသားစီရင်တော် မူခဲ့လေသည်။

မြောက်ပိုင်း သာသနာဂိုဏ်းဝင် ဖြစ်ကြကုန်သော အရှင်အဿဃောသ, အရှင်နာဂဇ္ဇုန, အရှင်ဝသုဗန္ဓုအစရှိသော ရဟန်းတော်တို့၏ကျမ်းတို့၌ကဲ့သို့ အရှင်မဟာဗုဒ္ဓဃောသ၏ကျမ်းတို့၌ ပါဠိတော်ကြီးများနှင့် ရှေးရှေးအဋ္ဌကထာကျမ်းဂန်တို့ကို မမှီမူ၍ မိမိ၏ဉာဏ်ဖြင့်သာလျှင် ကြံဆ၍ ပြဆိုရေးသားထားသော တရားစကား အထူးအဆန်းကို မတွေ့ရှိနိုင်ပေ။

"ပါဠိတော်များနှင့် မဟာအဋ္ဌကထာ အစရှိသော ရှေးရှေးသော အဋ္ဌကထာတို့၌ လာရှိသော လမ်းရိုးလမ်းဟောင်း စနစ်ဟောင်း ကျင့်စဉ်များကိုသာ မိမိကျမ်းတို့၌ ရေးသားတင်ပြထား၍ နည်းသစ်စနစ်သစ် လမ်းသစ်များကို တီထွင်လျက် ထည့်သွင်းဖော်ပြခြင်း မပြုခဲ့ပေ" လို့ အရှင်မဟာဗုဒ္ဓဃောသ ဝန်ခံထားပါတယ်။

ဤ အဆိုကို ထင်ရှားစေရန် ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၌ တင်ပြထားသော ကျင့်စဉ်အချို့ကို ကောက်နုတ်၍ သင်ကြားပြသပေးနေခြင်း ဖြစ်ပါတယ်။

"ဖားအောက်တောရဆရာတော်"
(နိဗ္ဗာနဂါမိနိပဋိပဒါ ပထမတွဲမှ စီလျော်အောင်ပြန်ဆိုထားသည်)
Credit:Ashin Nanissara

No comments:

Post a Comment