Choose Fonts Here

Sunday, March 17, 2019

သီလရှိတဲ့ အလှူခံပုဂ္ဂိုလ်
•••••••••••••••••••••
“အပိ စာဟံ ဝစ္ဆ သီလဝတော ဒိန္နံ မဟပ္ဖလံ ဝဒါမိ၊ နော တထာ ဒုဿီလဿ”(အံ၊၁။၁၆ဝ)
ဝစ္ဆအနွယ်၌ဖြစ်သော ဒကာတော်ပရိဗိုဇ် ...။ တကယ်စင်စစ်အားဖြင့်သော်ကား ငါဘုရားသည် သီလရှိတဲ့ ပုဂ္ဂိုလ်အား ပေးလှူအပ်တဲ့ အလှူဒါနကို ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးရှိ၏ဟူ၍။ ဟောတော်မူ၏။

သီလမရှိတဲ့ပုဂ္ဂိုလ်အား ပေးလှူအပ်တဲ့ အလှူဒါနကို ထိုသီလရှိတဲ့ ပုဂ္ဂိုလ်အား ပေးလှူအပ်တဲ့ အလှူဒါနနှင့် တူသော ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့အကျိုးရှိ၏ဟူ၍ ငါဘုရား ဟောတော်မမူ တဲ့။ သီလရှိတဲ့ပုဂ္ဂိုလ်သာ ဒီတောင့်တမှုတွေ ပြည့်စုံနိုင်တယ်။ လူ့ဘဝ, နတ်ဘဝ ဗြဟ္မာဘဝ ရနိုင်တယ်။ ရောက်နိုင်တယ်လို့ ငါဘုရား ဟောပါတယ်။

သီလမရှိတဲ့ပုဂ္ဂိုလ် ရောက်နိုင်တယ်လို့ ဟောသလား? မဟောဘူး။ ဘာဖြစ်လို့လဲ?။ သီလရှိတဲ့ပုဂ္ဂိုလ်ရဲ့ တောင့်တချက် မှန်သမျှသည် မချွတ်ဧကန် ပြည့်စုံတတ်တယ်။ ဘာကြောင့်လဲ? သီလစင်ကြယ်နေတဲ့အတွက်ကြောင့် တောင့်တချက်အားလုံး ပြည့်စုံသွားနိုင်တယ်။

ဒါကြောင့် သီလရှိတဲ့ပုဂ္ဂိုလ်ကို ပေးလှူခဲ့ရင်တော့ ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အကျိုးရှိတယ်လို့ ငါဘုရား ဟောပါတယ်။ သီလမရှိတဲ့ ပုဂ္ဂိုလ်ကို ပေးလှူခဲ့ရင်တော့ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိတယ်လို့ ငါဘုရား မဟောဘူး။ ဓမ္မာဓိဋ္ဌာန်နည်းအားဖြင့် ဘုရားဟောတာနော်။

သာသနာ့ဝန်ထမ်း ရှင်ရဟန်းဖြစ်ချင်လည်း ဖြစ်ပါစေ, သာသနာပပုဂ္ဂိုလ် ဖြစ်ချင်လည်း ဖြစ်ပါစေ။ သီလရှိနေခဲ့မယ်ဆိုရင်တော့ သီလရှိတဲ့ပုဂ္ဂိုလ်ကို လှူခဲ့ရင် သီလမရှိတဲ့ ပုဂ္ဂိုလ်ကို လှူတာထက်တော့ ပိုပြီးတော့ အကျိုးကြီးတယ်လို့သာ ငါဘုရား ဟောတာပါ။ ငါဘုရားရဲ့ တပည့်သာဝကကိုသာ လှူရမယ်။ ငါဘုရားကိုသာ လှူရမယ်။ တခြား တပည့်သာဝကတွေကို မလှူရဘူး။ တခြားပုဂ္ဂိုလ်တွေကို မလှူရဘူးလို့ ငါဘုရား ဒီလို ဟောတာ မဟုတ်ဘူး။ အကျိုးမရှိဘူးလို့ ဟောနေတာလည်း မဟုတ်ပါဘူးလို့ ဆိုလိုပါတယ်။ သို့သော် ဘုရားရှင်ရဲ့ တပည့်သားသာဝက ရဟန်းတော်ဆိုတာ ကြုံခဲလှသော သာသနာတော်ရဲ့ အမွေခံဖြစ်နေပါတယ်။

ဒါပေမယ့် ဒီသီလရှိတဲ့ ပုဂ္ဂိုလ်ဆိုတာက ဘယ်လောက်အထိ သီလရှိတာလဲဆိုတာကို ဘုရားရှင်က ဆက်ပြီးတော့ သတ်မှတ်ချက် ပေးတယ်နော်။ အဲဒီလို ပြည့်စုံလိုက်တဲ့ ဒါနမျိုးကို မဟပ္ဖလံ = ကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့ အကျိုးရှိတဲ့ ဒါန။ ဘယ်လောက်အထိ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သလဲလို့ မေးရင်တော့ ဘုရားရှင်က ဝေလာမသုတ္တန် (အံ၊၃၊၁၉၅-၁၉၇။) များမှာတော့ သာသနာပ အချိန်အခါကာလမှာ (၇)ရက် (၇)လ (၇)နှစ် ထွန်တုံးပိတ် လှူနေတဲ့ အလောင်းတော် ဝေလာမပုဏ္ဏားကြီးရဲ့ ဒါနဟာ သာသနာတော်အတွင်းမှာ သောတာပန်ပုဂ္ဂိုလ်တစ်ဦးကို တစ်ကြိမ်တစ်ခါ ဆွမ်းလှူဒါန်းရတဲ့ အလှူဒါနလောက် မမြင့်မြတ်ဘူးလို့ ဘုရားရှင်က ဟောထားတော်မူတယ်။

သောတာပန် အပါး (၁ဝဝ)ကို ဆွမ်းဝအောင် လှူရတာထက် သကဒါဂါမ်ပုဂ္ဂိုလ်တစ်ပါး။ သကဒါဂါမ် အပါး (၁ဝဝ)ကို ဆွမ်းဝအောင် လှူရတာထက် အနာဂါမ်တစ်ပါး။ အနာဂါမ်ပုဂ္ဂိုလ် အပါး (၁ဝဝ)ကို ဆွမ်းဝအောင်လှူရတဲ့ အလှူဒါနထက် ရဟန္တာပုဂ္ဂိုလ်တစ်ပါးကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနက ပိုမြတ်တယ်။ ပိုပြီး အကျိုးကြီးပါတယ်။ ရဟန္တာပုဂ္ဂိုလ် အပါး (၁ဝဝ)ကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနက ပိုပြီး မြတ်တယ်။ အကျိုးကြီးတယ်။ ပစ္စေကဗုဒ္ဓါ အပါး (၁ဝဝ)ကို ဆွမ်းဝအောင် လှူရတဲ့ အလှူဒါနထက် သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူအား ဆွမ်းဝအောင် လှူရတဲ့ အလှူက ပိုပြီး အကျိုးကြီးတယ်။ သမ္မာသမ္ဗုဒ္ဓဘုရားရှင်ကို ဆွမ်းဝအောင် တစ်ကြိမ်တစ်ခါ ဆွမ်းလှူဒါန်းရတဲ့ အလှူဒါနထက် ဘုရားအမှူးရှိတဲ့သံဃာကို ဆွမ်းလှူဒါန်းရတဲ့ အကျိုးက ပိုပြီး အကျိုးကြီးတယ်။

ဘုရား၊ ရဟန္တာပုဂ္ဂိုလ်တို့ရဲ့ သီလဂုဏ်ကျေးဇူး, သမာဓိဂုဏ်ကျေးဇူး, ပညာဂုဏ်ကျေးဇူး, ဝိမုတ္တိဆိုတဲ့ ကိလေသာတို့မှ လွတ်မြောက်သွားတဲ့ အရဟတ္တဖိုလ်ဂုဏ်ကျေးဇူး, ဝိမုတ္တိဉာဏဒဿနဆိုတဲ့ ကိလေသာတို့မှ လွတ်မြောက်တဲ့ ဝိမုတ္တိ အရဟတ္တဖိုလ်ကို တစ်ဖန်ပြန်ပြီး ဆင်ခြင်နေတဲ့ ပစ္စဝေက္ခဏာဉာဏ်ဂုဏ်ကျေးဇူးတွေ၊ အဲဒီ ဂုဏ်ကျေးဇူး (၅)မျိုးနဲ့ ပြည့်စုံရမယ်လို့ ဒီလို သတ်မှတ်ချက်ရှိတယ်။ ဒါကတော့ ဘုန်းကြီးတို့ အလှူခံဘက်က သတ်မှတ်ပေးတဲ့ အင်္ဂါရပ်ပဲနော်။

တစ်ခါ ဒီအလှူခံဘက်က ဒီအင်္ဂါ (၅)ရပ် ပြည့်စုံသလို အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်ကလည်း သတ်မှတ်ပေးထားတယ်။ သီလရှိခြင်း၊ တရားသောနည်းလမ်းဖြင့် ရှာဖွေရရှိတဲ့ လှူဖွယ်ဝတ္ထုပစ္စည်းစုဖြစ်ခြင်း၊ လှူဒါန်းနေတဲ့အချိန်, မလှူမီအချိန်, လှူပြီးတဲ့အချိန် အချိန်သုံးခုလုံးမှာ ကြည်လင်တဲ့စိတ်ထားရှိခြင်း၊ ပြန့်ပြောကြီးကျယ် များမြတ်တဲ့ ကံ-ကံ၏အကျိုးကို သက်ဝင်ယုံကြည်တဲ့ သဒ္ဓါတရားရှိခြင်းဆိုတဲ့ အင်္ဂါရပ်ကလေးတွေနှင့် ပြည့်စုံမယ်ဆိုရင်တော့ သိပ်ကောင်းတယ်၊ တိုင်းထက်အလွန် တံခွန်နှင့်ဘုရား ဖြစ်တယ်။ဟို ဒက္ခိဏဝိဘင်္ဂသုတ္တန်မှာ - ဘုရားရှင်က ဒီလို ဟောကြားထားတော်မူတယ်။

ဒါကြောင့် ဘုန်းကြီးတို့ ရဟန်းတော်တွေဘက်ကလည်း မိမိတို့အား နေပူမရှောင် မိုးရွာမရှောင် လှူဒါန်းထောက်ပံ့နေတဲ့ ဒကာ ဒကာမတွေရဲ့ အကျိုးကို ကြီးစွာရပါစေခြင်းငှာ မိမိရဲ့ သီလလေးကို စင်စင်ကြယ်ကြယ်ထားပြီး ခံယူမယ်ဆိုရင် အလှူရှင်ဘက်က ကြီးကျယ်ဖွံ့ဖြိုးတဲ့ အကျိုးတွေကို ရရှိသွားနိုင်ပါတယ်။ တစ်ချို့များဆို မူးဆုပဲဆုနဲ့ ကိုယ်တိုင်မစားရက် ရဟန်းတော်တို့အား လှူဒါန်းထောက်ပံ့ကြပါတယ်။ မိမိဘက်က သီလလေးစင်ကြယ်ပြီး ခံယူရုံနဲ့တင် များမြတ်အကျိုးတွေကို အလှူရှင်တွေကို ပေးနိုင်ပါတယ်တဲ့။

ဒါကြောင့်မို့ “သီလရှိတဲ့ပုဂ္ဂိုလ်ကို ပေးလှူခဲ့ရင်တော့ ကြီးကျယ်ဖွံ့ဖြိုးများမြတ်သော အကျိုးရှိတယ်လို့ ငါဘုရား ဟောပါတယ်။ သီလမရှိတဲ့ ပုဂ္ဂိုလ်ကို ပေးလှူခဲ့ရင်တော့ ကြီးကျယ်ဖွံ့ဖြိုး များမြတ်သော အကျိုးရှိတယ်လို့ ငါဘုရား မဟောဘူး။” လို့ မြတ်စွာဘုရားရှင်က ဟောတော်မူနေခြင်း ဖြစ်ပါတယ်။

"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment