Choose Fonts Here

Sunday, March 17, 2019

စွမ်းအားကြီး (၇)ရပ်
••••••••••••••••••
သူတော်ကောင်းတို့လည်းပဲ ဘုရားရှင် ဟောကြားထားတော်မူတဲ့ အနိစ္စာနုပဿနာဉာဏ်, ဒုက္ခာနုပဿနဉာဏ်, အနတ္တာနုပဿနာဉာဏ်နှင့်တကွသော သညာ ခုနစ်မျိုးကိုသာ စနစ်တကျ ပွားများပါ။
နံပါတ် (၁)က အသုဘသညာ
နံပါတ် (၂)က မရဏသညာ
နံပါတ် (၃)က အာဟာရေ ပဋိကူလသညာ,
နံပါတ် (၄)က သဗ္ဗလောကေ အနဘိရတသညာ,
နံပါတ် (၅)က အနိစ္စသညာ
နံပါတ် (၆)က ဒုက္ခသညာ
နံပါတ် (၇)က အနတ္တသညာ -ပေါင်းလိုက်တော့ သညာဘယ်နှစ်ပါးလဲ? ခုနစ်ပါး။

အဲဒီလို အမြိုက်နိဗ္ဗာန်သို့ ပို့ဆောင်ပေးနေသည့် စွမ်းအာကြီး (၇)ရပ်လို့ ခေါ်တဲ့ ဒီသညာခုနစ်ပါးကို စနစ်တကျ ပွားများအားထုတ်ပြီးတော့ ခုလို ဒါနပွဲတစ်ခု ကျင်းပနိုင်ခဲ့မယ်ဆိုလျှင်တော့ ဒီဒါနမျိုးသည် စိတ္တာလင်္ကာရစိတ္တပရိက္ခာရ - သမထဘာဝနာစိတ်, ၀ိပဿနာဘာဝနာစိတ်တွေကို တင့်တယ်သွားအောင် တန်ဆာဆင်ပေးနေတဲ့ ဒါန, သမထဘာဝနာစိတ်, ၀ိပဿနာဘာဝနာစိတ်တို့ရဲ့ အခြံအရံဖြစ်တဲ့ ဒါနမျိုးဖြစ်ပါတယ်။

ဒီလိုဒါနမျိုးဟာ ဘုရားရှင် နှစ်ခြိုက်တော်မူတဲ့ ဒါနမျိုးဖြစ်တယ်။ ဘာကြောင့်လဲ? အမတောဂဓာ = မသေရာ အမြိုက်နိဗ္ဗာန်လျှင် တည်ရာရှိတဲ့ , အမတပရိယောသာနာ = မသေရာ အမြိုက်နိဗ္ဗာန်လျှင် အဆုံးအပိုင်းအခြားရှိတဲ့ ဒါနမျိုး ဖြစ်ပါတယ်။ မလှူမီ ရှေးအဖို့မှာလည်း ဒီသညာ (၇)ပါးကို ပွားများနိုင်ပါတယ်။ ပေးလှူနေဆဲမှာလည်း ပွားများနိုင်ပါတယ်။ ပေးလှူပြီး နောက်ပိုင်းကာလမှာလည်း ပွားများနိုင်ပါတယ်။

ဒီနေရာမှာ ဆိုလိုတာက နောက်ထပ် လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာဆိုတဲ့ ဒီချမ်းသာသုခတွေကို ဒီဒါနက ဖြစ်ပေါ်စေနိုင်သလား? မဖြစ်စေနိုင်ဘူး။ သံသရာခရီးဆိုတာရှိခဲ့လျှင်တော့ မတော်တဆ အကျိုးပေးတတ်တဲ့ သဘာဝလေးတွေတော့ ရှိပါတယ်။

သို့သော် ယေဘုယျအားဖြင့် မသေရာ အမြိုက်နိဗ္ဗာန်သို့ ရောက်အောင် ပို့ဆောင်ပေးနေတဲ့ ဒါနမျိုး ဖြစ်ပါတယ်။ အဲဒီလို နောက်ထပ် သံသရာခရီးဆိုတဲ့ ဘ၀ကို အကျိုးပေးနိုင်တဲ့ စွမ်းအားမရှိတဲ့ဒါနမျိုးတွေကို ရည်ရွယ်ပြီးတော့ မြတ်စွာဘုရားက ဒက္ခိဏ၀ိဘင်္ဂသုတ္တန်မှာ ဘယ်လို ဟောကြားထားတော်မူသလဲ?

"ယော ၀ီတရာဂေါ ၀ီတရာဂေသု " ရာဂကင်းနေတဲ့ အလှူပေးတဲ့ အလှူရှင်ပုဂ္ဂိုလ်သည်။ ခုချိန်ခါမှာ ရာဂကင်းနေတဲ့ ရဟန္တာပုဂ္ဂိုလ်တော့ မဟုတ်သေးဘူး။ အနာဂါမ်ပုဂ္ဂိုလ်လည်း မဟုတ်သေးဘူး။ သို့သော် ခုနက ပြောခဲ့တဲ့ သညာခုနစ်ပါးကို စနစ်တကျပွားနိုင်လျှင် တဒင်္ဂအားဖြင့် မိမိရဲ့ သန္တာန်မှာ ရာဂတွေက ကင်းမနေဘူးလား? ကင်းနေပြီ။

ယော ၀ီတရာဂေါ = အကြင် ရာဂကင်းနေတဲ့ အလှူပေးတဲ့ ပုဂ္ဂိုလ်သည်။

ဓမ္မေန လဒ္ဓံ = တရားသော နည်းလမ်းဖြင့် ရှာဖွေသဖြင့် ရရှိအပ်သော လှူဖွယ်ဝတ္ထု ပစ္စည်းစုကို။

သုပသန္နစိတ္တော = အလွန်ကြည်လင်သော စိတ်ထားရှိသည်ဖြစ်၍။

ဥဠာရံ = ပြန့်ပြောကြီးကျယ် မြင့်မြတ်လှစွာသော။ ကမ္မဖလံ = ကံကံ၏ အကျိုးတရားကို။

အဘိသဒ္ဒဟံ အဘိသဒ္ဒဟန္တော = အလွန် သက်ဝင်ယုံကြည်သည် ဖြစ်၍။ (မ၊၃၊၃၀၀)

ဘယ်လိုကြောင့် ဒီကံ-ကံရဲ့အကျိုးကို ယုံကြည်ရသလဲ? ရှေးပိုင်းတုန်းက ပြောခဲ့တဲ့ အနိစ္စာနုပဿနာ,ဒုက္ခာနုပဿနာ,အနတ္တာနုပဿနာဉာဏ်တွေကို ပွားများနိုင်တဲ့ သူတော်ကောင်းအဖို့က ဒီဒါနမျိုးကိုတော့ ဘုရားရှင်က အသာဆုံး အမြတ်ဆုံး ဒါနဆိုပြီး ဟောကြားထားတော်မူပါတယ်။

ဘာကြောင့်လဲ? ဒီဒါနက နိဗ္ဗာန်ကိုသာ ရောက်အောင် တိုက်ရိုက်ပို့ဆောင်ပေးနေတဲ့ ဒါန ဖြစ်တယ်။ ဘ၀ဆိုတဲ့ သံသရာခရီးကို အကျိုးပေးတတ်တဲ့ ဒါနမျိုး ဟုတ်သေးသလား?မဟုတ်ပါဘူးနော်

"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment