Choose Fonts Here

Sunday, March 17, 2019


ဘုရားရှင်တို့တောင် သီတင်းသုံးထိုက်သောကျောင်း
••••••••••••••••••••••••••••••••••••••••••••
ဘုန်းကြီးတို့ သာသနာတော်မှာ ရှင်ရဟန်းတွေအနေနှင့် ဝိနည်းကို အလေးဂရုပြုစောင့်ဆည်း ရမယ် အပိုင်းမှာ နိဿဂ္ဂိယပါစိတ်လို့ ခေါ်တဲ့ အာပါတ်တစ်မျိုးလည်း ပါဝင်ပါတယ်။ နိဿဂ္ဂိပစ္စည်းတို့မည်သည် စွန့်ခြင်းဝိနည်းကံထိုက်မှ စင်ကြယ်သည်မည်တော့ စွန့်ပြီး ဒေသနာပြောကြားမှ အာပါတ်စင်ကြယ်နိုင်တဲ့ သဘောရှိပါတယ်။

ဒီနေရာမှာ ပါရာဇိကံ အဋ္ဌကထာ စာမျက်နှာ၂၂၇ မှာ လာရှိတဲ့ "ပတ္တစတုက္က"လို့ခေါ်တဲ့ သပိတ်လေးလုံး စံထားပြီးပြောထားတာလေး ရှိပါတယ်။ ဒီမှာကျောင်းအနေနဲ့ ရဟန်းကိုယ်တိုင် ရွှေငွေကို အလှခံပြီး သစ်တွေ အတုံးလိုက်သွားဝယ်တယ်။ ကိုယ်တိုင်စီမံခန့်ခွဲပြီးတော့ ခွဲတယ်စိတ်တယ် ပြီးတော့ ကျောင်းဆောက်တယ်၊ ကျောင်းဆောက်စေတယ်။ ဒါ မဟာအကပ္ပိယကျောင်းဘဲ။ အကြီးအကျယ်မအပ်တဲ့ကျောင်းဘဲ။ ဘယ်နည်းနဲ့မှာ ဒီကျောင်းကို အပ်အောင်ပြုလုပ်လို့ မတတ်နိုင်တော့ဘူး။ 

နောက်တစ်ခုက ဈာန်မဂ်ဖိုလ်မရဘဲ ဝါကြွားပြီး လိမ်လည်တယ်။ ဒကာ ဒကာမတွေက ကြည်ညိုပြီးလှူတဲ့ကျောင်း ဒါလည်း မဟာအကပ္ပိယကျောင်းပါပဲ။ ဒကာ ဒကာမတွေကို ဆေးကုတယ် ဗေဒင်ဟောတယ်စတဲ့ ကုလဒူသကအမှုတွေကိုလုပ်တယ်။ ဒီလို လုပ်လို့ ဒကာ ဒကာမကကြည်ညိုပြီး ကျောင်းဆောက်လှူတယ်။ ဒီကျောင်းလည်း မဟာအကပ္ပိယကျောင်းဘဲ။ နောက် ဒကာ ဒကာမတွေက ဆွေမျိုးလည်းမတော်ဘူး၊ မိမိအား ဖိတ်မန်ထားတာလည်းမရှိဘူး။ ဒီ ဒကာ ဒကာမတွေစီသွားပြီး ရွှေငွေကို အလှူခံတယ်။ ငွေလို့ပြောတဲ့ နေရာမှာ ငွေစက္ကူတွေလည်း ပါဝင်ပါတယ်။ ရှေးကမင်းတံဆိပ်ခပ်နှိပ် ငွေအဖြစ်သတ်မှတ်ထားတဲ့ သစ်သားစတာတို့လည်း ငွေထဲပါဝင်ပါတယ်။
ကျောင်းဆောက်တယ် ဒါလည်း မဟာအကပ္ပိယကျောင်းဘဲ။ ဒီကျောင်းကို ဘယ်လိုမှ အပ်အောင်ပြုလုပ်လို့ မရတော့ဘူး။ အရှေ့ကျောင်းခေမိကသိပ္ပံဆရာတော်ဘုရားကြီး ပျံလွန်တော်မမူစဉ်က ဘုန်းကြီး စကားဆက်မိလို့ ဆရာတော်ကို မေးလျှောက်ကြည့်ပါတယ်။ ဆရာတော်က ဒီလိုသာသနာတော်မှာ အပ်အောင်လုပ်လို့ မရတဲ့ ကျောင်းမျိုးကိုတော့ မီးရှို့ပစ်တာ အကောင်းဆုံးဘဲလို့ မိန့်ပါတယ်။ ဒီမှာ မအပ်ဘူးဆိုတာ ဘာပြောတာလဲ?၊ ဒီရွှေငွေ အလှူခံပြီး စီမံတဲ့ ရဟန်းမှမအပ်တာမဟုတ်ပဲ သီတင်းသုံးဖော်၅ဦးလုံးမအပ်တော့တာပါ။ (ရဟန်း=ဘိက္ခု၊ ရဟန်းမ=ဘိက္ခုနီ၊သိက္ခမာန်၊ရှင်သာမဏေ၊ရှင်သာမဏေမ)။ ဒီကျောင်းပေါ် ဘယ်ရဟန်းဘဲတက်တက် အာပါတ်သင့်တယ်။ ပြန်ဆင်းသွား နောက်တစ်ခါပြန်တက် အာပါတ်ထပ်သင့်တယ်။ 

နိဿဂ္ဂိတို့မည်သည် စွန့်လွှတ်ပြီးမှသာ ဒေသနာပြောကြားမှ စင်ကြယ်ပါတယ်။ မစွန့်ဘဲနှင့် အကြိမ်ရာနဲ့ ထောင်နဲ့ချီပြီး ဒေသနာကြား အာပါတ်မစင်ကြယ်ဘူး ဒေသနာမထဘူး။ အပြီးအပြတ်မစွန့်ဘဲ ဒကာတစ်ဦးထံအပ်ထားမယ်။ သေတ္တာထဲ သိမ်းထားမယ်စသည်ဖြင့် မစွန့်ဘဲ ကုစားသော်လည်း အာပါတ်မစင်ကြယ်ပါဘူး။ နိဿဂ္ဂိတို့ သဘောက စွန့်ခြင်းဝိနည်းကံကို အရင်ပြုလုပ်ရတယ်၊ ပြီးမှဒေသနာကြားမှ စင်ကြယ်နိုင်တဲ့ သဘောရှိပါတယ်။ ဒီတော့ ဒီကျောင်းက မူလစီမံထားတဲ့ ရဟန်းသာမအပ်သည်မဟုတ် သာသနာတော်မှာရှိနေတဲ့ ရဟန်းတော်တွေ ရှင်သာမဏေများပါ မအပ်တဲ့ကျောင်း ဖြစ်နေပါတယ်။ ဒါကြောင့် ဆရာတော်က သူ့သဘောအရပြောမယ်ဆို ဒီကျောင်းမျိုး မီးရှို့ပစ်တာ အကောင်းဆုံးဘဲတဲ့။ ဘာဖြစ်လို့လဲ သာသနာတော်မှာ ဘယ်လိုမှ အပ်အောင်ပြုလုပ်လို့ မရနိုင်တော့ဘူး။ ဒကာကြီးတွေ ဒီလိုမအပ်တဲ့နည်းဖြင့် လွယ်လွယ်ကူကူ ရဟန်းတော်တို့ကို ဆက်ဆံပြီး လှူဒါန်းလိုက်အတွက် မူလအလှူခံထားတဲ့ ရဟန်းတော်သည်သာမဟုတ် ကျန်နေတဲ့ ရဟန်းတော်တွေပါ အားလုံးပါ သုံးစွဲမိရင် အာပါတ်သင့်ပါတယ်။ ငွေအလှူခံတယ် ကပ္ပိယတွေက စီမံပြီးဆောက်တယ်ထား မူလကိုယ်ကငွေအလှူခံထားတာမအပ်တော့ အကုန်မအပ်ဖြစ်ကုန်ပြီ။

ဒကာ ဒကာမတွေက သဒ္ဓါတရားလျှောက် အပ်အပ်စပ်စပ်စီမံပြီး ဆောက်လုပ်ပေးတယ်ထား ဒီရဟန်းက ရွှေငွေကို မအပ်မစပ်အလှူခံပြီး စီမံလိုက်မယ်။ ဝိနည်းစည်းကမ်းအရ အပ်တာနဲ့ မအပ်တာရောရင် မအပ်တဲ့ဘက်ကယူရပါတယ်။ ပြန်ပြီးရွေးထုတ်နိုင်ရင်တော့ အပ်သွားမယ်။ မရွေးထုတ်နိုင်ရင် တစ်ကြောင်းလုံး မအပ်ဖြစ်သွားပြီ။ ဘုန်းကြီးတော့ ကျောင်းတစ်ကျောင်း ဆောက်တယ် ဝင်ပြီးတော့ မစီမံပါဘူး။ တစ်ခုတော့ မေတ္တာရပ်ခံထားပါတယ်။ ဒီထဲ ဘုန်းကြီးတွေလှူတာ တစ်ပါးမှ လက်မခံပါနဲ့လို့၊ အပ်တာနဲ့ မအပ်တာရောမိရင် ပြန်ရွေးထုတ်လို့ တော့ရတယ်။ ဘယ်လိုရွေးထုတ်မလဲ ဘဏ်ထဲရောက်သွားပြီ။ ဘယ်ပစ္စည်းက အပ်တဲ့ ပစ္စည်း ဘယ်ပစ္စည်းက မအပ်တဲ့ ပစ္စည်း ဘယ်လိုလုပ်ရွေးမလဲ။ ကျပ်တန်ချင်း အတူတူဘယ်ကျပ်တန်ကအပ်တယ် ဘယ်ကျပ်တန်မ အပ်ဘူး ဘယ်လိုလုပ်ရွေးမလဲ။ ရွေးတတ်ရင်တော့ရတယ်။ မရွေးတတ်ရင် အကုန်ရောထွေးပြီး ပြဿနာတွေ ရှုတ်ထွေးသွားပြီ။

အဲ့ဒီ ပိုက်ဆံတွေနဲ့ ကျောင်းမှာ ဟိုဟာလိုထည့် ဒီဟာလိုထည့်နဲ့ ဟိုဟာဆောက်ဒီဟာဆောက်နဲ့ အကုန်မအပ်ဖြစ်နေပြီ ရောယှက်သွားလို့ပါ။ ရွှေငွေအလှူခံပြီးတော့ ရေကန်ဆောက်မယ် ရေတွင်းတူးမယ်။ မူလထဲက မအပ်လေတော့ ဒီတန်ဖိုးကပွားလာတဲ့ ရေတွင်းရေကန်ပါမအပ်တော့ဘူး။မအပ်တာ ဘယ်လောက်ထိမအပ်လဲ၊ အဲ့ဒီရေနဲ့ အင်္ဂတေဖျော် ကျောင်းဆောက် ဒီကျောင်းမအပ်တော့ဘူး။ အဲ့ဒီရေနဲ့ ဆွမ်းချက် အဲ့ဒီဆွမ်းမအပ်တော့ဘူး။ ကူးဆက်သွားတာ။ ကျောင်းကသူ့ဒကာနဲ့သူ အပ်စပ်အောင်လှူတယ်ထား ဒီရေက မအပ်လေတော့ အကုန်မအပ်ဖြစ်ကုန်ပြီ။ အဲ့ဒီလောက်ထိ ကူးဆက်သွားပါတယ်။ ဒီကျောင်းပေါ်နေပြီး အာပါတ်တန်းလန်းနဲ့ ပျံလွန်တော်မူခဲ့ရင် အပါယ်လေးဘုံတစ်ဘုံကို ရောက်ရတော့မယ်။ ဒါကြောင့် ရဟန်းတော်တို့သည် ရွှေငွေနဲ့ ပါတ်သတ်ပြီး ဝင်ပြီးတော့ မစီမံကောင်းဘူး။ ဒီပိုက်ဆံ ဒီလူ့ကိုပေးလိုက် ဒီငွေ ဒီလူ့စီကယူလိုက် ဒီလိုမစီမံကောင်းပါဘူး။

ဒီတော့ ရဟန်းတော်က ကိုယ်တိုင်လည်း ရွှေငွေကို အလှူမခံဘူး။ သူများကိုလည်း အလှူခံမခိုင်းဘူး။ မအပ်သောနည်းဖြစ် အပ်နှင်းလှူဒါန်းထားတာကိုလည်း လက်မခံဘူး။ ဒကာ ဒကာမတွေက သဒ္ဓါတရားလျှောက် သူတို့ဘာသာစီမံပြီး ကျောင်းကိုဆောက်လုပ် လှူဒါန်းတယ်။ အကယ်၍များ မိမိက အပ်စပ်သောနည်းဖြစ် အပ်နှံလှူဒါန်းထားသော ရဟန်းတော်တို့နှင့် အပ်စပ်သောပစ္စည်းကို ကပ္ပိယကာရကနှင့် အပ်စပ်အောင်စီမံတယ်။ ဒီလိုကျောင်းမျိုး အပ်စပ်တဲ့ ကျောင်းမည်ပါတယ်။ ဒီရဟန်းတော်တင် အပ်တာမဟုတ် သီတင်းသုံးဖော်ငါးဦးလုံး လည်းအပ်ပါတယ်။ နောက် ဘုရားရှင်တို့တောင်မှ သုံးဆောင်မယ် ဆိုရင် သီတင်းသုံး သုံးဆောင်ထိုက်တဲ့ ကျောင်းမည်ပါပေတယ်။

"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment