Choose Fonts Here

Sunday, March 10, 2019

ပစ္စုပ္ပန် ဖြစ်ဆဲခဏ၌ ရှုပွား၍ ကိလေသာငြိမ်းအေးပုံ
•••••••••••••••••••••••••••••••••••••••••••••
ဒီနေရာမှာ ခေတ်ကပြောပြောနေကြတဲ့ အတိတ်ကိုမပြန်နဲ့ အနာဂတ်ကိုမမျှော်နဲ့ ပစ္စုပ္ပန် တည့်တည့် ထားရမယ်ဆိုတဲ့ စကားရပ်နဲ့ ပါတ်သတ်လို့ ရှင်းပြချင်ပါတယ်။

ဘဒ္ဒေကရတ္တသုတ္တန်မှာ ဘုရားရှင်ရဲ့ ရှင်းလင်းချက်ကလေးရှိနေပါတယ်။

ဣတိ မေ စက္ခု အဟောသိ အတီတမဒ္ဓါနံ ဣတိ ရူပါတိ – တတ္ထ န ဆန္ဒရာဂပ္ပဋိဗဒ္ဓံ ဟောတိ ၀ိညာဏံ, န ဆန္ဒရာဂပ္ပဋိဗဒ္ဓတ္တာ ၀ိညာဏဿ န တဒဘိနန္ဒတိ, န တဒဘိနန္ဒန္တော အတီတံ နာနွာဂမေတိ။

ဣတိ မေ စက္ခု သိယာ အနာဂတမဒ္ဓါနံ ဣတိ ရူပါတိ – အပ္ပဋိလဒ္ဓဿ ပဋိလာဘာယ စိတ္တံ နပ္ပဏိဒဟတိ, စေတသော အပ္ပဏိဓာနပစ္စယာ န တဒဘိနန္ဒတိ, န တဒဘိနန္ဒန္တော အနာဂတံ နပ္ပဋိကင်္ခတိ။
( မ။ ၃၊ ပါ ။၂၃၆၊၂၃၇)

ဒီဂါထာလေးကို ကြည့်ပြီးတော့ အများအားဖြင့် အတိတ်နဲ့ အနာဂတ်ကို မရှုကောင်းဘူးဆိုပြီးတော့ များသောအားဖြင့် ဆရာတော်ခပ်များများက မိန့်ကြားနေခြင်း ဖြစ်ပါတယ်နော်။ ဆရာတော်တွေနဲ့ ဦးဇင်းကအတိုက်အခံလုပ်ပြီးတော့ လာတရားဟောတယ် ဒီလိုတော့ မယူဆစေချင်ပါဘူးနော်။ ဒေသနာတော်တစ်ခုဟာ ဘယ်လိုအနက်အဓိပ္ပါယ်ရှိတယ်ဆိုတာကိုတော့ ရှင်းလင်းတင်ပြဖို့ရန်အတွက်တော့ ဦးဇင်းတို့ ဘက်မှာ တာဝန်တော့ရှိပါတယ်နော်။ ဒီတော့ ဒီဒေသနာတော်က အတိတ်ကိုမရှုရဘူး အနာဂတ်ကို မရှုရဘူး ပြောနေတဲ့ ဒေသနာတော် မဟုတ်ပါဘူး။

အတိတ် , အနာဂတ်ရှုဖို့ရန် အတိအကျ ဟောထားပါလျှက် ဒီဘဒ္ဒေကရတ္တသုတ္တန်ကျမှ ဘုရားရှင်က အတိတ်,အနာဂတ်မရှုရဘူးလို့ ဟောမယ်ဆိုရင် ဟောတယ်လို့ ယူဆခဲ့မယ်ဆိုရင်ပေါ့။ ဦးဇင်းတို့က အတိတ်,အနာဂတ် ရှုရမယ်လို့ ဟောကြားချက်ကတစ်ခု၊ မရှုရဘူးလို့ ဟောကြားချက်ကတစ်ခု ဒီနှစ်ခုကို ဘယ်ဟာ လိုက်နာရမလဲ?။ ဘယ်ဟာလိုက်နာရမယ်ဆိုတာ ဒွိဟဖြစ်ဖွယ်ရာမရှိဘူးလား?။ ရှိနေတယ်နော်။

အကယ်၍များ ဒီဒေသနာတော်သည် အတိတ်ကို မရှုရဘူး အနာဂတ်ကို မရှုရဘူးလို့ လက်ခံခဲ့မယ်ဆိုလျှင် ဘာဖြစ်မလဲ ?။ ဦးဇင်းတို့ အနတ္တလက္ခဏသုတ္တံစတဲ့ ထိုထို တေပဋိဝတ္တဓမ္မဒေသနာသုတ္တံမှာ ဘုရားရှင် ကိုယ်တော်တိုင်က “ယံ ကိဥ္စိ ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ” စသည်ဖြင့် အတိတ် အနာဂတ် ပစ္စုပ္ပန်လို့ ခေါ်ဆိုအပ်တဲ့၊ ကာလသုံးပါးအတွင်းမှာ နည်ရှိနေတဲ့ ခန္ဓာငါးပါး၊အာယတန(၁၂)ပါး၊ ဓာတ်(၁၈)ပါးဆိုတဲ့ ပရမတ္ထဓာတ်သားတွေကို အနိစ္စ၊ဒုက္ခ၊အနတ္တလက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာဘာဝနာ ကမ္မဋ္ဌာန်း ဆည်းဖြန်းဖို့ရန်အတွက် အတိအကျညွှန်ကြားနေပါတယ်နော်။ ထိုညွှန်ကြားချက်တွေကလည်း အတိအကျရှိသည်ဖြစ်၍ နောက်တစ်ခု - မဟာနိဒါနသုတ္တံမှာ ဆိုရင်လည်း -

ဧတဿ အာနန္ဒ ဓမ္မဿ အနနုဗောဓာ အပ္ပဋဝေဓာ ဧ၀မယံ ပဇာ တန္တာကုလကဇာတာ ကုလဂဏ္ဌက ဇာတာ မုဉ္စ္စပဗ္ဗ္ဗဇဘူတာ အပါယံ ဒုဂ္ဂတိံ ၀ိနိပါတံ သံသာရံ နာတိဝတ္တ္တတိ။ (ဒီ၊၂၊၄၇။)
လို့ပြဆိုထားပါတယ်။

ဒီနေရာမှာ- "အော်ငါ ငယ်ငယ်တုန်းက ငါ၏ စက္ခုအကြည်ဓာတ်က ဒီလိုဖြစ်ခဲ့တယ်။ နောက်တစ်ခု ငယ်ရွယ်နုပျိုစဉ်အခါတုံးကတော့ ထိုက်သင့်သလောက်တော့ မိမိလည်း လူချော လူလှတစ်ယောက်တော့ ဖြစ်ချင်ဖြစ်မယ်ပေါ့။ ခုလို အသက်ခြောက်ဆယ်၊ ခုနှစ်ဆယ်ပါတ်ဝန်းကျင်ရောက်လာတော့ ရှုံ့တွလာတဲ့ အချိန်အခါကြတော့ မိမိ၏ ရူပါရုံဟာ ငယ်စဉ်အခါလို လှသေးလား? ။ မလှတော့ဘူး။" အဲ့ဒီပုံစံလိုပေါ့ ။ ငါ၏ စက္ခုအကြည်ဓာတ်ရူပါရုံက အတိတ်ကဒီလိုဖြစ်ခဲ့တယ်ဆိုပြီးတော့ အတိတ်ကဖြစ်ခဲ့တဲ့ စက္ခုအကြည်ဓာတ်နဲ့ ရူပါရုံတို့ အပေါ်၌ လိုလားတက်မက်ခြင်းဆိုတဲ့ ဆန္ဒရာဂနှင့် ဆက်စပ်နေတဲ့ နိကန္တိ ဝိညာဏ်တစ်ခု ဖြစ်တယ်တဲ့။ ဖြစ်လိုက်တော့ ဘာဖြစ်လဲ?။ အတိတ်ကိုလိုက်နေတယ်တဲ့။ ..။

ဒါကြောင့် ဒီရှင်းလင်းချက်အရ ကြည့်မယ်ဆိုလျှင်တော့ အတိတ်ကဖြစ်ခဲ့တဲ့ ခန္ဓာငါးပါး အာယတန(၁၂)ပါးတို့ အပေါ်၌ နှစ်သက်မှု နန္ဒီတရားကို ဖြစ်စေမယ်ဆိုလျှင် အတိတ်ကိုလိုက်တယ်။ ။ အနာဂတ်လည်း ပုံစံတူပါ။

လောဘတွေမှ မဟုတ်ဘူး။ ဒေါသတွေ အတိတ်ပြန်ပြန်တွေးပြီးဖြစ်နေမယ်။ "ဟိုကောင်ကို ဘယ်လိုလုပ်ခဲ့တာ... "စသည်ဖြင့် ဒေါသတွေ သောကတွေ ဗျာပါဒတွေ ပြန်ဖြစ်နေမယ် ဆိုရင်လည်း
အတိတ်ကို ပြန်နေတာပါပဲ။ အနာဂတ်လည်း ပုံစံတူပေါ့။

‘အဒွယ ဝစနံ ဗုဒ္ဓါ’ ဘုရားရှင်တို့ မည်သည်မှာ စကားနှစ်ခွ ပြောရိုးဓမ္မာတာ မရှိပါဘူး။ ဒါကြောင့် အကယ်၍များ ဘုရားရှင်ကိုယ်တော်တိုင်က အတိတ် ,အနာဂတ်မရှုကောင်းပါဘူးလို့ ဟောခဲ့မယ်ဆိုရင်ပေါ့၊ မရှုကောင်းဘူးဆိုတဲ့ ဒေသနာတော်ကတစ်ခု၊ ရှုရမယ်ဆိုတဲ့ ဒေသနာတော်ကတစ်ခု နှစ်ခုဖြစ်နေတဲ့ အချိန်အခါကြတော့ ဦးဇင်းတို့ ဘယ်ထဲကို လိုက်နာရမလဲ?။ လိုက်နာဖို့ ခက်မနေဘူးလား?။ ခက်နေတယ်။

ဒါကြောင့် ဒေသနာတော်ဟာ ယူဆတတ်ဖို့ လိုပါတယ်နော်။ ဒီနေရာမှာ ဘုရားရှင်က အတိတ်၊ အနာဂတ်၊ ခန္ဓာငါးပါးတို့ အပေါ်၌ တဏှာ၊ ဒိဋ္ဌိမဖြစ်ဖို့သာဟောနေတယ်။ ဒါဖြင့်ရင် ပစ္စုပ္ပန် ခန္ဓာငါးပါးတို့အပေါ်၌ကော တဏှာ၊ ဒိဋ္ဌိဖြစ်ဖို့ရန် မြတ်စွာဘုရားက ခွင့်ပြုသလားလို့ မေးစရာမရှိဘူးလား? ရှိနေတယ်။ ဒီအချက်နဲ့ ပါတ်သတ်ပြီးတော့ မြတ်စွာဘုရားက ဒုတိယဂါထာလေးဆက်ဟောတယ်။

“ပစ္စုပ္ပန္နဉ္စ ယော ဓမ္မံ, တတ္ထ တတ္ထ ၀ိပဿတိ၊
အသံဟီရံ အသံကုပ္ပံ, တံ ၀ိဒွါ မနုဗြူဟယေ”။
( မ။ ၃၊ ပါ ၊ ၂၂၆။ ဋ္ဌ ၊ ၁၇၂)

ဒီလိုဖွင့်ထားတယ်နော်။ ဒါဆို အတိတ်ကိုလည်း မပြန်ဘူး။ အနာဂတ်ကိုလည်း မျှော်လင့် တောင့်တမနေရအောင် ဘယ်လိုအားထုတ်နေထိုင်မလဲ...?။

ဒီတော့ ပစ္စုပ္ပန်ခန္ဓာငါးပါးကြတော့ ဘယ်လိုရှုရမလဲ?။ ဖြစ်ဆဲခဏမှာ မြင်အောင်ကြည့်ပြီးတော့ ဖြစ်ဆဲခဏမှာ အုပ်စုအလိုက် ကလာပ်လို့ခေါ်တဲ့ ရုပ်ကလာပ် နာမ်ကလာပ်အနေနှင့် ဖြစ်သွားတဲ့ ဒီတရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာရေးသုံးတန်တင်ပြီးတော့ တောမှာဖြစ်စေ၊ ရွာမှာဖြစ်စေ ဘယ်နေမှာ မှာမဆိုရှုနေပါလို့ ဒီလိုညွှ
န်ကြားပါတယ်။

အဲ့ဒီလိုရှုခဲ့မယ်ဆိုလျှင် ဘာဖြစ်မလဲ - အဲ့ဒီလို ဝိပဿနာရှုနေဆို ဒီဝိပဿနာဉာဏ်ကို တဏှာ ဒိဋ္ဌိတွေက ဘယ်လိုမှ မစွဲငင်နိုင်ဘူး။ တဏှာ ဒိဋ္ဌိကြောင့် ပျက်စီးမှုလည်းမရှိနိုင်ဘူးတဲ့ ဒီလိုဖွင့်ထားတယ်နော်။

အဲ့ဒီတော့ လက်ရှိ ပစ္စပ္ပန်အချိန်မှာလောဘ ဒေါသတွေနဲ့ အတိတ်ကို ပြန်နေတဲ့စိတ်၊ အနာဂတ်ကို မျှော်လင့်တောင့်တနေတဲ့စိတ်တွေ ပေါ်လာပြီဆို... ထိုထိုဖြစ်ဆဲခဏဖြစ်နေတဲ့ လောဘ ဒေါသတရားတွေကို လက္ခဏာရေးသုံးတန်တင်ပြီး ဝိပဿနာရှုလိုက်ပါတဲ့။

အကယ်၍များ မိမိက ဝိပဿနာပိုင်းအားထုတ်နေတာမဟုတ်ဘူးဆိုရင် မိမိရောက်ဆဲ ရှုဆဲ ဘာဝနာကမ္မဋ္ဌာန်းတစ်ခုခုကို သတိကပ်ပြီး ဆင်ခြင်လိုက်မယ်ဆိုရင် အတိတ်ကိုပြန်နေတဲ့ အနာဂတ်ကို မျှော်လင့် တောင့်တနေတဲ့ လောဘ ဒေါသတရားတွေ မိမိသန္တာန်မှာ ဖြစ်အုန်းမလား?။ မဖြစ်တော့ဘူး။ ဒီလို လောဘ ဒေါသတွေနဲ့ အတိတ်ကိုပြန်ခြင်း အနာဂတ်ကို မျှော်လင့်တောင့်တခြင်းကြောင့် ပူလောင်မှုတွေ ငြိမ်းအေးမသွားဘူးလား?။ ငြိမ်းအေးသွားမယ်။

လောဘ ဒေါသနဲ့ အတိတ် အနာဂတ်မှာ တည်နေတဲ့ မိမိစိတ်ကို ကုသိုလ်ဘက်ရောက်အောင် သမထ ဝိပဿနာ ဘာဝနာတစ်မျိုးမျိုးဖြင့် ပစ္စုပ္ပန်အချိန်ကာလမှာ ရှုမှတ်ပွားများပေးရမယ်။ ဒါကိုပဲ ပစ္စုပ္ပန် ဖြစ်ဆဲခဏမှာ သတိကပ်ရှုပွား သုံးသပ်နေတာကိုဘဲ ပစ္စုပ္ပန်တည့်တည့်ရှုပွား သုံသပ်ရမယ်လို့ ဘုရားရှင်က ဆိုလိုရင်း ဖြစ်ပါတယ်။

အတိတ်ကို ပြန်နေတဲ့ အနာဂတ်ကို မျှော်လင့်နေတဲ့ ကုသိုလ်စိတ် အကောင်းအုပ်စုနာမ်တရားတွေပဲဖြစ်စေ၊ လောဘ ဒေါသစတဲ့ မကောင်းအုပ်စု နာမ်တရားတွေပဲဖြစ်စေ ပစ္စုပ္ပန်ခဏ ထိုထိုဖြစ်ဆဲခဏ၌ ဝိပဿနာရှုပွား သုံးသပ်မှုကို ပြုရမယ်လို့ ဘုရားရှင်က အနှစ်ချုပ်ဆိုလိုရင်း ဖြစ်ပေတယ်။

"ဖားအောက်တောရဆရာတော်ကြီး"
(နိဗ္ဗာနဂါမိနိပဋိပဒါ- ပ တွဲ, ဘဒ္ဒေကရတ္တသုတ် စသော တရားဟောစဉ်များမှ စီလျော်အောင်ပြန်ဆိုထားပါသည်)
Credit; Ashin Nanissara

No comments:

Post a Comment