Choose Fonts Here

Sunday, March 17, 2019

နိဗ္ဗာန်သို့သွားရာ မဇ္ဈိမပဋိပဒါလမ်း
•••••••••••••••••••••••••••••••
ယောဂါဝစရပုဂ္ဂိုလ်သည် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟ-
ဉာဏ်ဟူသော ဉာဏ်နှစ်ပါးတို့ကို ရရှိသောအခါ ထိုထို အ၀ိဇ္ဇာစသော အကြောင်းတရားတို့၏ ညီညွတ်မှုကို အစွဲပြု၍ ထိုထိုသင်္ခါရစသော အကျိုးတရားတို့၏ အကြောင်းနှင့် အကျိုး ဆက်နွယ်လျက် မပြတ်မစဲ ဖြစ်နေမှုကို သမ္မာဒိဋ္ဌိဉာဏ်ပညာဖြင့် ကိုယ်တိုင်မျက်မှောက် ထွင်းဖောက် သိမြင်လာ၏။

ယင်းသို့ သိမြင်သောအခါ ထိုယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်သည် သဿတဒိဋ္ဌိ၊ဥစ္ဆေဒဒိဋ္ဌိဟု ခေါ်ဆိုအပ်သော အစွန်းနှစ်ဘက်သို့ မကပ်ရောက်တော့ဘဲ မိမိ မိမိတို့၏ ဆိုင်ရာဆိုင်ရာ အကြောင်းတရားအပေါင်းတို့ကြောင့် ယင်းအကြောင်းတရားတို့နှင့် လျော်ညီသော အကျိုးတရားတို့၏ ဖြစ်ခြင်းကို ဖော်ပြနေသော ဘုရားရှင် ညွှန်ကြားထားတော်မူသည့် မဇ္ဈိမပဋိပဒါလမ်း ပေါ်သို့ ရောက်ရှိသွားပေ၏။

နိဗ္ဗာန်သို့သွားရာ မဇ္ဈိမပဋိပဒါလမ်းဟူသည်ကား...
၁။ အ၀ိဇ္ဇာစသော အကြောင်းတရားတို့ကိုလည်းကောင်း၊
၂။ သင်္ခါရစသော အကျိုးတရားတို့ကိုလည်းကောင်း၊
၃။ အ၀ိဇ္ဇာစသော အကြောင်းတရားနှင့် သင်္ခါရစသော အကျိုးတရားတို့၏ ကြောင်း-ကျိုးဆက်နွယ်မှု သဘောတရားကိုလည်းကောင်း သိရှိလာသောအခါ ယင်းအကြောင်းတရားအပေါင်း အကျိုးတရားအပေါင်းတို့ကို လက္ခဏာယာဉ် သုံးချက်သို့တင်၍ တွင်တွင်ကြီး ၀ိပဿနာရှုရသော လမ်းတည်း။

ယင်းသို့ ၀ိပဿနာမရှုခဲ့သော် မရှုနိုင်ခဲ့သော် ယင်းအကြောင်းတရားနှင့် အကျိုးတရားတို့သည် မပြတ် ဆက်စပ်လျက် အထပ်ထပ် ဖြစ်မြဲ ဖြစ်နေမည်သာ ဖြစ်ကြ၏။ ယင်းသို့ ဖြစ်နေမှုကို ပ၀တ္တိဒုက္ခဟု ခေါ်ဆိုပေသည်။

ယင်းပ၀တ္တိဒုက္ခ အမည်ရသော အကြောင်းတရား အကျိုးတရားတို့၏ မပြတ်ဖြစ်နေမှုသည် သို့မဟုတ် မပြတ်ဖြစ်အောင် ကြိုးစား အားထုတ်မှုသည် ကုမ္မဂ္ဂ
အမည်ရသော နိဗ္ဗာန်သို့သွားရာ မဇ္ဈိမပဋိပဒါလမ်းမှ တိမ်းစောင်း လွဲချော်နေသော၊ မဇ္ဈိမပဋိပဒါလမ်းနှင့် ထိပ်တိုက် ဆန့်ကျင်ဘက်ဖြစ်သော ခရီးကောက် ခရီးလွဲပင်တည်း။ သံသရာ၏ အစီးအပွား အပါယ်၏ အစီးအပွားသာတည်း။

အကယ်၍ အသင်သူတော်ကောင်းသည် အတိတ်အဆက်ဆက်မှသည် အနာဂတ်ဆုံးသည်တိုင်အောင် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၏ အတွင်း၌ အ၀ိဇ္ဇာ သင်္ခါရစသော အကြောင်းတရားအဆက်ဆက် အကျိုးတရား အဆက်ဆက်တို့ကို လက္ခဏာရေး သုံးတန်တင်ကာ တွင်တွင်ကြီး ၀ိပဿနာရှုနိုင်ပါမူကား ယင်းအကြောင်းတရား အကျိုးတရားတို့အပေါ်၌ "ငါ့ဟာ၊ ငါ ၊ ငါ၏ အတ္တ"ဟု အစွဲကြီး စွဲနေသည့် တဏှာစွဲ မာနစွဲ ဒိဋ္ဌိစွဲတို့သည် ပြိုကွဲ ပျက်စီးသွားကြမည် ဖြစ်၏။

ထိုကြောင့် ဤကဲ့သို့ ဝိပဿနာရှုနေခြင်းသည် မဇ္ဈိမပဋိပဒါလမ်းပေါ်သို့ ဣနြေ္ဒရရ ဂုဏ်သိက္ခာရှိရှိဖြင့် တည်ငြိမ်စွာ လျှောက်သွားနေခြင်းပင် ဖြစ်ပေသည်။ ထိုကဲ့သို့
မဇ္ဈိမပဋိပဒါလမ်းပေါ်သို့ ကောင်းကောင်းကြီး တွင်တွင်ကြီး မနေမနားလျှောက်သွားနိုင်ပါမူကား အသင်သူတော်ကောင်း လိုလားတောင့်တနေသော နိဗ္ဗာန်သို့ကား ဣနြေ္ဒရင့်ကျက်စုံညီသော တစ်နေ့တွင် ဆိုက်ရောက်
ရမည်သာ ဧကန် ဖြစ်ပေသတည်း။

"ဖားအောက်တောရဆရာတော် “
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment