Choose Fonts Here

Sunday, March 17, 2019

သရဏဂုံ ညှိုးနွမ်း ပျက်စီးကြောင်း (အပိုင်း-၁)(၂)(၃)
••••••••••••••••••••••••••••••••••••••••
သရဏဂုံဆိုတာဘာလဲဆိုတော့.. ဘုရားရတနာ တရားရတနာ သံဃာရတနာဆိုတဲ့ ရတနာမြတ်သုံးပါးကိုသာပင် ကိုးကွယ်အားထားရာဟူ၍ ဆည်းကပ်ကိုးကွယ်ခြင်းကို ခေါ်ဆိုပါတယ်။ ဒီလို တန်ဖိုးရှိတဲ့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေရခြင်းမှာ ဘုန်းကြီးတို့ အတွက် အလွန်ဘုန်းကံကြီးမားတယ်လို့ ပြောလို့ရပါတယ်။ ဒီမှာ မိထွေးတော် ဂေါတမီ ပရိနိဗ္ဗာန်စံခါနီး ဟောသွားတဲ့ ဂါထာလေးတစ်ခု ရှိပါတယ်။

“မဓုရာနိ ပဟဋ္ဌာနိ ဒေါသဂ္ဃါနိ ဟိတာနိစ၊ ယေ တေ ဝါကျာနိ သုယျန္တိ တေပိဓညာ နရုတ္တမ”
(ထေရီ၊ အဋ္ဌ။ ၁၅၂)

“အလွန်အပြစ်ကင်းစင်ပြီးတော့ ချိုမြိန်ကောင်းမြတ်တဲ့ ဘုရားရှင်ရဲ့ တရားစကားတွေကို အကြင်ပုဂ္ဂိုလ်တို့သည် နာကြားခွင့်ရကြတယ်။ ထိုနာကြားခွင့် ရကြသော ပုဂ္ဂိုလ်တို့သည် ဘုန်းကံကြီးမားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်”တဲ့။ ရှေးရှေ့က ပါရမီဘုန်းကံနည်းခဲ့ရင် မရှိခဲ့ရင် ဒီလိုတရားတွေကို နာကြားခွင့် ရနိုင်ပါ့မလား?၊ မရနိုင်ပါဘူး။ နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို နာကြားခွင့် ရနိုင်တဲ့ ပါရမီမျိုးစေ့ရှိနေတဲ့ သူတော်ကောင်းတွေမှ သာလျှင် နာကြားခွင့်ရတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဘုန်းကြီးကြီးမားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်တဲ့။ ဒီတော့ မိမိတို့က ဘုန်းကံကြီးမားတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်နေပြီး ဘုန်းကံနည်းပါးအောင် လုပ်သင့်သလား?။ ဘုန်းကံကြီးရာက နည်းအောင်မလုပ်သင့်ပါဘူး။ ဒီလောက်တောင် အဆင့်မြင့်နေတဲ့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်နေရာကနေ ပုံစံလေးတွေ မပြောင်းလဲစေချင်လို့ ဒီတရားကို ဟောနေရတာပါ။

ဒီတော့ ရတနာသုံးပါးတော့ ကိုးကွယ်ဆည်းကပ်ပါတယ်။ ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကို မသိတော့ သရဏဂုံညိုးနွမ်းကြောင်းတွေ လုပ်မိပြီ။ ဘုရားရှင်တော့ ကိုးကွယ်ဆည်းကပ်ပါတယ်။ သံဃာကိုလည်း ကိုးကွယ်ဆည်းကပ်တယ် ဘာမှန်းညာမှန်းမသိဘူး။ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို မသိဘဲ မိမိတို့က ကိုးကွယ်ဆည်းကပ်ခဲ့ရင် ညစ်နွမ်းပြီး ဖွေးဖွေးဖြူအရောင်တစ်လက်လက်တောက်ပမှု မရှိတော့ဘူး။ ကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့ အကျိုးတွေလည်း မရရှိတော့ဘူး။ ရတနာသုံးပါးရဲ့ သိသင့်သိထိုက်တဲ့ ဂုဏ်ကျေးဇူးကိုလည်း သိထားဖို့ လိုအပ်ပါတယ်။

နောက်တစ်ခု သံသယရှိနေရင်လည်း ဒီသရဏဂုံသည် ညစ်နွမ်းသွားတယ်။ တစ်ချိန်တုန်းက အင်္ဂလိပ်လက်ထက်ကာလက မုံရွာက ဇောက်ထိုးဆိုတဲ့ သူတစ်ရောက်က သီတင်းစာမှာနဲ့ တူပါတယ် ဆောင်းပါးတစ်ခု ရေးခဲ့ဖူးတယ်။ သဗ္ဗေညုတဉာဏ်ဆိုတာ ရှိပါသလားတဲ့။ တစ်ပြည်လုံးပွတ်ပွတ်ရိုက်သွားတယ်။ ဒါဘာဖြစ်တာလဲ ?။ သံသယရှိတာ။ သဗ္ဗေညုတဉာဏ်ဆိုတာ ရှိမှု မရှိမှုကို သူ့မှာ သံသယရှိတယ်။

အဲ့ဒီလို သံသယရှိတေတဲ့ ပုဂ္ဂိုလ်တစ်ဦးက ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခဲ့မယ်ဆိုရင် သူ့ရဲ့ သရဏဂုံသည် ညစ်နွမ်းသွားပြီ။ တောက်ပြောင်နေတဲ့ သရဏဂုံတစ်ခု မဖြစ်တော့ဘူး။ မတောက်ပြောင်တဲ့အတွက် ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းဆိုတဲ့ အကျိုးတရားလည်း မရရှိတော့ဘူး။ သံသယဆိုတာ လုံးလုံးကြီးမရှိရဘူးလို့ မဆိုလိုပါဘူး။ ရှိခဲ့ရင်လည်း ဆရာသမားတွေထံ ချဉ်းကပ် ဆွေးနွေးမေးမြန်းပြီး ပယ်ဖျောက်ပြစ်ရတယ်။ တစ်ခါတစ်ရံမှာ ဆွေးနွေးမေးမြန်းပေမယ့် ပြဿနာလေးတွေ ရှိတတ်ပါတယ်။ စက်ဘီးဘယ်လို စီးတတ်မလဲ၊ ရေဘယ်လိုကူးမလဲ ဆရာသမားက သေချာသင်ပေးပေမယ့် ကိုယ်တိုင်လက်တွေ့ မလေ့ကျင့်ရင် တတ်ပါ့မလား?။ ဒီတော့ လက်တွေ့ ကျင့်ကြည့်ဖို့လည်း လိုအပ်ပါတယ်။ သူများအပြောနဲ့ စက်ဘီးစီးတတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာဖို့ ခက်ခဲပါတယ်။

ဒီလို ပုံစံအတိုင်း ရတနာသုံးပါးနဲ့ ပါတ်သတ်လို့ လက်တွေ့မှ ဖြေရှင်းလို့ ရတာလေးတွေလည်း ရှိပါတယ်။ ဥပမာ ငရဲ ရှိပါသလား။ နတ်ပြည်ရှိပါသလား။ ၃၁ ဆိုတာရှိရဲ့လား။ ပြိတ္တာတွေဘာတွေ ရှိတယ်ဆိုတာဟုတ်ရဲ့လား။ 'တို့တော့ မမြင်တော့ တယ်မယုံပါဘူး။' ၃၁ဘုံဆိုတာ ဘုရားများဟောခဲ့ ရဲ့လား။ တစ်ချိန်တုန်းက တောနေစ သထုံမှာ ဝါကပ်တဲ့နှစ်က တက္ကသိုလ်ဒုတိယနှစ်တက်နေတဲ့ ကျောင်းသားလေးတစ်ဦးက စာလေးတစ်စောင်နဲ့ ‘တပည့်တော်အခု မန္တလေးတက္ကသိုလ်မှာ တက်နေပါတယ်၊ သံသယတွေ ဝင်နေတယ်ဘုရား ၃၁ဘုံဆိုတာ အထင်အရှားရှိရဲ့လား။ ၃၁ဘုံထင်ရှားရှိတယ် ဆိုတဲ့ ကျမ်းဂန်စာပေ တကယ်ထင်ရှားရှိတာ ဟုတ်ပါ့မလား’တဲ့။ သံသယတွေ ရှိလာပြီ။ ဘုရားဟောတာပြောတော့လည်း သူကတစ်ဆင့်တက်ပြီး စဉ်းစားလာတယ်။ ‘ဒါတွေက ဗြဟ္မဏဝါဒက ကူးလာတာနဲ့ တူပါတယ် မဟုတ်ဘူးလား’တဲ့။ ဖြစ်ပြီ။ ဗြဟ္မဏဝါဒက ကူးလာတယ်လို့ သူ့ကို ဘယ်သူကပြောလဲ။ သူထက်နည်းနည်း ကလိန်ဉာဏ်ကျတဲ့ သူကပြောလိုက်တာပါ။ ဟိန္ဒူစာပေတွေ ကြည့်လိုက်ပြန်တော့ ဒီစာတွေကပါနေတယ်။ ဧကန္တ ဟိန္ဒူစာပေထဲက ဗုဒ္ဓဘာသာက ကူးချထားတာနဲ့ တူတယ်။

ဒီတော့ ဗုဒ္ဓဘာသာက ဟိန္ဒူစာထဲက ကူးချသလား၊ ဟိန္ဒူဘာသာက ဗုဒ္ဓဘာသာသာစာပေထဲက ကူးချသလားဆိုတာ သူ့မှာ ဆန်းစစ်နိုင်တဲ့ စွမ်းအင်ရှိသလား?၊ မရှိပါဘူး။ ဒီလို သံသယတွေကို ဖြေရှင်းချင်တယ်ဆိုရင် တကယ်လက်တွေ့ ကျင့်ကြည့်ပါ။ ဒါဘုန်းကြီးက ပြောချင်ပါတယ်။ ဆရာသမားတွေနဲ့ တကယ်မေးမြန်းလို့ မပြေလည်နိုင်တာတွေ ရှိနေပါတယ်။ သိပ္ပံနည်း ဘာနည်းညာနည်းတွေ လုပ်မနေပါနဲ့။ သိပ္ပံက ဖြေရှင်းလို့ မရသေးတဲ့ အချက်တွေ တကယ်လောကမှာ ရှိနေပါသေးတယ်။ ကိုယ်ကိုတိုင် လက်တွေ့ ကျင့်ကြည့်မှ သိနိုင်မယ့် အပိုင်းတွေ ရှိနေပါတယ်။ ဒီလို ဘုရားဟောကို သံသယရှိနေမယ်ဆို မိမိတို့၏ သရဏဂုံဟာ တောက်ပြောင်၍ မလာနိုင်ပါဘူး။ လက်တွေ့ ရှိ၏ မရှိ၏ကိုတော့ ကိုယ်တိုင်လက်တွေ့ ကျင့်ကြည့်မှ သိလာနိုင်မယ့် သဘောရှိနေပါတယ်။


ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးတို့ကိုလည်း ဟုတ်တိုင်းမှန်စွာ မသိခဲ့ရင်၊ သံသယစိတ်တွေများနေခဲ့ရင်လည်း သရဏဂုံညိုးနွမ်းစေပါတယ်။ ဒီနေရာမှာ နောက်တစ်ခုက မိစ္ဆာဉာဏတဲ့ မိစ္ဆာဉာဏ်နီဉာဏ်နက်တွေများ နေရင်လည်း သရဏဂုံညိုးနွမ်းစေပါတယ်။ မိစ္ဆာဉာဏ်ဆိုတာက ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးတွေရှိတယ်။ ဒီ ဂုဏ်ကျေးဇူးတွေကို “အဂုဏ” ဂုဏ်ကျေးဇူးမဟုတ်တဲ့ အနေနဲ့ သူကကြံစည်တွေးခေါ်တယ်။ ဘုရားရှင်သည် သဗ္ဗေညုတဉာဏ်ကို ရတော်မူတယ်၊ ခပ်သိမ်းသောတရားတွေကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကိုတိုင်မျက်မှောက် ထွင်းဖောက်သိမြင်တော်မူတယ်။ “ဒီ သဗ္ဗေညုတဉာဏ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။” အခုလို ကြံဆပါတယ်။ ဉာဏ်နီဉာဏ်နက်တွေနဲ့ ပြောင်းပြန်ပြီးတော့ ယူတယ်။ ထင်ရှားတာတစ်ခု ဆိုရင်တော့ လူသေရင် လူဖြစ်တယ်ပေါ့။ ဒါဟာ ဉာဏ်နီဉာဏ်နက်တစ်မျိုးဘဲ။ လူသေရင် လူဖြစ်ပါတယ်ဆိုတာက ပဋိစ္စသမုပ္ပါဒ်ကြောင်းကျိုးဆက်နွယ်မှု သဘောတရားတွေကို သူက ပြန်ပြီးတော့ ငြင်းနေပါတယ်။ ‘အသင်လူသား ဘာမှား နေသလဲ’ဆိုတဲ့ စာအုပ်လေးတစ်အုပ် ထွက်လာပါတယ်။ အတိတ်က အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါရ ကံ လို့ ခေါ်ဆိုတဲ့ အတိတ်အကြောင်းတရားငါးပါးကြောင့် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတာ အကျိုးတရားထင်ရှားဖြစ်ပုံ၊ ဒီဘဝပြုစု ပျိုးထောင်နေတဲ့ ကံတွေကြောင့် နောင်အနာဂတ်မှာ ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတာ အကျိုးတရားထင်ရှားဖြစ်ပုံဆိုတဲ့ ကြောင်းကျိုးဆက်နွယ်ပုံကို ရေးတဲ့ကျမ်းစာ။ လူသေရင်လူဖြစ်ပါတယ်ဆိုတဲ့ ယုံကြည်ချက်ရှိနေတဲ့ ပုဂ္ဂိုလ်က ဒီလိုကျမ်းစာမျိုး ရေးသင့်သလား?။ မရေးသင့်ဘူး။ ရေးလည်းရေးနေတယ်။ ဒါဟာ မဖြောင့်ဘူးဆိုတာ ထင်ရှားနေတယ်။ ဒါဟာ မိစ္ဆာဉာဏ်နီဉာဏ်နက်ဘဲ။ ဘုရားရှင်က လူသေရင် လူဘဲပြန်ဖြစ်ပါတယ်လို့ အတိအကျ မဟောပါဘူး။

ဘုရားရှင်က လားရာ ဂတိငါးတန်ဟောထားပါတယ်။ သေပြီးတဲ့ အခါ ငရဲရောက်သူလည်းရှိမယ်။ ပြိတ္တာဘုံဘဝ ရောက်သူလည်းရှိမယ်။ တိရစ္ဆာန်ရောက်တဲ့ သတ္တဝါတွေလည်းရှိတယ်။ လူပြန်ဖြစ်တာလည်း ရှိတယ်။ နတ် ဗြဟ္မာ ဖြစ်တာလည်းရှိတယ်။ “မနုဿဂတိ၊ ဒေဝဂတိ၊ နိရယဂတိ၊ တိရစ္ဆာနဂတိ၊ ပေတ္တိဂတိ” ဆိုပြီး ဂတိငါးတန်ဟောထားပါတယ်။(ဒီ၊၃။၁၉၅)

ဒီလို ဂတိငါးတန်ကို ကျော်လွှားလွန်မြောက်ပြီး နိဗ္ဗာန်ကို အပြီးစံဝင်သွားတဲ့ ရဟန္တာအရှင်မြတ်တွေ ရှိတယ်ဆိုတာလည်း ဘုရားရှင်က အတိအကျ ဟောထားပါတယ်။ လူသေရင်လူသာပြန်ဖြစ်တယ်ဆိုတဲ့ ဝါဒ ဗုဒ္ဓအဘိဓမ္မာမှာ မရှိပါဘူး။ အဲ့ဒီလို ဘုရားရှင်ရဲ့ တရားတော်ဂုဏ်ကျေးဇူးတွေကို မိစ္ဆာအယူဝါဒတွေနဲ့ ဖောက်ပြန်ပြီး ပြောင်းပြန်လှန်ရေးတယ်။ ဒီလို ပုဂ္ဂိုလ်ရဲ့ သရဏဂုံသည် အရောင်ပြိုးပြိုးပျက် တစ်လက်လက်တောက်ပမှုမျိုး မဖြစ်နိုင်တော့ဘူး။ ကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့ အကျိုးတွေ မဖြစ်နိုင်တော့ဘူး။ သရဏဂုံနှစ်မျိုးရှိပါတယ်။ လောကီ သရဏဂုံ၊ လောကုတ္တရာ သရဏဂုံလို့ ရှိရာ လောကီ သရဏဂုံက ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးကို မသိတော့ သရဏဂုံညိုးနွမ်းပါတယ်။ သံသယရှိရင်လည်းကောင်း၊ မိစ္ဆာအယူဝါဒ စသည် တွေ ရှိနေရင်လည်း သရဏဂုံညိုးနွမ်းစေပါတယ်။ ‘စသည်’ ဆိုတဲ့ စကားရပ်အနေနဲ့ ရတနာသုံးပါးတို့ အပေါ်၌ မရိုသေခြင်း မလေးစားခြင်းစသည်တို့ကို သိမ်းကြုံးရေတွက် ယူပါတဲ့။ ဒီလိုဆို ရတနာသုံးပါးတို့ အပေါ်၌ မရိုသေခဲ့ဘူး၊ မလေးစားခဲ့ဘူးဆိုလည်း သရဏဂုံညိုးနွမ်းစေပါတယ်။

မရိုသေ မလေးသားခြင်းဆိုတာ ဘာလဲ?၊ ဒီနေရာမှာ - မိမိထက် သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်ကြီးမြတ်နေတဲ့ သူကို မရိုသေမလေးမစားပြုတယ်..။ မလုပ်သင့်ပါဘူး။ စူဠကမ္မဝိဘင်္ဂသုတ္တံမှာ ဘုရားရှင်ဟောကြားထားပါတယ်။ စိတ်ဓာတ်တွေက ခက်ထန်ကြမ်းတမ်းတယ်။ မာနတွေကလည်း သိပ်ကြီးတယ်။ ရှိခိုးသင့် ရှိခိုးထိုက်သူကို မရှိခိုး၊ ခရီးဦးကြိုဆိုသင့် ကြိုဆိုထိုက်သူကို ခရီးဦးမကြိုဆို။ နေရာပေးသင့်သည့် ပုဂ္ဂိုလ်ဆို နေရာမပေး။ ခရီးလမ်းဖယ်ပေးထိုက်သူကို ခရီးလမ်းဖယ်မပေးဘူး။ မိမိထက်အသက်ကြီးသူတွေ၊ မိမိထက်ဂုဏ်သိက္ခာကြီးတဲ့ ရဟန်းသံဃာတွေနဲ့ ခရီးလမ်းမှာကြုံပြီ၊ ကြုံတော့ မိမိကလမ်းမဖယ်ပေးချင်ဘူး။ ဘာလုပ်လဲ?။ ဝင်တိုက်လိုက်တယ်။

နောက်တစ်ခု ရိုသေလေးစားထိုက်သူကို မရိုသေဘူး။ ကိုယ့်ထက် သိက္ခာကြီးတဲ့ ပုဂ္ဂိုလ်ကို ကိုယ်ကအရေးမလုပ်ချင်ဘူး။ တစ်ခါတလေ ပြောတောင် ပြောလိုက်သေးတယ်။ ထှော်လော်ကန့်လန့်ပြောပြီး ရန်တောင်ဖြစ်လိုက်သေးတယ်။ လေးစားသင့် လေးစားထိုက်သူကိုလည်း မလေးစားဘူး။ မိမိကို သင်ကြားပြသပေးတဲ့ဆရာတောင် မလေးစားဘူး။ အထူးသဖြင့် မိမိအားတရားဓမ္မသင်ကြားပြသပေးတဲ့ ဆရာသမားကို မလေးစားဘူး၊ အရေးမဆိုက်ဘူး။ နောက် မိဘနှစ်ပါးရှိတယ်။ ဦးကြီးဦးလေး ဒေါ်ကြီးဒေါ်လေးစတဲ့ မိမိထက်ကြီးတဲ့ ဆွေမျိုးသားချင်းတွေ ရှိကြတယ်။ ဘယ့်သူ့ကိုမှလည်း အရေးမဆိုက်ဘူး။ မရိုသေမလေးစားဘူးတဲ့။

နောက် မြတ်နိုးလေးစားထိုက်တဲ့ သူတော်ကောင်းတွေကို မလေးစားမရိုသေဘူး။ စဉ်းစားကြည့် စိတ်မထားတတ်တော့ ဒီနေရာမှာ အကုသိုလ်တွေ တိုးပွားပြီး မလာဘူးလား?။ တိုးပွားလာပါတယ်။ ရှိခိုးသင့် ရှိခိုးထိုက်သူကို ရှိမခိုးဘူး။ ကြိုဆိုထိုက်သူကို မကြိုဆိုဘူး။ နေရာပေးထိုက်တဲ့ ပုဂ္ဂိုလ်ကို နေရာမပေးဘူး။ လမ်းဖယ်ပေးခိုက်တဲ့ ပုဂ္ဂိုလ်ကို လမ်းဖယ်မပေးဘူး။ ရိုသေသင့် ရိုသေထိုက်သူကို မရိုသေဘူး။ လေးစားသင့် လေးစားထိုက်သူကို မလေးစားဘူး။ မြတ်နိုးလေးစားထိုက်သူကို မမြတ်နိုးဘူး။

ဒီတော့ ဒီထဲမှာ ပိုက်ဆံကုန်တာ ဘယ်နှစ်ခုပါလဲ?။ တစ်ခုမှ မပါ ပါဘူး။ ကုသိုလ်ဆိုတာ ယူတတ်ရင် ပိုက်ဆံ တစ်ပြားမှ မကုန်ဘဲ ရတဲ့ ကုသိုလ်တွေ များစွာရှိနေပါတယ်။ မြတ်နိုးပူဇော်ထိုက်သူတွေကို မလေးစားဘဲ၊ မြတ်နိုးမပူဇော်ထိုက်သူတွေကိုတော့ သူသွားမြတ်နိုးပူဇော်ချင် မြတ်နိုးမယ်။ ပူဇော်ချင် သူသွားပူဇော်နေလိမ့်မယ်။ ပူဇော်သင့် ပူဇော်ထိုက်သူကို အာမိသပူဇာ၊ ဓမ္မပူဇာဆိုပြီး နှစ်မျိုးရှိတဲ့ထဲက အာမိသပူဇာခေါ်တဲ့ ပစ္စည်းလေးပါးနှင့်ပူဇော်တာထက် ဓမ္မပူဇာခေါ်တဲ့ တရားနှင့် ပူဇော်တာကိုတော့ ဘုရားရှင်နှစ်ခြိုက်ပါတယ်။ မိမိပူဇော်သင့် ပူဇော်ထိုက်သူရဲ့ တရားစကားကို လိုက်နာပြုကျင့်တာကို တရားနှင့် ပူဇော်တယ်ခေါ်ပါတယ်။ ဒီလိုဘဲ ဘုရားရတနာခေါ်တဲ့ ဘုရားရှင်အားပူဇော်တယ်ဆိုတာ ဘုရားရှင်ဆုံးမသွန်သင်တဲ့ တရားရတနာဆိုတဲ့ တရားစကားအကျင့်မြတ်တရားကို လိုက်နာတာ ဘုရားကိုပူဇော်တယ် မည်ပါတယ်။ ဓမ္မပူဇာကပို၍ အဆင့်မြင့်ပါတယ်။ မိမိတို့အား သံသရာဝဋ်ဆင်းမှ လက်ဆင့်ကမ်း သင်ကြားပြသပေးနေတဲ့ အရိယာသံဃာတော်ကို ပူဇော်တယ်၊ ချီးမြှောက်တယ်။

ဒီလို ရတနာသုံးပါးတို့ အပေါ်၌ ပူဇော်သူသည် -အကျိုးကျေးဇူး အနေနဲ့ (၁ဝ)ပါး ရှိပါတယ်။ ပုံစံလေးတစ်ခု အနေနဲ့ နတ် ဆိုကြပါစို့ -
(၁) နတ်၌ ဖြစ်သော သက်တမ်းစေ့ နေရခြင်း၊ (၂) အဆင်းလှခြင်း၊ (၃) ချမ်းသာကြွယ်ဝခြင်း၊ (၄) အခြွေအရံ ပေါများခြင်း၊ (၅) အကြီးအကဲ ဖြစ်ခြင်း၊ (၆) နတ်၌ ဖြစ်သော ရူပါရုံ၊ (၇) နတ်၌ ဖြစ်သော သဒ္ဒါရုံ၊ (၈) နတ်၌ ဖြစ်သော ဂန္ဓာရုံ၊ (၉) နတ်၌ ဖြစ်သော ရသာရုံ၊ (၁ဝ) နတ်၌ ဖြစ်သော ဖောဋ္ဌဗ္ဗာရုံတို့အား သာလွန်စွာ ရရှိခြင်း ဒီအကျိုးတရားတွေကို ရရှိနိုင်ပါတယ်။ ဒီလို ရတနာသုံးပါးတို့ အပေါ်၌ ပူဇော်သူသည် အမြတ်ဆုံးသော မဂ်ဖိုလ်ကို ရရှိနိုင်တယ်တဲ့။ (သံ၊၂။၄၆၇)

ဒါဆို ရိုသေထိုက်သူကို ရှေးကပြောခဲ့သလိုဘဲ ရတနာသုံးပါးတို့ အပေါ်၌ မလေးစားဘူးတဲ့။ ဒီအကုသိုလ်ကံက သေခါနီးကာလမှာ အကျိုးပေးဖို့ ဖြစ်ပေါ်လာပြီဆိုရင် ဒီသူဘယ်ရောက်မလဲ?။ ငရဲရောက်မယ်တဲ့။ အကယ်၍ ငရဲမရောက်ဘူး ဒါမှမဟုတ် ငရဲကလွတ်လာပြီဘဲထား။ လူ့ပြည်လူ့လောကသို့ တစ်ဖန် ပဋိသန္ဓေနေရပြီ လူ့ဘဝကို ရရှိပြီ။ ဒီသူဘယ်မှာ သွားဖြစ်လဲ၊ အမျိုးယုတ်တဲ့ လူ့ဘဝကို ရရှိပါတယ်။ ဘာဖြစ်လို့လဲ၊ ကိုယ့်စိတ်ထားက ကိုယ့်ကို ပြန်နှိပ်ချလိုက်တာပါပဲ။ ကိုယ်ကသူများကို မရိုမသေနိမ့်ချလိုက်တယ်။ ထိုသူကနိမ့်ချင်လည်း နိမ့်သွားမယ်၊ မနိမ့်ချင်လည်းမနိမ့်ဘူး သို့သော် မိမိကတော့ နိမ့်ကျသွားဖို့ ကျိန်းသေနေပါတယ်။ တစ်ချိန်ဒီကံက အကျိုးပေးပြီဆို အထက်တန်းမှာ မနေရဘူး အောက်တန်းမှာသာနေရပ်တယ်။

ဒါကြောင့် သူတော်ကောင်းဖြစ်ချင်သူတွေ မာနကြီးသင့်သလား?။ ဒေါသကြီးသင့်သလား?။ “ငါ့မာနက လူများနဲ့ မတူဘူး၊ ငါ့ဒေါသက သူများနဲ့ မတူဘူး” ဒီလိုလူမျိုးတွေ လောကမှာ မရှိဘူးလား၊ ရှိနေပါတယ်။ သတိရှိဖို့တော့ လိုအပ်နေပါတယ်။ ဒီလို ပုဂ္ဂိုလ်ရဲ့ သရဏဂုံသည် အရောင်ပြိုးပြိုးပျက် တစ်လက်လက်တောက်ပမှုမျိုး မဖြစ်နိုင်တော့ဘူး။ ကြီးကျယ်ဖွံ့ဖြိုးများမြတ်တဲ့ အကျိုးတွေ မဖြစ်နိုင်တော့ဘူး။


လောကီသရဏဂုံ လေးမျိုးရှိပါတယ်။ ရတနာသုံးပါးတို့အား မိမိကိုယ်ကို အပ်နှင်း လှူဒါန်းခြင်း၊ ကိုးကွယ်မှီခိုရာအဖြစ် ဆည်းကပ်ခြင်း၊ တပည့်အဖြစ် ခံယူဆောက်တည်ခြင်း၊ အလွန်အမင်း ရိုသေစွာ ရှိခိုးခြင်း ဆိုပြီး လေးမျိုးရှိပါတယ်။ လောကီသရဏဂုံ ညှိုးနွမ်းကြောင်းပြီးတော့ လောကီသရဏဂုံပျက်စီးကြောင်း ကို ထပ်ပြောပါမယ်။

လောကီသရဏဂုံ ပျက်စီးကြောင်း နှစ်မျိုးရှိပါတယ်။ ဘယ်အခါမှာ ပျက်စီးသလဲ?၊ အပြစ်ရှိတဲ့ ပျက်စီးခြင်း၊ အပြစ်မရှိတဲ့ ပျက်စီးခြင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲ့ဒီနှစ်မျိုးထဲက အပြစ်ရှိတဲ့ ပျက်စီးခြင်းက - ရတနာသုံးပါးရဲ့ အပြင်ဘက်မှာ ရှိနေတဲ့ ဂိုဏ်းဆရာအသီးသီးကို မိမိကိုယ်ကို အပ်နှင်း လှူဒါန်းတယ်၊ ကိုးကွယ်မှီခိုရာအဖြစ် ဆည်းကပ်တယ်၊ တပည့်အဖြစ် ခံယူဆောက်တည်တယ်၊ အလွန်အမင်း ရိုသေစွာ ရှိခိုးတယ်။ ဒီလိုဆို မူလဆောက်တည်ထားတဲ့ သရဏဂုံပျက်စီးသွားပါတယ်။

ဒီတော့ ရတနာသုံးပါး ပြင်ဘက်မှာ ရှိနေတယ်ဆိုတော့ ပြန်စဉ်းစားကြည့် တစ်ခြားတစ်ခြား ဘာသာရေးဆရာကြီးတွေလည်း မပါဘူးလား?၊ အထက်ဆရာကြီးတွေကော မပါဘူးလား?။ ပါနေပါတယ်။
ဒီနေရာမှာ သရဏဂုံပျက်စီးကြောင်း လေးမျိုးရှိပြန်ပါတယ်။
၁။ ဘာသာပြောင်းခြင်း၊
၂။ ဂိုဏ်းဆရာကြီးများအားကိုးကွယ်ခြင်း၊
၃။ နတ်ကိုးကွယ်ခြင်း၊
၎။ ဝေဒကျမ်း ဗေဒင်စသည်ကို အလွန်အမင်း ယုံကြည်ခြင်း ဆိုပြီးရှိပါတယ်။

နံပါတ်(၁)က ဘာသာပြောင်းရွေ့သွားပြီဆိုတော့ မိမိတို့ မူလကိုးကွယ်ဆည်းကပ်နေတဲ့ ရတနာသုံးပါးကို ကျောခိုင်းပြီးတော့ အခြားအခြားသော ဘာသာထဲဝင်သွားမယ်။ အဲ့ဒီက ဆရာအသီးသီးကို ကိုးကွယ်ရာအဖြစ် မိမိကိုယ်ကို အပ်နှင်း လှူဒါန်းလိုက်မယ်၊ ကိုးကွယ်မှီခိုရာအဖြစ် ဆည်းကပ်မယ်၊ တပည့်အဖြစ် ခံယူဆောက်တည်မယ်၊ အလွန်အမင်း ရိုသေစွာ ရှိခိုးမယ်…။ မူလဆောက်တည်ထားတဲ့ အလွန်အဖိုးတန်တဲ့ သရဏဂုံဟာ အလိုလိုပျက်စီးသွားပါတယ်။

နံပါတ်(၂)က အထက်ဂိုဏ်းဆရာကြီးများကို အလွန်အမင်း ကိုးကွယ်ဆည်းကပ်ခြင်းတဲ့။ ဒီတော့ ဒီဝိဇ္ဇာဓိုရ်တွေကို စာပေနယ်မှာ ရှိပါသလားလို့ မေးကြပါတယ်။ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ လာရှိတာတော့ ရှိတယ်၊ မန္တာန်ကို မန်းမှုတ်ပြီးတော့ ကောင်းကင်ပြန်တဲ့ ဝိဇ္ဇာဓိုရ်တွေပေါ့။ ဇာတ်တော်လေးတစ်ခု ရှိတယ် “ဝိဇ္ဇာဓရဇာတ်”ဆိုတာ၊ ဒီဇာတ်တော်မှာ ဝိဇ္ဇာဓိုရ်တစ်ဦးပေါ့ နန်းတွင်းမှာ မိဖုရားတစ်ဦးကို ညအချိန်မတော်ဆို လာလာပြီးတော့ ဆောင်တော်ကူးနေတယ်။ မိဘုရားကြီးကလည်း ရှင်ဘုရင်သာသိသွားရင် ပြဿနာပေါ်လိမ့်မယ်ဆိုပြီး အကျိုးအကြောင်း ရှင်ဘုရင်ကို လျှောက်ထားလိုက်ပါတယ်။ ဒီတော့ ရှင်ဘုရင်က မိဖုရားကို ဒီပုဂ္ဂိုလ်လာခဲ့ရင် အမှတ်အသားလုပ်လိုက်ပါ။ ဘယ်လိုလုပ်လဲ?၊ လက်ငါးချောင်းနဲ့ ဟင်္သာပြဒါး(ဟိဂုင်္လိ)လက်ငါးချောင်းရာ အမှတ်အသားပေးစေပါတယ်။ ညအခါ ဒီပုဂ္ဂိုလ်ရောက်လာတော့ မိဖုရားရှိကလည်း ရှင်ဘုရင်ခိုင်းသည့်အတိုင်း ဟင်္သာပြဒါးလက်ငါးချောင်းရာ ကြောမှာ ပေးလိုက်ပါတယ်။ မနက်လင်းတော့ မှူးကြီးမတ်ရာတွေကို ကြောကုန်းမှာ ဟင်္သာပြဒါးလက်ငါးချောင်းရာရှိတဲ့ ပုဂ္ဂိုလ်ကို ရှာစေပါတယ်။ ဘယ်မှာသွားတွေ့လည်းဆိုတော့ သုဿာန်မှာ သွားတွေ့ပါတယ်။ သုဿာန်မှာ သူဘာလုပ်နေလည်းဆိုတော့ ခြေတစ်ချောင်းနဲ့ မတ်တတ်ရပ်ပြီး ခြေတစ်ချောင်းကို ဒူးပေါ်ထောက်ထားပြီး နေနေပါတယ်။ သူ့ကြောပြင်ကြည့်လိုက်တော့လည်း ဟင်္သာပြဒါးလက်ငါးချောင်းရာ ရှိနေပါတယ်။ ဒီတော့ ဖမ်းကြဆည်းကြလုပ်တော့ သူကမန္တာန်မန်းမှုတ်ပြီးတော့ ကောင်းကင်ပြန်သွားပါတယ်။ ဝိဇ္ဇာဓိုရ်ရဲ့ အဆင့်ပါ၊ ဘုန်းကြီးနှိမ်ချပြောနေတာ မဟုတ်ပါဘူး။ ဒါက အသက်ထင်ရှားရှိနေသူပါ။ နောက်တစ်ခုက တာနောယက္ခဘီလူးရဲ့ မိဖုရားကို ဝိဇ္ဇာဓိုရ်က ဝင်ပြီးတော့ ကြာခိုတဲ့ အကြောင်းပါ။

ဒီတော့ သူတို့က မြေလျှိုးမိုးပြန်နိုင်တယ်၊ ကောင်းကင်ပြန်နိုင်တာမှန်တယ်။ ဆင်တပ်မြင်းတပ်တွေ ဖန်ဆင်းပြီးတော့ ကောင်းကင်မှာ သွားနိုင်တယ်ဆိုတာလည်း စာပေမှာ အထင်အရှား ရှိပါတယ်။ သို့ပေမယ့် ဒီပုဂ္ဂိုလ်တွေက အသက်ထင်ရှားရှိစဉ်မှာ ဝိဇ္ဇာဓိုရ်ဖြစ်နေတဲ့ သူတွေပါ။ အဲ့ဒီလို ဝိဇ္ဇာဓိုရ်တွေ လောကမှာ ရှိကြပါတယ်။ ဒီလို ဝိဇ္ဇာဓိုရ်မျိုးကို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ ရတနာသုံးပါးထဲမှာ ပါသလားဆိုတော့ မပါ ပါဘူး။ ဒီရတနာသုံးပါးထဲ မပါသူတွေကို ကိုးကွယ်ဆည်းကပ်ခဲ့မယ်ဆိုရင် မူလဆောက်တည်ထားတဲ့ အလွန်အဖိုးတန်တဲ့ သရဏဂုံဟာ အလိုလိုပျက်စီးသွားပါတယ်။ နောက်တစ်ခုက အဲ့ဒီဝိဇ္ဇာဓိုရ်တွေဟာ ရတနာသုံးပါးထက် ပိုပြီး ကိုးကွယ်ဆည်းကပ်သင့် မသင့်ကို တစ်ဆင့်တက်ပြီးတော့ စဉ်းစားကြည့်ဖို့လိုပါတယ်။ ဒီဝိဇ္ဇာဓိုရ်တွေရဲ့ ကျင့်စဉ်တွေက မိမိတို့ကို သံသရာဝဋ်ဆင်းရဲမှ ထုတ်ဆောင်ကယ်တင်ပေးနိုင် မပေးနိုင်ဆိုတာလည်း ကြည့်ရပါမယ်။ မိမိတို့ ကွယ်လွန်သွားပြီးလို့ လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မချမ်းသာ နိဗ္ဗာန်ချမ်းသာကို သူတို့ကျင့်စဉ်က ပေးနိုင်သလား ဆိုတာလည်း တစ်ဆင့်တက်ပြီး စဉ်းစားကြည့်ရပါမယ်။ သူတို့ရဲ့ ကိုယ်ကျင့်တရားကိုလည်း ကြည့်ရပါမယ်။ ဒီလို ပုဂ္ဂိုလ်မျိုးကို ကိုးကွယ်ဆည်းကပ်မိပြီဆိုရင်တော့ မူလဆောက်တည်ထားတဲ့ အလွန်အဖိုးတန်တဲ့ သရဏဂုံဟာ အလိုလိုပျက်စီးသွားပါတယ်။

ဘုန်းကြီးတောနေတုန်းက ဒကာလေးတစ်ဦးက “ဝိဇ္ဇာဓိုရ်တွေဟာ ၃၁ဘုံထဲ ဘယ်ဘုံထဲပါ သလဲဘုရား”လို့ လာမေးပါတယ်။ အဲ့ဒီ ဇာတ်တော်တွေထဲ ကြည့်ရင် သူတို့က လူသားပါဘဲ။ မန္တာန်တွေရဲ့ အစွမ်းကြောင့် မြေလျှိုးမိုးပြန်နိုင်ကြတယ်။ လူသားဖြစ်တဲ့ အတွက် ဆေးဝါးတွေသုံးစွဲလို့ အသက်ရှည်တယ်ဆိုတာလည်း စာမှာ အထင်အရှားရှိပါတယ်။ သူတို့ဟာ မသေမပျောက်သေးဘူးဆိုရင်တော့ လူ့ဘုံထဲမှာမို့ လူသားဟာ လူသားပါပဲ။ ၃၁ဘုံထဲတော့ လူ့ဘုံပေါ့။ ခေတ်အပြောနဲ့ ပြောရင်တော့ အရှင်ထွက်တွေပေါ့။ အခုခေတ်ပြောနေတဲ့ အသေထွက်တော့ မဟုတ်ဘူး။ ဘယ်တော့မှ မအိုရဘူး၊ မနာရဘူး၊ မသေရဘူးဆိုတဲ့ ပုဂ္ဂိုလ်တွေတော့ မဟုတ်ပါဘူး။ အချိန်တန်ရင်တော့ သေကြေပျက်စီးရမှာပါဘဲ၊ ဘာကြောင့်လည်းဆိုတော့ ဘုရားရှင်ကိုယ်တော်တိုင် ‘သဗ္ဗေ သင်္ခါရာ အနိစ္စ’ လို့ ဟောထားတော့ သင်္ခါရတရားမှန်ရင် အကုန်လုံး အနိစ္စပါဘဲ။ ဒုက္ခတရားတွေသာဖြစ်တယ်။ လူသားမို့ ဒီလူသားရဲ့ သန္တာန်မှာ ဓာတ်ခွဲလိုက်တော့လည်း ခန္ဓာငါးပါးဘာဘဲ၊ မပျက်စီးဘဲ အကျိတ်အခဲ အခိုင်အမာအနှစ်သာရအားဖြင့် တည်နေတဲ့ အတ္တမဟုတ် အနတ္တသာဖြစ်လေတော့ တစ်နေ့တော့ ပျက်စီးရမှာပါဘဲ။

နောက်တစ်ချက်ကတော့ အသေထွက် - အရှင်ထွက်တွေက ရတနာသုံးပါးထဲမပါရင် အသေထွက်တွေကော ရတနာသုံးပါးထဲ ပါမလား ပြန်ဆန်းစစ်ကြည့်ရပါမယ်။ အခုကာလမှာ အသေထွက်တွေက သေပြီးတဲ့ကာလမှာ ဝိဇ္ဇာဓိုရ်သွားဖြစ်တယ်။ ဒါသူတို့ရဲ့ အယူအဆတွေပေါ့။ ဘုန်းကြီးတို့ အဘိဓမ္မာဘက်က နည်းနည်းလေး ဝေဖန်ဆန်းစစ်ကြည့်ရမယ့် အပိုင်း ဖြစ်လာပါတယ်။ သူတို့ အပြောဘက်ကဆို - ပြဒါးဝိဇ္ဇာဖြစ်လို့၊ သံဝိဇ္ဇာဖြစ်လို့၊ အင်းဝိဇ္ဇာဖြစ်လို့ ၊ ဆေးဝိဇ္ဇာဖြစ်လို့ ဒီလိုအကြောင်းပြတယ်။ ဒီလို ပြဒါးကြောင့်၊ သံကြောင့်၊ အင်းကြောင့်ကနေ သေပြီးလို့ ဝိဇ္ဇာဖြစ်ရတယ်လို့ သူတို့ အကြောင်းပြပါတယ်။ ဘုန်းကြီးတို့ အဘိဓမ္မာနည်း အရတော့ ၃၁ဘုံထဲမှာ တည်ရှိနေတဲ့ သတ္တဝါတွေကို သစ္စာဒေသနာနည်းအရ ဓာတ်ခွဲလိုက်ရင် ဒုက္ခသစ္စာပါဘဲ။ ဒုက္ခသစ္စာတရားကို ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းအရင်က သမုဒယသစ္စာတရား ဒါအတိအကျဟောထားပါတယ်။ ဒါက ဗုဒ္ဓအဘိဓမ္မာရဲ့ အလွန်တိကျမှန်ကန်နေတဲ့ သစ္စာတရားပါ။

ဒီအကြောင်းမည်တဲ့ အဝိဇ္ဇာ တဏှာ ဥပါဒါန် သင်္ခါ ကံ သမုဒယသစ္စာဆိုတဲ့ အကြောင်းတရားငါးပါး ဒီအကြောင်းတရားတွေကြောင့် ဒီဘက်ဘဝမှာ ဝိညာဏ် နာမ်ရုပ်စတဲ့ ဒုက္ခသစ္စာ အကျိုးတရားတွေ ဖြစ်ပေါ်လာမယ်လို့ အတိအကျဟောထားပါတယ်။ ဒီတော့ ဒကာကြီးတွေ အကြောင်းတရားတွေထဲမှာ ပြဒါးလုံးပါလား?။ ဆေးဆိုတဲ့ အကြောင်းတရားကောပါလား၊ သံကော၊ အင်းကြောင့်ကောပါလား?၊ မပါ ပါဘူး။ ဒါကြောင့် ပြဒါးစတာတဲ့ အကြောင်းတရားကြောင့် ဝိဇ္ဇာဓိုရ်ဖြစ်ရတယ် သေပြီးနောက် အသေထွက် ဒီဝိဇ္ဇာဘဲဖြစ်ရပါတယ် ဆိုရင် စဉ်းစားဖို့ မကောင်းဘူးလား။ သိပ်ကောင်းပါတယ်။

ဗုဒ္ဓအဘိဓမ္မာနဲ့တော့ ထိပ်တိုက်ဆန့်ကျင်ဘက်ပါဘဲ။ တစ်ချို့ “အရှင်ဘုရားကပြောနေ တပည့်တော်တို့က ဒီဝိဇ္ဇာဓိုရ်တွေကို ချက်ခြင်းပင့် ပင့်လို့ရတယ်”တဲ့ ဆိုပြန်တယ်။ ဒီအပိုင်းကတော့ ကဏ္ဍနှစ်ရပ်ခွဲပြီး စဉ်းစားရမယ့် အပိုင်းဖြစ်လာပါတယ်။ ဒီလို ဝိဇ္ဇာဓိုရ်ကို ချက်ခြင်းပင့်လို့ ရတယ်ဆိုသူက မိမိကိုယ်တိုင် ဒီဝိဇ္ဇာဓိုရ်ဟုတ်ပါတယ်လို့ စဉ်းစားနိုင်တဲ့ ဉာဏ်စွမ်းဉာဏ်ဆ ရှိဖို့လိုအပ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးက ငှက်ပျောပွဲ အုန်းပွဲနားလာရပ်ရုံနဲ့ အထက်ဆရာကြီးပါလို့ အတိအကျပြောလို့ ရမလား၊ မရပါဘူး။ ဒီမှာ မာရ်နတ်ရဲ့ အသင်းအပင်းတွေက လှည့်ကွက်တွေက သိပ်ကောင်းပါတယ်။ ဘာဖြစ်လို့ ဒီလိုလာလှည့်ရသလဲ၊ ဒကာကြီးတွေ ဆိုင်တွေမှာ ဘိုးဘိုးအောင်ရုပ်ကလေး ရေးထားတာ မတွေ့ဘူးလား။ ပန်းချီဆရာက လက်စွမ်းပြထားတာ။ အဲ့ဒီပန်းချီဆရာက သူဘိုးဘိုးအောင်မြင်ဖူးသလား၊ သူက သူ့စီးပွားအနေနဲ့ စီးပွားရှာစားတာဘဲ။ ဒါပေမယ့် လောက က ဒီဘိုးဘိုးအောင်ကို အထင်ကြီးနေတဲ့ သူတွေက ဒါ ဘိုးဘိုးအောင်ဘဲလို့ ဝယ်ပြီး ကိုးကွယ်ဆည်းကပ်လိုက်တယ်။

ဒီလို ကိုးကွယ်ဆည်းကပ်နေတဲ့ လူသားတွေရဲ့ အားနည်းပျော့ညံ့ချက်ကို မာရ်နတ်ရဲ့ အသင်းအပင်းတွေက နားမလည်ဘူးလား၊ နားလည်ပါတယ်။ အရိယာပုဂ္ဂိုလ်ကိုတောင် မာရ်နတ်က ဘုရားပုံတူဖန်းပြီး လာမလှည့်စားဘူးလား၊ ဒါဆို ဒါကလည်း မာရ်နတ်ရဲ့ အသင်းအပင်းတွေ မဖြစ်ဘူးလို့ မပြောနိုင်ဘူးလား။ ပြောနိုင်ပါတယ်။ ဒါဆိုသူတို့က ဘာကြောင့်လာဖျက်ရသလဲ၊ သူတို့က သာသနာတော်ရဲ့ ပြင်ပကိုရောက်သွားဖို့ ကြိုးပမ်းနေသူတွေမို့ပါ။ ပျက်စီးအောင် ဖျက်ဆီးချင်တယ် သူတို့ကြောင့် လမ်းလွဲသွားတယ်။ ဘယ်လိုလမ်းလွဲသလဲဆို ငါတို့ကို လာစောင့်ရှောက်နေတာဘဲလို့ ကုန်းကန်တော့လိုက်တာနဲ့ မူလဆောက်တည်ထားတဲ့ သရဏဂုံသည် အလိုလို ပျက်စီးသွားပါတယ်။ ဒီလို ကန်တော့လိုက်တော့ သာသနာပြင်ပသို့ ချက်ခြင်းရောက် ရှိသွားပါတယ်။

နောက်ကဏ္ဍတစ်ခုက အသေထွက်ဆိုတာက သေပြီးသည်ထိ ဝိဇ္ဇာဖြစ်ရပါတယ်ဆိုတော့ စဉ်းစားကြည့် ငှက်ပျော အုန်းပွဲနားလာပြီး ကိုယ်ရောင်ပြတာ ဖြစ်ချင်ဖြစ်မယ်။ များသောအားဖြင့် မာရ်နတ်ရဲ့ အသင်းအပင်းတွေ မဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။….
[ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်လို့ ရရှိမည့် အကျိုးကျေးဇူးနှင့် သရဏဂုံ ဘာကြောင့် ညှိုးနွမ်းပျက်စီးရပါသလဲ ဆိုတာ ဃဋိကာရသုတ်မှ ဆက်လက်ဖော်ပြပါမည်။]


"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment