Choose Fonts Here

Sunday, March 17, 2019


မိစ္ဆာဝါစာကံ
•••••••••••
မုသာဝါဒကံ ဆိုတာ လိမ်လည်လှည့်ဖြား ပြောဆိုခြင်းပါပဲ။ မုသားစကားကို ကြိမ်ဖန်များစွာ ပြုနေတဲ့ ပုဂ္ဂိုလ်ကို ဒီမုသားစကားတွေက ငရဲကို ရောက်အောင် ပို့ဆောင်ပေးပါလိမ့်မယ်။ တိရစ္ဆာန်ဘုံဘဝနှင့် ပြိတ္တာ, အသူရကာယ်ဘုံဘဝကိုလည်း ဖြစ်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။ 

မုသာဝါဒကြောင့် အပေါ့ဆုံးအကျိုးတရားကို ပြောပါဆိုရင်တော့ လူဖြစ်တဲ့အခါ မဟုတ်မတရား အစွပ်စွဲခံရတတ်တယ်တဲ့။ ဘာဖြစ်လို့လဲ?၊ တစ်ချိန်ကမိမိက မုသားသုံးခဲ့တော့ မိမိအပေါ်မှာ ပြန်ပြီးတော့ မုသားသုံးမယ့် ပုဂ္ဂိုလ်တွေ များစွာပေါ်လာတယ်။ မဟုတ်မတရားပြောမယ့် ပုဂ္ဂိုလ်တွေ အများကြီးပေါ်လာတယ်။ တစ်ချိန်ကမိမိက သူတစ်ပါးကို မဟုတ်မတရား ပြောခဲ့တဲ့အတွက် မိမိကိုယ် မဟုတ်မတရားပြောမယ့်သူတွေ ပြန်ပြီးပေါ်လာပါတယ်။

ဒီ မုသာဝါဒကလည်း ဘာကိုအခြေခံပြီးဖြစ်ရသလဲဆိုရင် ပြန်ပြောမယ်ဆို ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေကြောင့်ပါပဲ။ ဒီ ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေကို အကောင်းဆုံး တိုက်ဖျက်တဲ့ကံက ဝိပဿနာကံပါပဲ။ ယောနိသောမနသိကာရလို့ ခေါ်ဆိုအပ်တဲ့ ဝိပဿနာဉာဏ်တွေပဲ ဖြစ်ပါတယ်။

ထို ဝိပဿနာဉာဏ်တွေကို ရအောင်သာကြိုးပမ်းထားပါ ဒီသူတော်ကောင်းရဲ့ သန္တာန်မှာ ဒီရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေကို တိုက်ဖျက်ဖို့ အကောင်းဆုံး လက်နက်ကြီးတွေ ရှိနေပြီ။ 

နောက်တစ်ခုက ပိသုဏဝါစာ ကုန်းတိုက်တယ်ပေါ့။ သူတစ်ပါးရဲ့ ကျောက်ကုန်း(ကျောကုန်း)ကို သွားပြီးတိုက်စားနေတာနဲ့ တူပါတယ်။ ဘာလုပ်တာလဲ?။ ဒီကစကား ဟိုပို့လို့ ဟိုကစကားဒီပို့လိုက်နဲ့။ ဘယ်လောက်များ အရသာရှိလဲ?၊ ဒါပေမယ့် ဒီမှာကြည့် ဘာဖြစ်သလဲ၊ ဒီစကားဟိုပို့ ဟိုစကားဒီပို့ဆိုတဲ့ စကား လုပ်ငန်းခွင်ကလေးကို ပြုလိုက်လို့ ဘယ်ရောက်နိုင်လဲ?၊ ငရဲရောက်နိုင်တယ်တဲ့။ တိရစ္ဆာန်ဘုံဘဝနှင့် ပြိတ္တာ, အသူရကာယ်ဘုံဘဝကိုလည်း ဖြစ်စေနိုင်တဲ့ စွမ်းအားရှိပါတယ်။ 

ဒီလိုဆိုရင် ဒီလိုလုပ်ငန်းမျိုးတွေကို လုပ်သင့်သလား?၊ မလုပ်သင့်ဘူး။လူမိုက်ဆိုတာဘာလဲ၊ လူ့ဝိနည်း ရဟန်းဝိနည်းကို မသိဘူး။ သိပြန်တော့လည်း မကျင့်ဘူး။ မကျင့်တော့ ဘာဖြစ်သလဲ?။ မကျင့်တဲ့ လူမိုက်တွေသွားတဲ့ လမ်းကို မိမိကသွားရမှာပါပဲ။ ခုပဲကြည့် ဟိုစကားဒီပို့ ဒီစကားဟိုပို့တော့ နှစ်ဖက်မိတ်ဆွေတွေ ကွဲပြားမသွားနိုင်ဘူးလား။ စိတ်ဝမ်းတွေ ကွဲသွားပါတယ်။ 

သူတစ်ပါးတွေ စိတ်ဝမ်းကွဲအောင်ပို့တဲ့ ဒီကံက ငရဲပို့မယ်၊ တိရစ္ဆာန်, ပြိတ္တာ, အသူရကာယ်ဘုံကို တွန်းပို့ပေးလိုက်ပါတယ်။ ပို့ပြီး ဒီအကုသိုလ်ကံက အရှိန်လျော့ပြီး လူ့ဘဝကို ရလာတယ်ထား လူဘဝမှာ မိတ်ဆွေတွေနဲ့ကွဲပြားတတ်တယ်။ လင်မယားချင်း ရန်ဖြစ်လို့ကွဲတာ ဘာကြောင့်လဲ?။ အခြေခံက ပစ္စုပ္ပန်အကြောင်းက ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေကြောင့်ပါပဲ။ 

ဒီမှာ အတိတ်အကြောင်းလည်း အခြေခံပါတယ်။ ဘယ်လိုအခြေခံလဲ?၊ အတိတ်ဘဝတစ်ခုမှာ မိမိက မိတ်ဆွေချင်းတွေ ကွဲပြားအောင် ကုန်းတိုက်ခဲ့တဲ့အတွက် ထိုကံအကြွင်းအကျန်တွေက မိမိကိုလာပြီးတော့ အကျိုးပေးလိုက်တာ မိမိမှာလည်း မိတ်ဆွေတွေနဲ့ ကွဲပြားရတယ်။ မိမိက ကောင်းတာလုပ် တစ်ဖက်ကအကောင်းမထင်ဘူး၊ အဲ့ဒီလို ပုံစံနဲ့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝမ်းတွေ ကွဲပြားသွားတယ်။ " ငါက ကောင်းတာလုပ်ပါတယ်ကွာ၊ သူတို့က ငါ့အပေါ်တစ်ချက်မှ ကောင်းတာမမြင်ဘူး" ဘာလို့မမြင်လဲ? ၊ ဒီကံက တားထားတာပါ။ ကြောက်ဖို့ မကောင်းဘူးလား?၊ သိပ်ကြောက်ဖို့ ကောင်းတယ်။

ဒါကြောင့် ဒီလို ကုန်းတိုက်ဆိုတဲ့ ပိသုဏဝါစာ လုပ်ငန်းသည် ငရဲလည်းရောက်နိုင်တယ်။ တိရစ္ဆာန်,ပြိတ္တာ အသူရကာယ်လည်း ဖြစ်နိုင်ဆိုရင် ဒီလိုကံမျိုး လုပ်သင့်သလား?၊ မလုပ်သင့်ပါဘူး။ 

ဘယ်နှယ့်လဲ ယောဂီတွေ ဖြစ်ချင်ကြလား? ၊ ဖြစ်တော့မဖြစ်ချင်ဘူး၊ ဖြစ်စေတဲ့ကံကို ထူထောင်နေရင် ရပါ့မလား?၊ မရပါဘူး။ ဒါသိပ်သတိထားပါ။ ပါးစပ်လေး လှုပ်လိုက်တာနဲ့ အကုသိုလ်တွေဖြစ်စေတယ်။

နောက်တစ်ခု ဖရုသဝါစာ ကြမ်းတမ်းတဲ့ စကားတွေပြောတယ်။ ဆဲလိုက်ဆိုလိုက် ကြိမ်းလိုက် မောင်းလိုက်ပေါ့။ ဒီလိုကြမ်းတမ်းတဲ့ စကားကို ကြိမ်ဖန်များစွာ ပြုစုပျိုးနေတဲ့ ပုဂ္ဂိုလ်ဟာ ဘာဖြစ်မလဲ?၊ ဒီကံကို ထူထောင်နေစဉ်ဖြစ်နေတဲ့ ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ, ဒိဋ္ဌိ စတဲ့ ဒီကံတွေက ငရဲ, တိရစ္ဆာန်, ပြိတ္တာ အသူရကာယ်ဘဝကို တွန်းပို့ပေးပါတယ်။ မိမိက အပါယ်လေးဘုံကို အလိုမရှိခဲ့ရင် ဒီလို ကြမ်းတမ်းစကားမျိုးပြောသင့်သလား?။ ရှောင်ကြဉ်သင့်ပါတယ်။

ဒါပေမယ့် တစ်ချို့မရှောင်နိုင်ဘူး။ မရှောင်နိုင်ရင် ဒီအကုသိုလ်ကံက ဘယ်ပို့ပေးမလဲ? ၊ အပါယ်လေးဘုံ တစ်ဘုံဘုံကို ပို့ပေးပါလိမ့်မယ်။ ဒီအပါယ်လေးဘုံမှာ ဒုက္ခတွေဝအောင်ခံပြီး လွတ်လာပြန်လူ့ဘဝရောက်လာတော့ အပေါ့ဆုံး ဖရုသဝါစာရဲ့ အကျိုးကို ပြောပါဆိုရင် သူ့အသံကို ဘေးကနားထောင်လိုက်ရင် နည်းနည်းလေးမှ ကြားလို့မကောင်းဘူး။ အသံမကောင်းဘူး။ မနှစ်ခြိုက်ဖွယ်ရာ အသံနှင့် ပြည့်စုံနေတယ်တဲ့။ 

ဘာဖြစ်လို့လဲဆိုရင် မိမိက တစ်ချိန်က ဖရုသဆိုတာ ကြမ်းတမ်းတယ် ဘယ်လိုကြမ်းလဲ လွှသွားလိုကြမ်းတယ်။ သူတစ်ပါး၏ နားထဲကို လွှသွားကြီးတစ်ခု သွတ်သွင်းလိုက်သလို ကြမ်းတမ်းအောင် ပြုလုပ်ခြင်းဆိုတဲ့ စကားတွေပါပဲ။ ဒီစကားတွေကြောင့် တစ်ချိန်အကျိုးပေးပြီဆိုရင် မိမိပါးစပ်ကထွက်လာတဲ့ အသံသည် တစ်ဖက်သားနှစ်ခြိုက်တဲ့ အသံ ဘယ်လိုမှ မဖြစ်တော့ဘူး။ သူတစ်ပါး မနှစ်ခြိုက်တဲ့ အသံကို ပြုလုပ်မိခဲ့လို့..။ ဒီလိုဆို အသံကောင်းချင်ရင် သူတစ်ပါးနားဝင်အောင် ချိုချိုသာသာလေး ပြောပေါ့နော်။ မှန်တဲ့အတိုင်း မေတ္တာထားပြီး ချိုချိုသာသာ ပြောခြင်းကို ဆိုလိုပါတယ်။

နောက်တစ်ခုက သပ္ဖပ္ပလာပ ပြိန်ဖျင်းပြီး အနှစ်မရှိတဲ့ စကားကိုပြောပြီ ဒီစကားမျိုးကိုပြောရင် ဘာကိုအခြေလဲ?၊ ရာဂ, ဒေါသ, မောဟ, မာန်မာန, ဣဿာ, မစ္ဆရိယ တွေကြောင့်ပါပဲ။ ဒီစကားကြောင့် ရှေးကလိုပဲ အပါယ်လေးဘုံကို တွန်းပို့ပေးတယ်တဲ့။ 

နောက်ဆုံ အပေါ့ဆုံးကံ အကျိုးပေးချိန် လူ့ဘဝရလာပြီဆိုရင် လူ့ဘဝမှာ သူတစ်ပါးတို့မယုံကြည်တဲ့ စကားရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တတ်တယ်တဲ့။ မိမိကစကားတစ်ခု ပြောလိုက်ရင် သူတစ်ပါးက မိမိစကားကို ဘယ်တော့မှ လက်မခံဘူး။ ယုံကြည်တဲ့ စိတ်ထား မရှိကြဘူး။ ဘယ်လိုပဲ သူပြောတဲ့ စကားမှန်ချင်မှန်ပါစေ မယုံကြည်ကြတော့ဘူး။ ဒါဟာ အတိတ်က ပြိန်ဖျင်းတဲ့ကံရဲ့ အကျိုးပါပဲ။

ဒါကြောင့် ဒီလို ပါးစပ်လေးလှုပ်ပြီး ပြုလိုက်တဲ့ အကုသိုလ်ဆိုတဲ့ လုပ်ငန်းသည် ငရဲလည်းရောက်နိုင်တယ်။ တိရစ္ဆာန်,ပြိတ္တာ အသူရကာယ်လည်း ဖြစ်နိုင်ဆိုရင် ဒီလိုကံမျိုး လုပ်သင့်သလား?၊ မလုပ်သင့်ပါဘူး။ 

ဘယ်နှယ့်လဲ ဒကာမကြီိးတွေ ဖြစ်ချင်ကြလား? ၊ ဖြစ်တော့မဖြစ်ချင်ကြဘူး၊ ဖြစ်စေတဲ့ကံကို ထူထောင်နေရင် ရပါ့မလား?၊ မရပါဘူး။ ဒါသိပ်သတိထားပါ။ ပါးစပ်လေး လှုပ်လိုက်တာနဲ့ အကုသိုလ်တွေဖြစ်စေတယ်။

"ဖားအောက်တောရဆရာတော်"

Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment