Choose Fonts Here

Sunday, March 17, 2019



ဒါနမျိုးစေ့ကောင်းကို ပေးသောအလှူ
••••••••••••••••••••••••••••••••
အလှူခံပုဂ္ဂိုလ်နှင့် အလှူပေးတဲ့ ပုဂ္ဂိုလ်နှစ်ဦး၊ အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်မှာ ရှိရမည့် အင်္ဂါရပ်ကလေးချက်ရှိပါတယ်။ 
(၁) သီလရှိခြင်း၊
(၂) လှူဖွယ်ဝတ္ထုပစ္စည်းစုသည် တရားသောနည်းလမ်းဖြင့် ရှာဖွေထားသောပစ္စည်းဝတ္ထုဖြစ်ခြင်း၊
(၃) ပေးလှူတဲ့ အချိန်အခါမှာ ကြည်လင်တဲ့ စိတ်ထားရှိခြင်း၊
(၄) ပြန့်ပြောကြီးကျယ်များမြတ်နေတဲ့ ကံ ကံ၏အကျိုးကို ယုံကြည်နေတဲ့ သဒ္ဓါတရားရှိရမယ်။
အလှူပေးတဲ့သူဘက်ကြည့်လိုက်တော့ ဒီလေးချက်နဲ့ ပြည့်စုံနေတယ်။ သို့ပေမယ် အလှူခံပုဂ္ဂိုလ်ဘက်က ဒုဿီလ သီလမရှိတဲ့ ပုဂ္ဂိုလ်ဖြစ်နေတယ်။ ဒီလိုသီလမရှိသူတွေကို အင်္ဂါလေးချက်နှင့်ပြည့်စုံနေတဲ့ ဒါယကာကအလှူပေးမယ်ဆိုရင် ထိုအလှူဒါနဟာ အလှူရှင် ဒါယကာကြောင့် စင်ကြယ်ပါတယ်တဲ့။ စင်ကြယ်တဲ့ ဒါနတစ်ခုပါ။

ဒီမှာ ပုံစံလေးကတော့ ဝေဿန္တရာမင်းကြီိးရဲ့ ထုံးကိုထောက်ပြထားပါတယ်။ ဝေဿန္တရာမင်းကြီးက အလှူခံဖြစ်တဲ့ ဇူဇကာပုဏ္ဏားကို ဇာလီ, ကဏှာဇိန်ဆိုတဲ့ သားငယ်သမီးငယ်လေးတွေကို လှူဒါန်းလိုက်တယ်။ အလှူခံ ဇူဇကာပုဏ္ဏားကြည့်လိုက်တော့ ဒုဿီိလပုဂ္ဂိုလ်ဖြစ်တယ်။ ဝေဿန္တရာမင်းကြီးကြည့်လိုက်တော့ သီလရှိတဲ့ သူတော်ကောင်းဖြစ်တယ်။ မိမိရဲ့ လှူဖွယ်ဖြစ်တဲ့ သားငယ်သမီးငယ်တွေကလည်း ဖြူစင်နေတယ်။ ပေးလှူတဲ့ အချိန်အခါမှာလည်း ကြည်လင်တဲ့စိတ်ထားရှိတယ်။ ပြန့်ပြောကြီးကျယ်များမြတ်နေတဲ့ ကံ ကံ၏အကျိုးကို ယုံကြည်နေတဲ့ သဒ္ဓါတရားရှိတယ်။ ဒီအင်္ဂါလေးချက်စုံညီပြီးတော့ သီလမရှိတဲ့ ဇူဇကာပုဏ္ဏားကို ပေးလှူလိုက်တယ်။ ဒီလိုအလှူက စင်ကြယ်ပါတယ်။ စင်ကြယ်တယ်ဆိုတာ ဘာလဲ?၊ သူမျော်လင့်တောင့်တတဲ့ သဗ္ဗေညုတဉာဏ်ကို ရအောင် ရွက်ဆောင်ပေးနိုင်တဲ့ အကျိုးတရားကို ရရှိသွားတယ်တဲ့။ ဒါကအလှူပေးတဲ့ ပုဂ္ဂိုလ်ကြောင့် စင်ကြယ်တဲ့ ဒါနတစ်မျိုးဖြစ်ပါတယ်။

နောက်တစ်ခု အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်မှာ အင်္ဂါလေးချက် ချို့ယွင်းနေပြီ။ ဒါပေမယ့် အလှူခံပုဂ္ဂိုလ်ဘက်က သီလဖြူစင်နေတဲ့ အရှင်ကောင်းအရှင်မြတ်တွေဖြစ်ပါတယ်။ ဒီလိုအလှူ ဖြူစင်တဲ့ အလှူခံပုဂ္ဂိုလ်ကြောင့် စင်ကြယ်ပါတယ်တဲ့။ ဘာကြောင့်စင်ကြယ်လည်းလို့မေးတော့ ကောင်းတဲ့အကျိုးပေးနိုင်တဲ့ စွမ်းအားရှိနေလို့ပါ။

ပုံစံဥပမာက ကလျာဏီမြစ်ဝမှာ ရှိနေတဲ့ တံငါသည်ဒါယကာကြီးတစ်ဦးကို ထောက်ပြထားပါတယ်။ ဒီဒါယကာကြီးက ရဟန္တာမထေရ်မြတ်ကြီးတစ်ပါးကို ဆွမ်းသုံးခါလောက် လှူဖူးပါတယ်။ တံငါသည်ဆိုတော့ သီလရှိသလား?၊ မရှိဘူး။ တရားသောနည်းဖြင့် ရှာဖွေထားတဲ့ လှူဖွယ်ဝတ္ထုကော ဟုတ်သလား?၊ မဟုတ်ပြန်ဘူး။ တံငါအလုပ်ဖြစ် ရထားတော့ လှူဖွယ်က မစင်ကြယ်ပါဘူး၊ တစ်ခါစိတ်က ကြည်လင်သလားဆိုတော့၊ ဒီလို ဒုစရိုက်တွေလုပ်နေသူရဲ့ သန္တာန်မှာ ကြည်လင်တဲ့စိတ်ထားရှိဖို့ အလွန်ခက်ပါတယ်။ နည်းနည်းလေး အကဲခတ်ကြည့်ပေါ့ ဒုစရိုက်ထဲမှာဘဲ အမြဲကျင်လည်နေရတော့ သူများအိတ်ထဲက ဘယ်လိုမတရားယူလိုက်ရမလည်း ဒီလိုစဉ်းစားသလိုပေါ့ တံငါသည်ကလည်း ငါးရှာဖွေဖို့အတွက်ဘဲ စိတ်ကအမြဲရောက်နေပါတယ်။ ဒါကြောင့်ကြည်လင်တဲ့စိတ်ထားက မရှိဘူး။ ကံ ကံ၏အကျိုးကို ယုံကြည်ချက်ရှိသလား မေးတော့၊ သူ့ရဲ့ယုံကြည်ချက်ကပေါ့ဆတဲ့ ယုံကြည်ချက်ဖြစ်နေမယ်။ လေးလေးနက်နက် ယုံကြည်ခဲ့မယ်ဆို ဒီလိုမကောင်းမှုတွေကို ဒီလိုလုပ်မလား?၊ မလုပ်ပါဘူး။ ယုံကြည်ချက်ကအားပျော့နေပြီလို့ ခန့်မှန်းလို့ရပါတယ်။

ဒါကြောင့် အလှူပေးတဲ့ တံငါသည်ဘက်က အင်္ဂါလေးချက်အားပျော့နေပြီ။ အလှူခံပုဂ္ဂိုလ်ဘက်က သီလရှိတဲ့ ရဟန္တာပုဂ္ဂိုလ် အရှင်ကောင်းအရှင်မြတ်ဖြစ်နေတယ်။ ဒီဒကာကြီး ကွယ်လွန်ခါနီးမှာ ဒီဆွမ်းခဲ့တဲ့ အလှူဒါနက မရဏသန္နအချိန်အခါမှာ ထင်လာပါတယ်။ ဒီရဟန္တာမထေရ်မြတ်ကြီးက ငါ့ကိုကယ်တင်သွားပြီလို့ ဆိုပြီး ဘဝကိုအဆုံးသတ်သွားပါတယ်။ ကောင်းရာသုဂတိရောက်ရှိသွားပါတယ်။ ဒါကြောင့် အလှူခံပုဂ္ဂိုလ်ကြောင့် ဒီဒါနသည် စင်ကြယ်တာရှိပါတယ်။

နောက်တစ်ခု အင်္ဂါကနှစ်ဖက်လုံးမှာ ချို့တဲ့ နေပါတယ်။ အလှူပေးတဲ့ ပုဂ္ဂိုလ်ဘက်က အင်္ဂါလေးချက်လုံးချို့ယွင်းနေပြီ။ အလှူခံပုဂ္ဂိုလ်ဘက်ကျတော့ ဒုဿီလ သီလမရှိတဲ့ ပုဂ္ဂိုလ်ဖြစ်နေပါတယ်။ သာသနာတော်မှာ ဒုဿီလလို့ ယေဘုယျအားဖြစ် သုံးနေတာကတော့ ပါရာဇိကကျနေတဲ့ ပုဂ္ဂိုလ်ကို ဆိုပါတယ်။ ဒီလို အလှူကို ပြန့်ပြောကြီိကျယ်များမြတ်တဲ့ အလှူလို့ ငါဘုရားမဟောဘူးတဲ့။

ဒီနေရာမှာ ပုံစံတစ်ခုက မုဆိုးဒါယကာကြီးတစ်ဦး ကွယ်လွန်သွားပါတယ်။ ဒီဒါယကာကြီးက ပြိတ္တာဘဝရောက်ရှိသွားပါတယ်။ ကျန်ရစ်ခဲ့တဲ့ မုဆိုးရဲ့ဒါယိကာမကြီးက ကွယ်လွန်သွားတဲ့ မုဆိုးကြီးအတွက်အလှူဒါနတစ်ခုပြုပါတယ်။ မုဆိုးကသီလမရှိတော့ မုဆိုးရဲ့ဒါယိကာမကြီးကလည်း သီလရှိပါ့မလား?၊ မရှိဘူး။ လှူဖွယ်တွေကြည့်ပြန်တော့ မုဆိုးကြီးရှာဖွေသွားအပ်တဲ့ မတရားသောနည်းဖြစ်ရထားတဲ့ မစင်ကြယ်တဲ့ ပစ္စည်းဝတ္ထုဖြစ်တယ်။ လာဘ်ပေးလာဘ်ယူ ပစ္စည်းဝတ္ထုတွေနဲ့ လှူဒါန်းတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ကြည်လင်တဲ့ စိတ်ထားကလည်းမရှိပြန်ဘူး။ ဘာဖြစ်လို့လဲ?။ စင်စင်ကြယ်ကြယ်ရရှိထားတဲ့ လှူဖွယ်တွေနဲ့ လှူဒါန်းမှသာ များသောအားဖြင့် စိတ်တွေကကြည်လင်နေတတ်တဲ့ သဘောရှိပါတယ်။ မိမိက အလှူအတန်းတစ်ခုပြုတယ် ဒီပစ္စည်းငါဘယ်လိုရတယ်ဆိုတာ အလှူရှင်ကမသိဘူးလား?၊ သိပါတယ်။ မိမိလှူဖွယ်က မသန့်ရှင်ဘဲရတယ်ဆိုတာ သိနေတော့ ကြည်လင်တဲ့ စိတ်ထားဖြစ်ဖို့ အလွန်ခက်ပါတယ်။ သို့သော် ဒီဒကာမကြီးက မုဆိုးကြီးကွယ်လွန်သွားလို့ စိတ်တွေမကြည်လင်တာလည်းဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကံ ကံအကျိုးကို ယုံကြည်နေတဲ့ သဒ္ဓါတရားကအားပျော့နေပါတယ်။

ဒီတော့ အလှူပေးတဲ့ ပုဂ္ဂိုလ်ကအင်္ဂါလေးချက် ချို့တဲ့နေပြီ၊ အလှူခံပုဂ္ဂိုလ် ကိုယ်တော်ကြီးကလည်း ပါရာဇိကကျနေတဲ့ ဒုဿီလပုဂ္ဂိုလ်ကြီး ဖြစ်နေပြီ။ အဲ့ဒီကိုယ်တော်ကြီးကို ဆွမ်းပင့်ပြီး လှူဒါန်းလိုက်တဲ့ အချိန်အခါမှာ ပြိတ္တာဖြစ်နေတဲ့ မုဆိုးကြီးက အလှူဒါနအမျှဝေတော့ သာဓု ခေါ်မရဘူး။ ပါးစပ်ဟလို့မရဘူး အလှူရဲ့ စွမ်းအင်ကအကျိုးမကြီးဖြစ်နေတယ်။ ဒုတိယအကြိမ်လှူလည်း ဒီအတိုင်းဘဲ၊ တတိယအကြိမ်ရောက်တော့ ဒီပြိတ္တာမုဆိုးကြီးက အခြားသူတစ်ယောက်ကို ဝင်ပူးပြီး ပြောပါတယ်။ " ငါ့ပစ္စည်းတွေကို သီလမရှိတဲ့ ဒုဿီလပုဂ္ဂိုလ်ကြီးက လုယက်ပြီး စားနေတယ်"တဲ့ ဒီလိုဝင်ပူးပြီး ပြောပါတယ်။

အဲ့ဒီတော့ သီလရှိတဲ့ ပုဂ္ဂိုလ်မှ အလှူဒါနတစ်ခုကခံယူထိုက်လေတော့၊ သီလမရှိတဲ့ ပုဂ္ဂိုလ်က သီလရှိသူကို ရည်ရွယ်ပြီလှူဒါန်းနေတာကို အလှူခံသုံးစွဲမယ်ဆိုရင် လုယက်ဖျက်ဆီးပြီး သုံးစွဲနေတာနဲ့တူပါတယ်။ ဒါကြောင့်ဒကာကြီးတွေ မိမိတို့မိတ်ဆွေတွေ ကာယကံမေတ္တာ ဝစီကံမေတ္တာ မနောကံမေတ္တာတွေထားပြီး သူတို့ပြုတဲ့အလှူကို သွားခံယူစားသုံးခဲ့မယ်ဆို မိမိတို့ဘက်ကသီလရှိဖို့ လိုအပ်ပါတယ်။ သီလရှိတဲ့အလှူခံပုဂ္ဂိုလ်တွေကို လှူဒါန်းထားတာကို မိမိဘက်ကသီလမရှိဘဲ သွားအလှူခံရင် အလှူခံထိုက်တဲ့ ပုဂ္ဂိုလ်စာရင်းထဲ ဝင်ပါ့မလား?။ မဝင်ဘူး။ မဝင်ဘဲ သွားစားပြီပြန်လာရင်လည်း ဘာလုပ်သလဲ?၊ ဘုန်းကြီးရဲ့မိတ်ဆွေ အရှင်ပညာဇောတဟောတဲ့ တရားထဲတော့ စားပြီးပြန်လာရင်လည်း ဖိနပ်ခိုးပြီး ပြန်လာတယ်တဲ့။ဟုတ်လား။

ဒါကြောင့် အလှူရှင်ပုဂ္ဂိုလ်တွေဘက် အကျိုးကိုမျော်ပြီး မိမိဘက်က သီလစင်ကြယ်ပြည့်စုံဖို့လိုအပ်ပါတယ်။ နောင်တစ်ချိန်ကြမှ သီလရှိနေတယ် အရှင်ကောင်းအရှင်မြတ်တစ်ပါးကို ပင့်ဖိတ်ပြီး လှူဒါန်းမှ ကျွတ်တန်းဝင်သွားတယ်လို့ ဒီလိုထုံးရှိပါတယ်။

နောက်တစ်ခု နံပါတ်လေးဒါန အလှူရှင်ဘက်က အင်္ဂါလေးပါးနှင့်ပြည့်စုံတယ်။ အလှူခံပုဂ္ဂိုလ်ဘက်ကြည့်တော့ သီလပြည့်စုံနေတဲ့ အရှင်ကောင်းအရှင်မြတ်တွေ ဖြစ်နေပြီ။ ဒီလိုအလှူဒါနမျိုးကို ပြန့်ပြော ကြီးကျယ်ဖွင့်ဖြိုးများမြတ်တဲ့ အလှူဒါနတစ်ခုလို့ ငါဘုရားဟောပါတယ်တဲ့။ ပြန့်ပြောကြီးကြယ်များမြတ်တယ်ဆိုတယ်တာက လူချမ်းလိုချင်လည်းရနိုင်တယ်၊ နတ်ချမ်းသာ လိုချင်လည်းရနိုင်တယ်၊ ဗြဟ္မာချမ်းသာကို လိုချင်ရင်တော့ ဒီဒါနကိုပြုပြီး မေတ္တာဈာန်တွေကို ဝင်စားပြီး မေတ္တာဈာန်မလျောကျဘဲ ဘဝတစ်ခုအဆုံးသတ်ခဲ့ရင်လည်း ရနိုင်ပါတယ်။

ဒီဒါနက ဗြဟ္မာချမ်းသာရအောင်အထိုက်အလျောက် ကျေးဇူးပြုပေးပါတယ်။ နိဗ္ဗာန်ချမ်းသာပဲ အလိုရှိပါတယ် ဆိုရင် ဒီဒါနကပေးနိုင်တဲ့ စွမ်းအားအထိုက်အလျောက် ရှိနေပါတယ်။ စရဏမျိုးစေ့ အနေနဲ့လိုက်ပါပို့ဆောင် ပေးပါလိမ့်မယ်။ ဒါနကနိဗ္ဗာန်ကို ရစေနိုင်တယ်လို့ ဆိုလိုတာမဟုတ်ပေမယ့်၊ နိဗ္ဗာန်ကို ရဖို့ စရဏမျိုးစေ့ကောင်းတွေထဲမှာ ဒါနမျိုးစေ့လည်းပါနေလို့ပါ။ ဒါကြောင့် ဒီဒါနမျိုးဟာ အကောင်းဆုံးပါ။
(ဒက္ခိဏဝိဘင်္ဂသုတ္တန်)

"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment