Choose Fonts Here

Sunday, March 17, 2019

မြုံနေတဲ့ ရဟန်းမဖြစ်ရလေအောင်
••••••••••••••••••••••••••••••
တစ်ချိန်မှာ မြတ်စွာဘုရားရှင်သည် ချစ်သားတို့.... သင်ချစ်သားတို့ကို လူဒကာ ဒကာမအပေါင်းတို့က (သို့) သတ္တဝါအပေါင်းတို့က 'ရဟန်း ရဟန်း' ဆိုပြီးတော့ အသိအမှတ်ပြုထားကြတယ်။

သင်ချစ်သားတို့ကို အခြားအခြား မသိသေးတဲ့ လူဒကာ ဒကာမစတဲ့ ပုဂ္ဂိုလ်တွေကနေ " အရှင်ဘုရားတို့ဟာ ဘယ်လို ပုဂ္ဂိုလ်တွေ ပါလဲ" လို့ မေးလာရင်လည်း " ငါတို့ဟာ သမဏ, ဗြဟ္မဏမည်သော ရဟန်းတွေ ဖြစ်ပါတယ်" လို့ သင်ချစ်သားတို့ဟာ ကိုယ်တိုင်ဝန်ခံကြတယ်။

ဒီနေရာမှာ သမဏဆိုတာ ကိလေသာငြိမ်းအေးပြီးနေတဲ့ ရဟန်းတွေ၊ ဗြဟ္မဏဆိုတာက မကောင်းမှုအကုသိုလ်မှန်သမျှကို အပပြုအပ်ပြီးနေတဲ့ ရဟန္တာပုဂ္ဂိုလ်တွေကို ခေါ်ပါတယ်။

ဘုရားရှင်က..သင်ချစ်သားတို့ဟာ သမဏ ဗြဟ္မဏ မည်ပေ၏။ သင်တို့ကိုယ်တိုင်ကလည်း သမဏ ဗြဟ္မဏဟု ဝန်ခံကြပေ၏။ အဲ့ဒီလို ရဟန်းလို့ ဝန်ခံနေတဲ့ သင်ချစ်သားတစ်တွေဟာ သမဏ ဗြဟ္မဏ ရဟန်းဖြစ်ကြောင်းတရားတွေကို ကောင်းစွားဆောက်တည်ပြီး ငါတို့ ကျင့်ကြကုန်အံ့၊ ဒီလို ကောင်းစွာဆောက်တည်ထားမှသာလျှင် ဒီအမည်သညာသည် မှန်ကန်ပါလိမ့်မယ်။ သမဏလို့ ငါတို့၏ ဝန်ခံချက်ဟာလည်း ဟုတ်မှန်တဲ့ ဝန်ခံချက် ဖြစ်ပေလိမ့်မယ် တဲ့။

ဒကာ ဒကာမတို့၏ သင်္ကန်း ဆွမ်း ကျောင်း ဆေးဆိုတဲ့ ပစ္စည်းလေးပါးကို သုံးဆောင်နေကြတယ်။ တစ်ချို့ ဒကာ ဒကာမတွေဆို ဘယ်လောက်တောင် ရတနာသုံးပါးအပေါ် ကြည်ညိုကြသလဲဆို ယနေ့မှ ဝတ်တဲ့ ရှင်သာမဏေဘဲ ဖြစ်နေပါစေ ဝါတစ်ရာရ မထေရ်ကြီးကဲ့သို့ ရိုရိုသေသေ လုပ်ကျွေးပြုစု ထောက်ပံ့လှူဒါန်း ကြပါတယ်။

ဒီလို ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းနေတဲ့ ဒကာ ဒကာမတွေ ကြီးကျယ်ဖွံ့ဖြိုး များမြတ်တဲ့ အကျိုးများဖြစ်စေခြင်းငှာ သမဏ ဗြဟ္မဏ ဖြစ်ကြောင်းတရားတွေကို ကောင်းစွာ ဆောက်တည်ပြီး ကျင့်ကြံကြရမယ်။ မိမိအား ထောက်ပံ့လှူဒါန်းနေတဲ့ သူတွေ အကျိုးများစေချင်းငှာ ရဟန်းဖြစ်ကြောင်းတရားတွေကို ကျင့်ကြံပွားများ အားထုတ်ရမယ်။

အထူးသဖြင့် ဒကာ ဒကာမတွေ လှူဒါန်းနေတဲ့ နေ့စဉ်လှူနေတဲ့ ဆွမ်း၊ ဒီဆွမ်းအပေါ် ရိုသေလေးစားမှု ထားရပါမယ်။ ဆွမ်းအပေါ်မှာတောင် ရိုသေလေးစားမှု မရှိရင် ကျင့်ကြံကြိုးကုတ် အားထုတ်လိုတဲ့ စိတ်ထားတွေ သိပ်မရှိတော့ဘူး။ ဘယ်လိုကို ရိုသေလေးစားမှု ခေါ်သလဲ?၊ ဆွမ်းလှူတဲ့ သူလည်း အကျိုးရှိအောင်၊ စားသုံးနေတဲ့ မိမိတို့ဟာလည်း သမဏ ဗြဟ္မဏ ဖြစ်ကြောင်းတရားတွေဖြစ်တဲ့ မဂ်ဖိုလ်ရရှိအောင် ကျင့်ကြံနေထိုင်ခြင်းကိုပဲ ဆွမ်းအပေါ်ရိုသေလေးစားခြင်းလို့ ခေါ်ပါတယ်။

ဒကာ ဒကာမတွေပဲ အကျိုးသလားဆိုတော့ မဟုတ်ပါဘူး။ " ငါတို့ရဲ့ ရှင်ရဟန်းအဖြစ်ဟာလည်း မမြုံတဲ့ ရဟန်းအဖြစ် ဖြစ်ပေလိမ့်မယ်" တဲ့။ လောကမှာ အမြုံမ ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုခေါ်သလဲ?။ သား သမီးဆိုတဲ့ အသီးအပွင့်တွေ ပွင့်ထွန်းမလာတဲ့ ပုဂ္ဂိုလ်ကို အမြုံမ လို့ ခေါ်တယ်။ အလားတူဘဲ ဘုန်းကြီးတို့ သာသနာမှာ မြုံနေတဲ့ ရဟန်းတော်ကို ဘယ်လိုခေါ်လဲ?၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်လို့ အသီးအပွင့်တွေ မပေါ်ပေါက်သေးတဲ့ ရဟန်းတွေကို မြုံနေတဲ့ ရဟန်းတွေလို့ ခေါ်ပါတယ်။

ဒါဆို သမဏ ဗြဟ္မဏ ဆိုတဲ့ တရားတွေကို ကျင့်ကြံပွားများ အားထုတ်နေတဲ့ ရဟန်းတွေဟာ မဂ်ဉာဏ်ဖိုလ်ဉာဏ်ဆိုတဲ့ အသီးအပွင့်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ သမဏ ဖြစ်ကြောင်းတရား ဗြဟ္မဏ ဖြစ်ကြောင်းတရားလည်း မကျင့်ဘူး၊ မကျင့်တဲ့ ပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ မဂ်ဖိုလ်ဆိုတဲ့ အသီးအပွင့်တွေ ဝေဝေဆာဆာကြီး ဖြစ်ပေါ်မလာနိုင်ပါဘူး။

ဒီ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတဲ့ အသီးအပွင့်တွေ ဖြစ်ပေါ်မလာတဲ့ သမဏ ဗြဟ္မဏလို့ အမည်ခံနေသူအဖို့ မြုံနေတဲ့အဖြစ် ရောက်မသွားဘူးလား?၊ ရောက်သွားပြီ။ မြုံနေသူ မဖြစ်ရအောင် သင်ချစ်သားတို့ ကြိုးစားအားထုတ်ပါတဲ့။

နောက်တစ်ခုက သင်ချစ်သားတို့ ရဟန်းပြုတာ အကျိုးရှိရဟန်းပြုခြင်း ဖြစ်ပါစေတဲ့။ အကျိုးမရှိတဲ့ ရဟန်းပြုခြင်း မဖြစ်ပါစေနဲ့တဲ့။ ဘာအကျိုးလည်းဆိုရင်တော့ ဘုရားရှင်ရဲ့ တိုက်ရိုက်ဦးတည်ချက်ကတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ပါပဲ။

ဘုရားရှင်က တိုးတက်ကြီးပွားတဲ့ ရဟန်းဘဝ ဂုဏ်ကျေးဇူးတွေ ဖြစ်ပါစေတဲ့။ ဘယ်လို တိုးတက်ကြီးပွားရမလဲ?၊ သီလဖြစ် ဂုဏ်ကျေးဇူးဖြင့် တိုးတက်ကြီးပွားတယ်။ သမာဓိဂုဏ်ကျေးဇူးဖြင့် တိုးတက်ကြီးပွားတယ်။ ပညာ ဂုဏ်ကျေးဇူးတွေနဲ့ တိုးတက်ကြီးပွားတယ်။ ဝိမုတ္တိလို့ ခေါ်ဆိုအပ်တဲ့ ကိလေသာတို့မှ လွတ်မြောက်တဲ့ အရဟတ္တဖိုလ်ဂုဏ်ကျေးဇူးဖြင့် တိုးတက်ကြီးပွားတယ်။ ဝိမုတ္တိဉာဏဒဿနလို့ခေါ်ဆိုတဲ့ အရဟတ္တဖိုလ်ကို ပြန်လည်ဆင်ခြင်နိုင်တဲ့ ပစ္စဝက္ခဏာဉာဏ် ဂုဏ်ကျေးဇူးတွေဖြင့် တိုးတက်စည်ကားကြီးပွားတယ်။

အဲ့ဒီလို သီလ၊ သမာဓိ၊ ပညာ၊ ဝိမုတ္တိ၊ ဝိမုတ္တိဉာဏဒဿနဂုဏ်ကျေးဇူးဆိုတဲ့ ဒီဂုဏ်ကျေးတို့ဖြင့် သာသနာတော်မှာ တိုးတက်စည်ကား ကြီးပွားတဲ့သူတွေ ဖြစ်အောင် သင်ချစ်သားတို့ ကျင့်ကြံပွားများအားထုတ်ပါတဲ့။ ဒီလိုတိုက်တွန်းထားတယ်။ အနိမ့်ဆုံး သီလလေးတော့ ဖြူစင်နေဖို့ မကောင်းဘူးလား?၊ သိပ်ကောင်းပါတယ်။

ဒီလို တိုက်တွန်းတဲ့ ဦးတည်ချက်နှစ်ခု ရှိပါတယ်။ လှူဒါန်းထောက်ပံ့နေတဲ့ ဒကာ ဒကာမတွေမှာလည်း အကျိုးစီပွား တိုးတက်များမြတ်ကြပါစေ။ မိမိတို့ရဲ့ ရဟန်းဘဝဟာလည်း မြုံနေတဲ့ ရဟန်းဘဝမဖြစ်ပဲ မဂ်ဖိုလ်ဆိုတဲ့ အသီးအပွင့်တွေ ဝေဝေဆာဆာကြီး သီးပွင့်လာတဲ့ ရဟန်းဘဝ ဖြစ်ကြပါစေ။ ဒီလို ဦးတည်ချက်နှစ်ခုနဲ့ မြတ်စွာဘုရားရှင် တိုက်တွန်းထားပါတယ်။

"ဖားအောက်တောရဆရာတော် “
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment