Choose Fonts Here

Sunday, August 25, 2019



သရဏဂုံညစ်နွမ်းပျက်စီးကြောင်း(အပိုင်း)
•••••••••••••••••••••••••••••••••••••••••
အထက်ဆရာကြီးတွေနှင့်နတ်တွေကိုးကွယ်ဆည်းကပ်လို့အကျိုးယုတ်သွားပုံကိုထပ်ပြောပါမယ်။အဓိကဘာကိုအကျိုးယုတ်စေလဲ?မိမိတို့လိုလားတောင်းတအပ်တဲ့နိဗ္ဗာန်ချမ်းသာကိုအထွတ်ထားပြီးဆိုလိုချင်ပါတယ်။

ဒီအကြောင်းနဲ့ပါတ်သတ်လို့မုံရွာအထက်နားကဘုန်းကြီးနဲ့ရင်းနှ်ီးတဲ့ဆရာတော်တစ်ပါးရှိပါတယ်။သူကမနက်မိုးလင်းပြီဆိုဘုန်းကြီးကိုလာလာပြောပါတယ်။ညတုန်းကဓာတ်လုံးတွေလာလှူသွားတယ်၊ဆေးတွေလာလှူသွားတယ်။သူခဏခဏပြောပါတယ်။ဘုန်းကြီးကလည်းအခဲခတ်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်ခြင်းကြောင့်ဘာမှတော့မလျှောက်လိုက်ပါဘူး။နောက်တစ်ချိန်ဒီဆရာတော်တဲ့ဆက်မိပြန်တော့သူကကလေးမြို့ကလာတာဖြစ်တော့ကလေးမြို့မှာသူ့အကြောင်းတွေကိုဘယ်သူကဘာပြောနေတယ်ဆိုတာသူတရားထိုင်နေရင်လာလာပြီးပြောတယ်တဲ့။ကြည့်ပေါ့မိမိကသမာဓိကိုလိုချင်လို့ထူထောင်နေချိန်ဒီလိုနားတွင်းမှာခဏခဏလာပြီးပြောနေရင်ဒီသမာဓိသည်ပျက်ပြားမသွားနိုင်ဘူးလား?ပျက်သွားနိုင်ပါတယ်။ဝိပဿနာရှုနေစဉ်ဆိုလည်းဝိပဿနာဉာဏ်ကပျက်စီးသွားနိုင်ပါတယ်။

ဒါဟာသက်သက်အနှောက်အယှက်ပါ၊ဒါပေမယ့်ဒါကိုမိမိကသာယာနေတယ်၊ငါသည်အကြားအမြင်ရတယ်ဆိုပြီးမိမိကိုယ်ကိုမိမိကအထင်ကြီးလာပါတယ်၊ဒါကိုအကြောင်းပြုပြီးရှေ့ဆက်ပြီးဝိပဿနာပွားများဖို့တွန့်ဆုတ်သွားပါတယ်။ဒီအကြားအမြင်လေးကိုအခြေခံပြီးတော့ဟိုလူကလာမေးလိုက်ဟောလိုက်၊ဒီလူကလာမေးလိုက်ဟောလိုက်နဲ့၊ဝိပဿနာလမ်းကနေလောကီလမ်းဘက်ကိုပြောင်းသွားပြီ၊ဒီလိုလောကုတ္တရာလမ်းကပြောင်းအောင်မာရ်နတ်ရဲ့အသင်းအပင်းတွေကလှည့်ပါတ်နိုင်တဲ့စွမ်းအားရှိပါတယ်။

ဒါဆိုဘယ်လိုပုဂ္ဂိုလ်တွေကိုလှည့်ပါတ်နိုင်သလဲမေးရင်?ဂုဏ်တော်ကိုစနစ်တကျနဲ့ပေါ့လေအဓိဋ္ဌာန်နဲ့သာပွားအဲ့ဒီလိုအနှောက်အယှက်ကပေါ်တတ်ပါတယ်။ဘုန်းကြီးရဲ့ရင်းနှီးတဲ့မိတ်ဆွေအတော်ခပ်များများကိုသုတေသနပြုကြည့်ပါတယ်။ဂုဏ်တော်ကိုအဲ့ဒီလိုစနစ်တကျအလေးဂရုပြုပြီးပွားခဲ့မယ်ဆိုရင်ဒီလိုအနှောက်အယှက်တွေကပေါ်လာတတ်ပါတယ်။မိတ်ဆွေတစ်ဦးကပြောဖူးတယ်၊သူဂုဏ်တော်ကို(၄၉)ရက်အဓိဋ္ဌာန်ပြီးပွားကြည့်တာ(၁၅)ရက်အရက်(၂၀)ဝန်းကျင်လောက်ကျတော့အနားမှာဝတ်ဖြူစင်ကြယ်နဲ့ဒကာကြီးတစ်ယောက်ကလာလာထိုင်ပြီးတော့“ အရှင်ဘုရားဘာအလိုရှိလဲအရှင်ဘုရားအလိုရှိတာကိုတပည့်တော်ဆောင်ရွက်ပေးပါ့မယ်။တပည့်တော်ကိုအထက်ကအရှင်ဘုရားအလိုရှိတာကိုဆောင်ရွက်ပေးဖို့အမိန့်ချထားပါတယ်"တဲ့။

ဒီလိုသမာဓိလေးဖြစ်လာရင်အဲ့ဒီစကားလာပြောတယ်၊သမာဓိလေးဖြစ်လာရင်အဲ့ဒီစကားလာပြောတယ်။သမာဓိပျက်မသွားဘူးလား?ပျက်သွားတတ်တယ်။ဒါကြောင့်အဲ့ဒါကိုမိမိကအထင်ကြီးပြီးအဲ့ဒီဘက်လမ်းလိုက်လိုက်မယ်ဆိုရင်မိမိလိုချင်တဲ့လောကုတ္တရာလမ်းကဘေးကိုချော်သွားနိုင်ပါတယ်။ဒီလိုနားထဲလာလာကြားတာ၊အကြားအမြင်ရတယ်ဆိုတဲ့ပုံစံမျိုးကမိမိကိုယ်တိုင်လက်တွေ့မြင်တာလည်းမဟုတ်၊အတိအကျကြားတာလည်းမဟုတ်သူများပြောလို့တဆင့်အကြားသည်မှန်တာလည်းရှိချင်ရှိမယ်၊မှားတာမရှိနိုင်ဘူးလားရှိနိုင်ပါတယ်။မှားတာမှန်တာထားနိဗ္ဗာန်သွားတဲ့လမ်းနဲ့ဘာဆိုင်လဲ?ဘာမှမဆိုင်ပါဘူးနော်စဉ်းစားကြည့်ပါ။လမ်းလွဲသွားအောင်သာလာပြီးနှောက်ယှက်နေတဲ့အနှောက်အယှက်သာဖြစ်ပါတယ်။

နောက်တစ်ခုကတော့နာမည်ကျော်ဖြစ်တဲ့မနှဲလေးကြည့်စမ်း၊အဲ့ဒီမနှဲလေးကိုနိုင်ငံကျော်ဓမ္မကထိကဖြစ်တဲ့ဦးဉာဏိဿရကတော့ဘယ်ကနေသုတေသနပြုထားလည်းတော့မသိဘူးမနှဲလေးပေါ်လာတာနှစ်ပေါင်းရှစ်ရာကျော်လောက်ရှိသွားပြီတဲ့။လောကမှာအိုခြင်းတရား၊နာခြင်းတရား၊သေခြင်းတရားဆိုတာသတ္တဝါတိုင်းမှာမရှိဘူးလား?, ရှိပါတယ်။အဲ့ဒီမနှဲလေးကနှစ်ပေါင်းရှစ်ရာကျော်ပြီးသူအခုချိန်ထိအပျိုမဖြစ်သေးဘူး၊ကြည့်စမ်း..စဉ်းစားကြည့်...စဉ်းစားကြည့်။သူဝင်ပူးလာပြီဆိုအခုချိန်ထိအသံကကလေးပဲရှိသေးတယ်။စကားပြောလိုက်ရင်လည်းအခုထက်ထိမပီသေးဘူးတဲ့။ဘယ်တော့မှအပျိုမဖြစ်တဲ့မနှဲလေးလောကရှိတယ်ဆိုလည်းလူတွေမယုံဘူးလား?ယုံနေကြတယ်။လောကမှာအလိမ်ခံလူစားသည်အမြဲတမ်းရှိနေပါတယ်။လိမ်မယ့်သူသာလိုတယ်။ဒီတော့ဒီမနှဲလေးကိုကုန်းပြီးဝတ်ချလိုက်တော့အလွန်အဖိုးတန်နေတဲ့သရဏဂုံသည်ပျက်စီးသွားပါတယ်။

နောက်တစ်ခုဦးရှင်ကြီး၊ရေငံပိုင်တယ်တဲ့နော်။ဘုန်းကြီးတို့မြတ်စွာဘုရားတွေပွင့်လာတာပဲဒီကမ္ဘာမှာဘယ်နှစ်ဆူရှိပြီလဲလေးဆူရှိပြီ။ဒီတော့ဒီသမုဒ္ဒရာကိုအပိုင်စားပေးထားတာစာပေကျမ်းဂန်မှာမရှိခဲ့ဖူးပါဘူး။လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်ရာကျော်လောက်ကမှဆိုကြပါစို့ဖျာပုံနယ်ကမိန်းမလှကျွန်းဘက်ကိုသွားပြီးထင်းခုတ်တဲ့မောင်ရှင်ကြီးကသေတယ်ဆိုကြပါစို့၊သေပြီးနဲ့နောက်ဒီသမုဒ္ဒရာကြီးတစ်ခုလုံးကိုအပိုင်စားစားတယ်တဲ့။သူ့ကိုဘယ်သူကအပိုင်စားပေးတာလဲ?စဉ်းစားကြည့်စမ်း၊ရေငံဟူသမျှကိုသူကအကုန်ပိုင်တယ်တဲ့။ 

အဲ့ဒီတော့လူတွေကဒီအစွဲလေးကြောင့်ဘာလုပ်လဲရေငံပိုင်နေတဲ့ဦးရှင်ကြီးကိုမကန်တော့ရရင်ဒီလှေထွက်ရဲလား?မထွက်ရဲတော့ဘူး၊ဟော့ဖြစ်ပြီနော်။ဦးရှင်ကြီးမကန်တော့လည်းပုဂ္ဂိုလ်တွေဟာသူ့ရဲ့ကံအကြောင်းကြောင့်အန္တရာယ်တွေ့ထိုက်ရင်တွေ့ကြရတာပါပဲ။ဦးရှင်ကြီးမကန်တော့တဲ့နိုင်ငံခြားကသင်္ဘောကြီးတွေပင်လယ်ထဲမှာအကြီးအကျယ်ရှုတ်နေတာဘဲ။တစ်ခါမှအဲ့သင်္ဘောကြီးတွေဦးရှင်ကြီးကိုမကန်တော့ပါဘူး။သူတို့လည်းအန္တရာယ်တွေ့ချင်တဲ့အခါတွေ့မယ်၊မတွေ့တဲ့အခါမတွေ့ပါဘူး။ဒီလိုဆိုဒီဦးရှင်ကြီးကသူဖမ်းမယ်ဆိုလည်းဒီမြန်မာပြည်ကလှေအစုတ်အနုတ်လေးတွေကိုဘာဖြစ်လို့ဖမ်းနေလဲ၊တကယ့်နိုင်ငံခြားကသင်္ဘောအကြီးကြီးတွေသူဖမ်းဖို့မကောင်းဘူးလား?စဉ်းစားဖို့ကောင်းတယ်နော်။

ဒီတော့ပြောချင်တာကရေငံပိုင်တဲ့ပုဂ္ဂိုလ်တဲ့သူ့ကိုဘယ်သူကရေငံကိုအပိုင်စားပေးတာလဲ?စာမှာလာတာကတော့၊ဟိုဇနကဇာတ်လိုပေါ့မေခလာနတ်သမီးကိုသမုဒ္ဒရာမှာကယ်သင့်ကယ်ထိုက်တဲ့ပုဂ္ဂိုလ်တွေကိုကယ်တင်စောင့်ရှောက်ပေးရန်အတွက်နတ်မင်းကြ်ီးတွေကစောင့်ရှောက်ဖို့တာဝန်ပေးထားတာတော့ရှိပါတယ်။သူ့ကိုအပိုင်စားပေးထားတာတော့မဟုတ်ပါဘူး။သမုဒ္ဒရာထဲမှာအကြောင်းမညီညွတ်လို့ပျက်စီးသွားတဲ့သူတော်ကောင်းတွေကိုမပျက်စီးရအောင်စောင့်ရှောက်ပေးဖို့ရန်အတွက်တာဝန်ပေးချင်းမျှသာဖြစ်ပါတယ်။ပိုင်တယ်လို့မလာပါဘူး။

အခုတော့ဦးရှင်ကြီးကသူကိုမကန်တော့ပဲရေထဲသွားရင်ဘာဖြစ်တော့မလိုညာဖြစ်တော့မလိုလိုနဲ့ဖြစ်နေကြတယ်။ဒီတော့ဒီလိုဖြစ်မှာကိုကြောက်ပြီးတော့လူတွေကဒီဦးရှင်ကြီးကိုဝင်ပြီးတော့ကန်တော့ကြတယ်။ကန်တော့လိုက်တာနဲ့မူလအဖိုးတန်နေတဲ့သရဏဂုံသည်ပျက်စီးမသွားဘူးလား?ဘာလို့ကန်တော့သလဲ၊ဒီကန်တော့နေတဲ့ပုဂ္ဂိုလ်သည်ပင်လယ်ထဲသွားရင်ဒီဦးရှင်ကြီးသည်မိမိ၏ကိုးကွယ်အားထားရာဖြစ်တယ်လို့ယုံကြည်ချက်ရှိမနေဘူးလားရှိနေတယ်။

ရတနာသုံးပါးရဲ့ပြင်ပကပုဂ္ဂိုလ်တွေကိုကိုးကွယ်အားထားရာအဖြစ်နဲ့အလွန်အမင်းရိုသေစွာရှိခိုးခဲ့ရင်လည်းမူလောက်ဆောက်တည်ထားတဲ့သရဏဂုံသည်အလိုလိုပျက်စီးမသွားဘူးလား?ပျက်စီးသွားပါတယ်။ဒါကအသိဉာဏ်အားနည်းလို့လို့ဘုန်းကြီးကသဘောပေါက်ပါတယ်။ဒီလိုကြောင်းကြောင့်အလွန်အဖိုးတန်နေတဲ့သရဏဂုံဟာမပျက်စီးသင်ဘဲနဲ့ပျက်စီးသွားရပါတယ်။ 

[ရတနာသုံးပါးကိုကိုးကွယ်ဆည်းကပ်လို့ရရှိမည့်အကျိုးကျေးဇူးနှင့်သရဏဂုံဘာကြောင့်ညှိုးနွမ်းပျက်စီးရပါသလဲဆိုတာဆက်လက်ဖော်ပြပါမည်။]

"ဖားအောက်တောရဆရာတော်"
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/

http://bhikkhudhamma.blogspot.com/

No comments:

Post a Comment